တခြား သရုပ်မှန် ရှိသေးတယ်မလား
Vol. 28 Ch. 419
ကားလ်မှာ ရုတ်တရက် သူ့ခေါင်းပေါ် ပြဿနာများ ကျလာမည်ဟု မထင်ထားမိချေ။
အမှု လိမ်ဆင်ခြင်း၊ တရားမဝင် ကွန်ယက် ခိုးဝင်ခြင်တို့ကို ကြားသည်နှင့် ပထမဆုံးအတွေးမှာ သူ ထိုအမှုများ ကျူးလွန်ခဲ့ခြင်း မှန်သော်လည်း သူလျှိုတော့ မလုပ်ခဲ့ဟု တွေးပါသည်။
“ခင်ဗျားတို့ လူမှားနေပြီ”
“သက်သေလည်း မရှိဘူးမလား။ အခုချက်ချင်း လွှတ်ပေး”
“ဘယ်သူက တိုင်တာလဲ။ မှားယွင်းစွပ်စွဲမှုနဲ့ အဲ့လူကို ပြန်တရားစွဲပစ်မယ်”
ကားလ် လမ်းတစ်လျှောက်လုံး ထိုသို့ အော်ဟစ်ရင်း ပါလာသည်။
သို့သော် ဟူတာချန်းမှာ အတွေ့အကြုံရှိသော စုံထောက်တစ်ဦးဖြစ်၍ ထိုသို့ အပြစ်ကင်းသလို ငိုကြွေးမှုများကို ရိုးနေလေပြီ။
ကားလ် မည်မျှ အော်ဟစ်နေပါစေ ရဲစခန်းမှ စစ်ဆေးရေးအခန်းသို့ ရောက်သွားကြ၏။
၇၂၀ ကုမ္ပဏီနှင့် ရဲစခန်းမှာ အရမ်းမဝေးသောကြောင့် အချိန်သိပ်မကြာလိုက်ပေ။
ကားလ်မှာ လက်ထိပ်ခတ်လျက် ထိုင်ခုံတွင် ထိုင်နေပြီး အသားအရည် ဖြူဖျော့လျက် သွေးမရှိသလို ဖြစ်နေသည်။
ကျွီ…
ဟူတာချန်းမှ ပြင်ဆင်စရာများ ပြင်ဆင်ပြီးနောက် အခန်းထဲ ဝင်လာကာ ကားလ်ကို စိုက်ကြည့်နေလေ၏။ သူ့ဘေးတွင် ဘာသာပြန်၍ မှတ်စုရေးရန် ဝန်ထမ်းအငယ်လေးတစ်ဦး ပါလာသည်။
“နာမည်”
ဟူတာချန်းမှ ထုံးစံအတိုင်း ကိုယ်ရေးအချက်အလက်များ စစ်မေးရင်း စတင်လိုက်၏။
ကားလ် မတတ်သာတော့ဘဲ ၇၂၀ ကုမ္ပဏီသို့ ဝင်စဉ်က အချက်အလက်များသာ ပြောပြလေသည်။ ယုချင်းနှင့် သူတို့လို လူများမှာ လျှို့ဝှက်အချက်အလက် သီးသန့်ထားရှိပြီး အမှန်အတိုင်း မပြောတတ်ကြချေ။
သို့သော် ဟူတာချန်းမှ
“ဒါ့အပြင် တခြား သရုပ်မှန် ရှိသေးတယ်မလား”
ကားလ်မှာ မီးရောင်မှိန်ပျပျအောက်တွင် ခေါင်းငုံ့လျက် ဟူတာချန်း၏ စစ်ဆေးခြင်းကို ခံနေရသည်။
လွတ်မြောက်ရန်လား။
ယခုအချိန်တွင် သေချင်သူသာ ထွက်ပြေးရန် ကြိုးစားပေလိမ့်မည်။
သူ စိတ်တည်ငြိမ်အောင် ထိန်း၍ နှလုံးခုန်သံကို ပြန်နားထောင်ရင်း
“ဆရာရယ် ကျွန်တော့်အကြောင်း အကုန် ပြောပြပြီးပြီပဲ။ အားလုံး အမှန်အကန်တွေပါ”
ဟူတာချန်း ပြုံး၍ စိတ်ရှည်စွာဖြင့်
“အဲ့လိုလား”
“အဲ့တာကို သံသယရှိနေသေးရင်လည်း သံရုံးကို ဆက်သွယ်ပြီး ဖိုင်တွေ တောင်းပေးလို့ရတယ်”
ကားလ် အေးစက်စက် ပြောလိုက်၏။
“ဟား”
ဟူတာချန်းမှာ အားရပါးရ ရယ်မောနေသည်။
ထို့နောက် အချက်အလက်များပါသော A4 စာရွက်အား ထုတ်၍ ဟူတာချန်းမှာ သူ့အနား ရောက်လာ၏။
“တွေ့ရတာ ဝမ်းသာပါတယ်။ ထိပ်တန်းဟက်ကာကြီး မစ္စတာ ကားလ်”
သူ့အသံမှာ အရမ်းမကျယ်သော်လည်း ကားလ် သွေးကြောများ ထောင်ထ၍ တုန်လှုပ်သွားမိသည်။
သူမျက်နှာ ချက်ချင်းပျက်ကာ
“ဘာတွေ ပြောနေတာလဲ။ နားမလည်ဘူး”
“နားမလည်လည်း ကိစ္စမရှိပါဘူး။ ဒီစာရွက်ကိုသာ ဖတ်ကြည့်လိုက်”
ထို့နောက် ဟူတာချန်းမှ ဖိုင်တစ်ခု ပြလိုက်သည်။
ကားလ် ငုံ့ကြည့်လိုက်သောအခါ စာရွက် ညာဘက်ထိပ်တွင် သူ့ဓာတ်ပုံရှိပြီး ဘယ်ဘက်အခြမ်း၌ နာမည်၊ လိင်အမျိုးအစား၊ အသက်၊ မွေးနေ့၊ ပညာရေး၊ အလုပ်အတွေ့အကြုံ စသဖြင့် အသေးစိတ် မှန်ကန်နေသည်။
ကားလ် ဖတ်နေရင်း မျက်မှောင်ကြုတ်ထားမိ၏။
ထိပ်တန်းဟက်ကာမှာ ရုတ်တရက် ဖော်ထုတ်ခံလိုက်ရလေသည်။
AW အဖွဲ့ဝင်ဖြစ်ကြောင်းလည်း ပါဝင်၏။
“ဘာပြောချင်တာ ရှိသေးလဲ”
ဟူတာချန်း၏အသံမှာ ရုတ်တရက် တိတ်ဆိတ်မှုကို ထိုးဖောက်လိုက်သည်။
ကားလ်မျက်နှာမှာတော့ အတော်လေး ရှုပ်ထွေးနေပုံ ပေါ်၏။
ရုပ်ပျက်ခြင်း၊ နားမလည်နိုင်ခြင်း၊ ထိတ်လန့်ခြင်း၊ ရှုံးနိမ့်ခြင်း၊ တုန်လှုပ်ခြင်း… အားလုံး ရှိနေသည်။
သူ မျက်မှောင်ကိုသာ ကြုတ်လျက် စွံ့အနေ၏။
ပြောစရာစကားမရှိခြင်းထက် အမှုမှာ မှန်နေသောကြောင့် မပြောနိုင်တော့ခြင်းပင်။
တရားခံအများစု စစ်ဆေးရေးအခန်းထဲတွင် ဖိအား ခံစားရသည်မှာ ရဲဝန်ထမ်းကြောင့် မဟုတ်ဘဲ ကိုယ်တိုင် ကျူးလွန်ခဲ့သော အပြစ်များကြောင့် ဖြစ်၏။
ချက်ချင်း ဝန်ခံသည့် အချို့ဝန်ခံချက်များမှာတော့ ချွင်းချက် ဖြစ်ပါသည်။
ထိုအခြေအနေများမှာ ခိုးမှု၊ လောင်းကစား၊ မူးယစ်ဆေးတို့နှင့် ပတ်သက်သူများ ဖြစ်သည်။
ကားလ်မှာ ထိုပုဂ္ဂိုလ်မျိုး မဟုတ်ပေ။ စိတ်ဓာတ်မာ၍ ‘စကားများများပြောလေ အမှားများများ ပါလေ’ ဟူသော ဆိုရိုးကို နားလည်ပါသည်။ ထို့ကြောင့် သက်သေ ထုတ်ပြနေသည့်တိုင် တင်းခံနေ၏။
“ကောင်းပြီ”
ဟူတာချန်း သူ့ကို စိုက်ကြည့်၍
“မင်းကြည့်ရတာ စစ်ဆေးရေးလုပ်ငန်းစဉ်ကို တော်တော် နားလည်နေတဲ့ပုံပဲ”
ကားလ် လုံးဝ တိတ်ဆိတ်နေ၏။
ဟူတာချန်း စကားလမ်းကြောင်းလွှဲကာ
“ဒါပေမဲ့ မင်းရဲ့ ပြိုင်ဘက်ကတော့ မင်းအကြောင်းကို ပိုသိတယ်နော်။ မင်း AW က ကားလ်ဆိုတာကို ဝန်မခံရင်လည်း ကိစ္စမရှိဘူး။ ဒီမှာကြည့်လိုက်”
အချက်အလက်များစွာ ပြွတ်သိပ်နေသော စာရွက်တစ်ရွက်ကို ထပ်ပြလာသည်။
ကားလ် မသိချင်ယောင်ဆောင်၍ ကြည့်လိုက်ပြီး အမူအရာကို ထိန်းထားသော်လည်း စိတ်ထဲ၌ ဆူနာမီ ဝင်သကဲ့သို့ အလွန် ဝုန်းဒိုင်းကျဲနေ၏။
သူ့ကွန်ပျူတာ အသုံးပြုမှုမှတ်တမ်း ဖြစ်သည်။
မည်သည့်အချိန်တွင် ဖွင့်သည်၊ ပိတ်သည်၊ မည်သည့် ဆော့ဖ်ဝဲလ် သုံးသည်၊ မည်သည့် ဝက်ဘ်ဆိုဒ်ကို ကြည့်သည် စသဖြင့် စုံလွန်း၏။
အဆိုးဆုံးမှာ အန်လင်းမြို့တော်ဝန်ရုံးကွန်ယက်ထဲ ခိုးဝင်ထားခြင်းပင်။
ကားလ်မှာ ငုံ့ကြည့်ရင်း လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေတော့သည်။