သူက ဘာလို့လဲ
Vol. 29 Ch. 422
သို့သော် ဒုတိယအလှည့် ထိပ်တိုက်တွေ့ဆုံခြင်း၌ ပို၍ အင်အားကောင်းလာ၏။
ဆာနီယာလက်နက်ကုမ္ပဏီ၏ ချေပမှုသည် အစပိုင်းတွင် သက်လတ်ပိုင်း အမျိုးသားကြီးကဲ့သို့ ကြံ့ခိုင်သန်မာသော်လည်း ရန်သူ၏ ဓားသွားကို တွေ့လိုက်သောအခါ ဒုတိယပိုင်းတွင် အားကုန် တုန်လှုပ်၍ ကျသွားတော့သည်။
ဒုန်း!
နောက်ထပ် တူအသံ ထပ်ကြားရ၏။
တရားသူကြီးမှာ မတ်တပ်ရပ်လာပြီး ကြည်လင် ပြတ်သားစွာ ပြောလိုက်သည်။
“ဒီအမှုကို တရားရုံးကနေ အတိအကျ စစ်ဆေးပြီးတဲ့အခါ ယခုလိုအချက်တွေကို တွေ့ရပါတယ်…”
သူ့စကားမှာ အလွန်ရှည်နေ၏။
အဓိကအကြောင်းအရင်းမှာတော့ ဆာနီယာမှ သက်သေများမှာ မလုံလောက်ဘဲ လင်းချွမ်၏ သက်သေသည် အားကောင်းပြင်းထန်သောကြောင့် လင်းချွမ်ကို အပြစ်မှ လွတ်စေ၍ ဆာနီယာမှ တရားခွင် ကုန်ကျစရိတ်များ ကျခံရမည် ဖြစ်သည်။
တစ်ဖက်တွင် ဝူကျန်းတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် သူ့သူငယ်ချင်းအဖွဲ့ထဲ စာပို့လိုက်၏။
“ငါ့ကောင်တို့ ကြွားတာတော့ မဟုတ်ပေမဲ့ ဒီနေ့ အမှုတစ်ခုကို ဘာမှ အရမ်းမပြောလိုက်ရဘဲ နိုင်သွားပြီကွ”
ထိုအခါ သူငယ်ချင်းများအားလုံး ချီးကျူးအားပေးကြလေသည်။
ဝူကျန်းလည်း ဝမ်းသာအားရ တရစပ် အတွေ့အကြုံများကို ပြောပြနေ၏။
သူ့အကြည့်တစ်ချက်ဖြင့် တစ်ဖက်အဖွဲ့ မည်သို့ ဖြုံသွားသည်လည်း ပါသည်။
တရားရုံးတွင် အမှန်ပင် အကြည့်များလည်း အရေးကြီး၏။
လင်းချွမ်၏ တရားခွင်အမှု ပြီးဆုံးသွားသော်လည်း အခြားတစ်ခု ထပ်ပေါ်လာသည်။
တရားရုံးအပြင်ဘက်၌ မီဒီယာနှင့် သတင်းထောက်များစွာ စောင့်နေပြီး အန်လင်းမြို့ သတင်းတိုက်များအပြင် နိုင်ငံတကာမီဒီယာများပါ ပါဝင်၏။
ယခုအချိန်တွင် ထိုအမှုမှာ နာမည်အကြီးဆုံး ဖြစ်နေပြီး ဘာသာပြန်များနှင့်ပင် ပြည့်ကာ မည်သူမျှ အလွတ်မခံနိုင် ဖြစ်လေ၏။
လင်းချွမ်တို့အဖွဲ့ကို တွေ့သည်နှင့် သတင်းထောက်များ လှုပ်ရှားလာပြီး
“မစ္စတာလင်းချွမ် မေးခွန်းလေး မေးလို့ ရမလား”
“မစ္စတာလင်းချွမ်က…”
သူတို့မိုက်များမှာ လင်းချွမ်မျက်နှာရှေ့ ရှုပ်ထွေးနေသည်။
လင်းချွမ် ထိုအခြေအနေမျိုးကို ပထမဆုံး ကြုံဖူးခြင်း ဖြစ်၏။
ထို့နောက် မိုက်တစ်လုံးကို ယဉ်ကျေးစွာ လှမ်းယူလိုက်ပြီး ပြုံးလျက်
“ဒီအမှုကိစ္စကိုတော့ ဘာမှ မပြောချင်ပါဘူး။ ကျွန်တော့်ဝတ္ထုကိုသာ ဝင်ဖတ်ပြီး subscribe လုပ်ပေးပါ”
သို့သော် သတင်းထောက်များမှာ ထိုမျှနှင့် မကျေနပ်ဘဲ ဆက်မေးနေကြသေး၏။
လင်းချွမ် ခဏစဉ်းစား၍
“နောက်ပြီးတော့…”
“နောက်ပြီး ဘာဖြစ်လဲဗျ”
သတင်းထောက်လေး၏ မျက်လုံးအရောင် လက်ကာ လှမ်းကြည့်နေသည်။
လင်းချွမ် ပြုံးရွှင်လျက်
“နောက်ပြီး ကျွန်တော် ဒီည ဟော့ပေါ့ သွားစားမှာလို့”
လင်းချွမ် ထိုသို့ဖြေ၍ ရုန်းထွက်သွားလေသည်။
ဒါပဲလား။
သတင်းထောက်များ စွံ့အ၍ ကျန်ခဲ့၏။
ဘယ်လိုခေါင်းစဉ်တပ်ပြီး ရေးရမှာလဲ။
ထိုစဉ် မျက်နှာငယ်ဖြင့် အဖမ်းခံထားရသော နိုင်ငံခြားသားကို တွေ့ရလေသည်။
“စတိဗ်လား”
သတင်းထောက်မလေး၏ မျက်လုံးအရောင်လက်ကာ
“အွန်လိုင်းစာရေးဆရာကနေ နည်းပညာ ခိုးယူတဲ့အမှုမလား။ ဘာလို့ သူက အဖမ်းခံရတာလဲ”
သူ တရားခွင်ထဲ မဝင်သေးသည့် စတိဗ်ကို မေးခဲ့ဖူးပါသည်။
ထိုအချိန်က စတိဗ်မှာ ယုံကြည်ချက်အပြည့်ဖြင့် အောင်မြင်မည့်ပုံ ဖြေခဲ့လေ၏။
“ဒီမှာ ဒီမှာ”
သတင်းထောက်မလေး အမြန်ပြေးသွားပြီး
“ဒီမှာရှင့် မင်္ဂလာပါ ကျွန်မက အန်လင်းနေ့စဉ် သတင်းစာတိုက်က အန်ယန်းပါ။ စတိဗ် အဖမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းလို့ ရမလား”
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး သူ့ကို လှည့်ကြည့်လာ၏။
“ရပါတယ်”
အန်ယန်းမှာ အရမ်းမမျှော်လင့်ထားသော်လည်း ခေါင်းဆောင်ဖြစ်သူမှ အင်တာဗျူးကို လက်ခံလိုက်သောကြောင့် မျက်နှာလေး ဝင်းလက်သွားသည်။
“ဆရာ အလုပ်ရှုပ်နေတဲ့ကြားက လက်ခံပေးတာ ကျေးဇူးပါနော်။ စတိဗ်က တရားစစွဲခဲ့ပေမဲ့ ဘယ်လို ပြစ်မှုတွေထဲ ပါနေလို့ အဖမ်းခံရတာလဲရှင့်”
ထိုစဉ် အခြား သတင်းထောက်များလည်း ဝိုင်းအုံလာကြသည်။
ထိုခေါင်းဆောင်မှ
“ဆာနီယာလက်နက်ကုမ္ပဏီက အမျိုးသား လက်နက် ရှာဖွေရေးအဖွဲ့ကွန်ယက်ထဲ ခိုးဝင်ခဲ့တယ်ဆိုတဲ့ သက်သေ တွေ့လို့ပါ။ စစ်ဆေးမေးမြန်းဖို့ စတိဗ်ကို ခေါ်သွားရပါမယ်”
အခြေအနေ ထိုသို့ လုံးဝ ပြောင်းလဲသွားမည်ဟု မည်သူမျှ မထင်ထားပါ။
သူ့အဖြေကြောင့် အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
ရုတ်တရက် ပေါက်ကွဲသံကြီး ကြားလိုက်ရသလိုပင်။
လင်းချွမ်နှင့် ဆာနီယာကြား တရားခွင်မှ အမျိုးသား လက်နက် ရှာဖွေရေးအဖွဲ့နှင့် ဆာနီယာတို့၏ တရားခွင်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်၏။
ဆာနီယာ စုံစမ်းရင်း အပြစ်ကြီးများ ပိုပေါ်လာနိုင်သည်။
အန်ယန်း ရင်တဒိတ်ဒိတ်ခုန်၍ စိတ်လှုပ်ရှားကာ အင်တာဗျူး ဆက်လုပ်ချင်သော်လည်း ခေါင်းဆောင်မှ မိုက်ပြန်ပေး၍ ကားထဲ ဝင်သွားလေပြီ။
ဤသို့ဖြင့် ထိုသတင်းမှာ နေ့တွင်းချင်း အလွန် ပေါက်သွားတော့၏။
အမျိုးသား လက်နက်ရှာဖွေရေးအဖွဲ့မှ ကိုယ်တိုင် ဆာနီယာကုမ္ပဏီအား စစ်ဆေးနေပြီး လင်းချွမ်နှင့် ပတ်သက်နေသေးလား။
သတင်းထောက်မလေး အန်ယန်းသည် အမှုကို ပိုစိတ်ဝင်စားလာပြီး အတွင်းကျကျ ဖော်ထုတ်ချင်လာသည်။