သတင်းဆိုးများ
Vol. 29 Ch. 424
ယုချင်း ဆက်မေးလိုက်၏။
“ဘာဖြစ်တာလဲ။ မြန်မြန်ပြောပါ။ လင်းချွမ်က အယူခံ ဝင်လို့လား”
ရုတ်တရက် သူ့အပြုံးရပ်တန့်ကာ မျက်မှောင်ကြုတ်မိ၏။ ထို့နောက် လူးကပ်စ်ဘက်သို့ ဖြည်းဖြည်းချင်း လှည့်လာသည်။
လူးကပ်စ် ပြုံး၍ စောင့်နေသော်လည်း ယုချင်းအကြည့်ကြောင့် တစ်ခုခု ထူးဆန်းမှန်း သိလိုက်၏။
“ယု ဘာလို့လဲ”
“ငါတို့ ရှုံးသွားပြီ”
ယုချင်း ပါးစပ်အဟောင်းသားဖြင့် ပြောလိုက်မိသည်။
“ဟင်”
လူးကပ်စ် မျက်လုံးပြူးလျက် နားကြားလွဲသည် အမှတ်ဖြင့် ထပ်မေးလိုက်၏။
“ရှုံးသွားတာလား”
ယုချင်း ပြန်မဖြေဘဲ စိတ်ရှုပ်ထွေးစွာ ထိုင်နေသည်။
“ဘယ်လိုလုပ် ရှုံးတာလဲ”
လူးကပ်စ် ထပ်မေးပြန်သည်။
“အန်လင်းတရားရုံးက နိုင်ငံတကာ အမြင်တွေကိုတောင် ဂရုမစိုက်ဘဲ ပေါ်တင်ကြီး လင်းချွမ်ကို ကာကွယ်ပေးလိုက်တာလား။ ဒါ အပြစ်ကြီးနော်”
အစတည်းက သူတို့အဖွဲ့မှာ ငွေအင်အား သုံး၍ လင်းချွမ်သတင်းများဖွရန် ခိုင်းထားခဲ့သည်။ ထိုအခါမှ တရားခွင်အချိန်တွင် ပြည်တွင်း ပြည်ပအားလုံးမှ အာရုံစိုက်ခံရမည် ဖြစ်သည်။
သို့သော် ယခုတော့။
ရှုံးနိမ့်သည့် သတင်းသာ ကြားရ၏။
လူးကပ်စ် လုံးဝ မယုံကြည်နိုင် ဖြစ်နေသည်။
ဒေါက် ဒေါက် ဒေါက်။
ရုံးခန်းထဲတွင် နှစ်ယောက်သား တိတ်ဆိတ်၍ ဘာမှမပြောနိုင် ဖြစ်နေချိန်တွင် အလောတကြီး တံခါးခေါက်သံကို ကြားရ၏။
အပြင်ဘက်တွင် ရုံးပုံစံ စမတ်ကျကျ ဝတ်ဆင်ထားသော အတွင်းရေးမှူးလေးမှာ ဆွဲဆောင််မှုရှိသလောက် မျက်နှာလေး ညှိုးနွမ်းနေ၏။
သို့သော် လူးကပ်စ်မှာ ဒေါသတကြီးဖြင့် ပြန်ဟောက်လိုက်သည်။
“ငါ အလုပ်ရှုပ်နေတာ မတွေ့ဘူးလား”
“မန်နေဂျာ အရေးကြီးလို့ပါ”
အတွင်းရေးမှူးလေးမှာ သူ့အမူအရာကို ဂရုမစိုက်နိုင်ဘဲ ဆက်ပြော၏။
သူ ထိုသတင်းကို အချိန်မီ မတင်ပြနိုင်လျှင် ယခု အဆူခံရသည်ထက် ပိုဆိုး၍ အလုပ်ပင် အဖြုတ်ခံရနိုင်သည်။
“ဘာလဲဟာ မြန်မြန်ပြော”
လူးကပ်စ် စိတ်မရှည်စွာ ပြောလိုက်၏။
“ဟို ဟို စတိဗ်အကြောင်းပါ”
အတွင်းရေးမှူးမလေးမှာ စိတ်လှုပ်ရှားစွာဖြင့်
“တရားခွင်ပြီးတော့ စတိဗ် အဖမ်းခံလိုက်ရပါတယ်”
“ဘာ”
ယုချင်းရော လူးကပ်စ်ပါ လန့်ဖျပ်၍ သူ့ကို လှည့်ကြည့်ကြသည်။
အတွင်းရေးမှူးလေး တစ်ချက် တွန့်သွားကာ
“စတိဗ်ကို ရဲတွေ ဖမ်းသွားလို့ပါ”
ယုချင်း အတွင်းရေးမှူးလေးထံ ရုတ်တရက် ထသွား၍ ရှန်ပိန်ခွက်များအား တိုက်မိကာ ဖန်ခွက်များ ကွဲကုန်လေသည်။
ထို့နောက် အတွင်းရေးမှူးလေးအား ကြည့်၍
“ဒါကို ဘယ်က သိလာတာလဲ”
လူးကပ်စ် ချက်ချင်း အနားရောက်လာပြီး
“မင်း သေချာပြောစမ်း။ အသေးစိတ်ကိုပြော”
အတွင်းရေးမှူးမလေးမှာ ကြောက်လန့်စွာဖြင့် လက်ထဲမှ တက်ဘလက်အား လှမ်းပေးသည်။
“ဒီ ဒီမှာပါ”
လူးကပ်စ် ယူကြည့်လိုက်သောအခါ တက်ဘလက်တွင် ဗီဒီယိုတစ်ခု ပွင့်နေသည်အား တွေ့ရ၏။
ယုချင်းလည်း ထိုဗီဒီယိုကိုသာ အာရုံစိုက်နေမိသည်။
ဗီဒီယိုထဲ၌ အဝါရောင်စာလုံးများဖြင့် အွန်လိုင်းစာရေးဆရာ၏ စွပ်စွဲခံရသော အမှုမှ တရားလိုကို ရုတ်တရက် ထိန်းသိမ်းလိုက်ခြင်းဟု တွေ့ရ၏။
ထိုအနောက်၌ ဗီဒီယိုပါဝင်သည်။
တက်ကြွသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးသည် ရဲကားအရှေ့တွင် ရပ်လျက် အန်လင်းနေ့စဉ် သတင်းတိုက်၏ မိုက်ကိုကိုင်ကာ ရှိနေသည်။
ထို့နောက် မိန်းကလေးတစ်ဦး၏အသံ ထွက်လာ၏။
“ကျွန်မက အန်လင်းနေ့စဉ်သတင်းတိုက်ရဲ့ အန်ယန်းပါ။ စတိဗ် အဖမ်းခံရတဲ့အကြောင်းလေး မေးလို့ရမလားရှင့်”
“ရပါတယ်”
“အလုပ်ရှုပ်နေတဲ့ကြားက လက်ခံဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စတိဗ်က ဒီအမှုမှာ တရားလို ဖြစ်နေရာကနေ ဘာပြစ်မှုတွေများ ကျူးလွန်ခဲ့လို့လဲရှင့်”
ရဲဝန်ထမ်းမှ ပြုံးလျက်
“ဆာနီယာလက်နက်ကုမ္ပဏီက AW ဟက်ကာအဖွဲ့နဲ့ ပူးပေါင်းပြီး အမျိုးသား လက်နက် ရှာဖွေရေးအဖွဲ့ရဲ့ ကွန်ယက်ထဲ ခိုးဝင်ခဲ့တယ်လို့ သံသယရှိပါတယ်။ အဲ့တာကြောင့် စတိဗ်ကို စစ်ဆေးဖို့ ထိန်းသိမ်းထားတာပါ”
ဗီဒီယိုမှာ ထိုမျှသာ ဖြစ်သည်။
ယုချင်းမျက်လုံးများ လူးကပ်စ်ထံ ရောက်သွား၏။
လူးကပ်စ်လည်း ယုချင်းကို ငေးကြည့်နေမိသည်။
ဆာနီယာက နည်းပညာ ချိုးဖောက်ခဲ့တာလား။
ဒါက။
ဘာတွေလဲ။
ယုချင်း တက်ဘလက်ကို ဆုပ်ကိုင်ရင်း ဗီဒီယိုကို ခဏခဏ ကြည့်နေမိသည်။ သို့သော် မည်မျှကြည့်ပါစေ အိပ်မက်တစ်ခုဟုသာ ထင်နေ၏။
အဖြစ်အပျက်မှာ အလွန်မြန်ဆန်လွန်းသည်။
လွန်ခဲ့သော (၂) မိနစ်ကပင် လင်းချွမ်ကို ရန်သူအဖြစ် သတ်မှတ်၍ အနိုင်ရတော့မည်ဟု တွေးနေခဲ့သည်။
သို့သော် ယခုအခါ။
ဖုန်းတစ်ခု ဝင်လာပြီး ဗီဒီယိုတစ်ခုကို တွေ့ရ၏။
ယုချင်း တစ်ကိုယ်လုံး မီးများတောက်သကဲ့သို့ ပူလောင်ကာ အားအင်ချိနဲ့သွားသည်။
အသက်ပင် မနည်းရှူနေရလေသည်။
မဟုတ်လျှင် ချက်ချင်း နှလုံးခုန်ရပ်သွားတော့မလို ခံစားရ၏။
သူ တက်ဘလက်ကိုကိုင်ရင်း စားပွဲရှေ့သို့ မနည်း လျှောက်လာကာ ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။
လူးကပ်စ်လည်း စိတထဲ၌ ရှုပ်ထွေးကာ အတွေးများနေ၏။ ဘာမှ သေချာ မတွေးနိုင်တော့ချေ။
ရုတ်တရက်။
သူ တစ်ခုခုကို တက်နင်းမိကာ ခြေချော်၍ အရှိန်ပြင်းပြင်း လဲကျသွား၏။
ဒုန်း!
ဒူးထောက်၍ ကျသော်လည်း ကံကောင်းစွာဖြင့် စားပွဲကို လှမ်းကိုင်လိုက်နိုင်သောကြောင့် ခေါင်းမထိသွားပေ။
မဟုတ်လျှင် ယခုအချိန် သတိလစ် မေ့မျောသွားလေပြီ။
ခေါင်းကို ကယ်လိုက်နိုင်သော်လည်း ဒူးခေါင်းတော့ အတော်ထိသွား၏။
“အား”
လူးကပ်စ်အော်သံမှာ ရုံးခန်းတစ်ခုလုံး ပဲ့တင်ထပ်သွား၏။
ခုနက ယုချင်းတိုက်မိ၍ ကွဲထားသော ဖန်ကွဲစမှာ သူ့ဒူးခေါင်း၌ စိုက်နေသည်။
လူးကပ်စ် ဒူးခေါင်းကိုကိုင်လျက် အံကြိတ်ထားမိသည်။
နာကျင်မှုမှာ တော်ရုံလူအဖို့ မေ့လဲသွားလောက်သည်။
အတွင်းရေးမှူးလေးမှ လူအမြန်သွားခေါ်၍ လူးကပ်စ်အနာကို ကုပေးရသည်။
ရုံးခန်းထဲတွင် အခြေအနေများ ရုတ်တရက် ရှုပ်ထွေးသွားသည်။
ယုချင်းလည်း ဆူညံသံများကြောင့် စိတ်ပိုတိုကာ သူ့ဆံပင်သူ ဆွဲလိုက်မိသည်။
“ကားလ်ကလည်း ဒီလောက် အရေးကြီးတာကို ဘာလို့ ဘာမှမပြောတာလဲ”
ယုချင်း ရေရွတ်လိုက်သည်။
အခြေအနေကို သိသည်နှင့် ချက်ချင်း တင်ပြသင့်ပါသည်။
ယုချင်း မျက်မှောင်ကြုတ်ကာ တွေးနေလေ၏။
ထို့နောက် ဖုန်းကို ကောက်ကိုင်ကာ ကားလ်ဖုန်းအား ဆက်လိုက်သည်။
“ယခုဖုန်းဆိုနေသော ဖုန်းနံပါတ်မှာ ဆက်သွယ်မှု ဧရိယာပြင်ပသို့…”
သူတို့ချင်း အဆက်အသွယ်မှာ ထိုသို့ မပြတ်ဖူးပေ။
ယခု အန္တရာယ်ရှိနေမှန်း သိလိုက်သည်။
ယုချင်း အခြေအနေ အစအဆုံးကို ပြန်စဉ်းစား သုံးသပ်ရင်း နွေးထွေးသော ရာသီဥတုတွင် ကြက်သီးများ ထလာ၏။
“ကားလ်ကို ဆက်လို့မရဘူးလား”
လူးကပ်စ် အံကြိတ်ရင်း မေးသည်။
“သူလည်း ပြဿနာတက်နေပြီ ထင်တယ်”
ယုချင်း စိုးရိမ်စွာ ပြော၏။
“ဖြည်းဖြည်း လုပ်စမ်းပါ”
လူးကပ်စ် သူ့ဒဏ်ရာကို ဆေးထည့်ပေးနေသော ဆရာဝန်အား ဟောက်လိုက်သည်။
“ကားလ်အခြေအနေ ချက်ချင်း စုံစမ်းလိုက်။ သူ့ကိုတော့ ဘာမှအဖြစ်မခံနိုင်ဘူး”
ယုချင်း ပြန်မဖြေပေ။
အဖြေမှာ သိသာနေလေပြီ။
သူ ချက်ချင်း ရုံးခန်းထောင့်နား ထသွားကာ ကားလ်အား ရှာရန် တပည့်များအား ဆက်သွယ်လေ၏။
ခဏအကြာတွင်။
တင်ပြချက်များ ပြန်ရောက်လာသည်။
ကားလ်အား အချက်အလက် ခိုးယူမှုဖြင့် ရဲစခန်းမှ ထိန်းသိမ်းလိုက်ပြီးလေပြီ။
ယုချင်း ရုပ်သေးလေးကဲ့သို့ ဆိုဖာပေါ် ထိုင်ချမိလိုက်သည်။
သူ့နှလုံးသားအား ဆုတ်ဖြဲလိုက်သလို နာကျင်ခံစားနေရသည်။
သတင်းဆိုးများ တစ်ခုပြီးတစ်ခု ကြားနေရ၍ ရူးချင်သလိုပင် ဖြစ်နေလေပြီ။