သိက္ခာကျသွားပြီ
Vol. 29 Ch. 425
နာရီဝက်မျှ ကြာသောအခါ။
ရုံးခန်းထဲတွင် ဆရာဝန်များ၊ အတွင်းရေးမှူးများနှင့် အခြား ဝန်ထမ်းငယ်လေးများပါ ရောက်နေပြီး ယုချင်းမှာ မျက်နှာပျက်လျက် လူးကပ်စ်လည်း ပတ်တီးများဖြင့် အသက်ဘေးမှ လွတ်လာသည်။
အတွင်းရေးမှူးမလေးမှာ ဝှီးချဲယူလာ၍ လူးကပ်စ်တစ်ယောက် ဝှီးချဲပေါ်ထိုင်လိုက်ရင်း စိတ်ထဲမှ ကျိန်ဆဲနေ၏။
ကံဆိုးခြင်းမှာ ဘယ်တော့မှ တစ်ခုတည်း မလာပေ။ အမြဲ အတွဲလိုက် ဖြစ်တတ်သည်။
ယခု သူတို့လည်း အမှုရှုံးရုံတင်မက စတိဗ်နှင့် ကားလ်လည်း ထိန်းသိမ်းခံရပြီး သူ့ဒူးခေါင်းပါ ဒဏ်ရာ ရသွားသည်။
သူ့ဒဏ်ရာ ဆေးထည့်ပြီးနောက်…
ဆာနီယာကုမ္ပဏီမှ ယုချင်းအား ဆက်သွယ်လာပြီး အပြစ်တင်စကားများ ဆိုလေသည်။ လူးကပ်စ် ဘေးတွင် ထိုင်ရင်း ယုချင်းမှာ လင်းချွမ်အကြောင်း သေချာ မစုံစမ်းထား၍ ရန်စသလိုဖြစ်သွားသည်ဟု ဆိုကာ ပြောဆိုနေသည့်အသံများ ကြားနေရသည်။
ယခုအခါ သူတို့အဖို့ အမျိုးသားလက်နက် ရှာဖွေရေးအဖွဲ့နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
သူတို့ လင်းချွမ်ကိုပင် အမှုရှုံးသွားသည်ကို ယခုလို ထပ်ရင်ဆိုင်ရန် ဖြစ်နိုင်ဦးမည်လား။
လူးကပ်စ်အတွက်တော့ အဖြေကို သိနေလေပြီ။
ဆာနီယာကုမ္ပဏီ ယခု စိုးရိမ်သည်မှာ လင်းချွမ်လက်ထဲတွင် သက်သေအတု ရှိမရှိ ဖြစ်သည်။
သွားပြီ။
အဘယ်ကြောင့်ဆိုသော် ကားလ်ကိုယ်တိုင်လည်း ထိုသို့ သက်သေအတု ပြုလုပ်ခဲ့၍ ဖြစ်၏။
လင်းချွမ်၏ နည်းပညာအရည်အချင်း မည်မျှ မြင့်မှန်း သူတို့မသိချေ။
ဖုန်းထဲတွင် ယုချင်းတစ်ယောက် ဖြေရှင်းပုံမှာ အမျိုးသား လက်နက် ရှာဖွေရေးအဖွဲ့မှ ဆာနီယာအား တရားစွဲလျှင်ပင် မော်ဂန်အုပ်စုနှင့် ပူးပေါင်းကာ ဆက်တိုက်ခိုက်လျှင် အကုန်အကျ သက်သာမည် ဖြစ်၏။
ဤသို့ဖြင့် ဆာနီယာ၏ ဒေါသများ တဖြည်းဖြည်း လျော့ကျလာသည်။
သို့သော် အမျိုးသား လက်နက်ရှာဖွေရေးအဖွဲ့၏ တန်ပြန်တိုက်ခိုက်မှုမှာ မည်သည့်အချိန် ဖြစ်မည်ဟု မသိထားပေ။
ထိုညနေခင်း။
ဒီဇင်ဘာလ (၂၀) ရက်နေ့၊ ညနေပိုင်း။
ညမှောင်လာသည်နှင့် နေဝင်ချိန်အလင်းရောင်များ တဖြည်းဖြည်း ပျောက်ကွယ်လာ၏။
လူးကပ်စ်မှာ ဝှီးချဲပေါ်ထိုင်လျက် ပြတင်းပေါက်ရှေ့တွင် ရှိနေသည်။ ညနေခင်းကောင်းကင်ကို ဖန်သားပြင်မှတစ်ဆင့် လှမ်းကြည့်ရင်း နဂိုဒဏ်ရာအပြင် စိတ်ဒဏ်ရာနှင့် မွန်းကြပ်မှုများကိုပါ ခံစားနေရ၏။
ယုချင်း သူ့အနောက်တွင် ရပ်နေပြီး သူ့ခြေထောက်ကို ငေးကြည့်ရင်း ခုနက မသောက်ဖြစ်လိုက်သော ရှန်ပိန်ကို သတိရသွားသည်။
နေ့လယ်က တွေ့ခဲ့သော ရှန်ပိန်နှင့် ယခုခံစားချက်မှာ လုံးဝ မတူတော့ပေ။
ကျောက်စိမ်းမြို့တော်ကို လှမ်းမြင်နေရာမှ ရုတ်တရက် ငရဲ (၁၈) ထပ်ဆီသို့ ကျသွားသလို ပြင်းထန်စွာ ခံစားနေရသည်။
တီ တီ တီ တီ…
ဖုန်းမြည်သံ ကြားလာရ၏။
လူးကပ်စ် ရင်ခုန်သွားပြီး ရုတ်တရက် အသက်ရှူမရတော့သလိုအထိ ဖြစ်လာသည်။
ယုချင်းမျက်နှာလည်း ခပ်တင်းတင်းဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်မိ၏။
ကောင်းကင်ဘုံမှ ငရဲအထိ ရုတ်တရက် ပြုတ်ကျဖူးသောကြောင့် ဖုန်းဝင်လာလျှင် အလွန်ကြောက်ရွံ့ကာ ဘာသတင်းမှ မကြားချင်လောက်သည်အထိ ဖြစ်နေသည်။
ထိုဖုန်းမြည်သံမှာ ဒဏ်ရာကို ဆားဖြူးနေသကဲ့သို့ပင်။
ယုချင်း အချိန်အတော်ကြာအောင် ငြိမ်နေမိသည်။
နောက်ဆုံးမှ ဖုန်းကိုကိုင်၍ ပြန်ဖြေလိုက်၏။
ဆာနီယာကုမ္ပဏီမှ ဥက္ကဋ္ဌ ဖြစ်လေသည်။
ဖုန်းထဲတွင် ဥက္ကဋ္ဌမှာ မီးရှူးမီးပန်း ပေါက်ကွဲသကဲ့သို့ ဒေါသအလွန်ထွက်၍ အဆက်မပြတ် ပြောဆိုရင်း မောဟိုက်နေသည်။
“ယုချင်း ခုနကပဲ တရားရုံးကနေ စာဝင်လာတယ်။ အမျိုးသား လက်နက်ရှာဖွေရေးအဖွဲ့ကနေ ငါတို့ကို ပြန်တရားစွဲထားတယ်တဲ့။ လျော်ကြေးက သန်း (၃၀၀)။ ဒေါ်လာနဲ့နော် သန်း (၃၀၀) တဲ့”
လူးကပ်စ် ထိုစကားကိုကြားသောအခါ ပါးစပ်အဟောင်းသား ဖြစ်နေ၏။
နောက်ဆုံးမှ သတိပြန်ဝင်ကာ တစ်ခွန်းသာ ပြောနိုင်သည်။
“ချီးပဲ”
ယုချင်းမျက်နှာအမ်းလျက် အောက်နှုတ်ခမ်းကို သွေးထွက်မတတ် ကိုက်ထားမိ၏။
“သိပါတယ်။ ကျွန်မ ဖြေရှင်းပေးပါ့မယ်။ တကယ်လို့ အမှုရှုံးသွားရင်လည်း လျော်ပေးပါ့မယ်”
“ဘယ်လို လျော်မှာလဲ”
ဆာနီယာ ဥက္ကဋ္ဌမှ ချက်ချင်း ပြန်မေးသည်။
“ဒီရိုက်ခတ်မှုက လုံးဝ အသက်သွေးကြောကို ထိသွားတာပဲ။ အမှုသာရှုံးသွားရင် ပိုက်ဆံ လျော်ရတာထက် ငါတို့ဂုဏ်သိက္ခာ လုံးဝ မြောင်းထဲ ရောက်သွားပြီ”
ယုချင်း ဘာမှပြန်မပြောနိုင်ပေ။
သူ အန်လင်းတရားရုံး၌ လင်းချွမ်ကို ရှုံးပြီးတည်းက ဂုဏ်သိက္ခာ အတော်လေး ထိခိုက်ပြီးလေပြီ။
သန်း (၃၀၀) ကိုလည်း ဆာနီယာရော သူပါ မတတ်နိုင်ချေ။
ဆာနီယာဥက္ကဋ္ဌမှာ အတော်ကြာအောင် ရိုင်းစိုင်းစွာ ဆဲဆိုနေပြီးမှ ဖုန်းချသွားသည်။
ယုချင်းစိတ်ထဲတွင်တော့ လင်းချွမ်အား အလွန်မုန်းတီးလျက်သာ ရှိတော့သည်။
ထိုည၌ လေမှာ အတော်ပြင်းပြင်း တိုက်ခတ်နေပြီး ပြတင်းပေါက်ကို တဒုတ်ဒုတ် ရိုက်နေ၏။
ယုချင်း တောက်ပသောလရောင်ကို မတွေ့နိုင်ဘဲ မှောင်မိုက်နေသည်။
နှစ်ယောက်သား တိုက်ပွဲတွင် ပြင်းထန်စွာ ကျဆုံးခဲ့ရ၏။
“အခု ဘာဆက်လုပ်မယ် တွေးလဲ”
လူးကပ်စ် သူ့ကို မော့ကြည့်၍ မေးလိုက်သည်။
ယုချင်း ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး
“ငါတို့ထဲမှာ သူလျှိုရှိနေပြီ”
“ဟင်”
လူးကပ်စ် မျက်လုံးပြူးသွား၏။
“အခုပုံစံအတိုင်းကြည့်ရတာ လင်းချွမ်က ငါတို့ လှုပ်ရှားမှုတိုင်းကို ကြိုသိနေတယ်။ အရမ်း ပွင့်ပွင့်လင်းလင်း ကစားနေမိသလိုပဲ”
ယုချင်း အေးစက်၍ ပြော၏။
လူးကပ်စ် ခဏစဉ်းစားပြီးနောက်
“သူ့လက်တံက အဲ့လောက်ရှည်လား”
ယုချင်း ခေါင်းယမ်းပြလိုက်ပြီး
“ပြောရတော့ ခက်တယ်။ ဒီသူလျှိုက တော်တော် အဆင့်မြင့်မယ့်ပုံပဲ”