ရုပ်ချောသောအေးဂျင့်
Vol. 29 Ch. 427
လရောင် အနည်းငယ်ကို ဖြတ်ကာ တိမ်တိုက်များမှ ငွေရောင်ခြည်များ ထွက်နေပြီး ဆောင်းရာသီညချမ်းကို ပိုသာယာစေရန် ပံ့ပို့ပေးနေသည်။
လရောင်မှာ ယုယွီခန္ဓာကိုယ်ပေါ် ကျရောက်ကာ မြေပြင်၌ အရိပ်ပြန်ကျနေ၏။
လေမှာ အေးမြသော်လည်း နူးညံ့သောကြောင့် သူ့ပါးပြင်အိအိလေးပေါ် ဖြတ်သန်းသွားသော်လည်း ရင်ထဲလှပ်ခနဲ ဖြစ်ရုံလောက်သာ ခံစားရသည်။
ထိုအချိန်တွင် မျက်နှာလေးမှာ ပြုံးရွှင်သွားပြီး
“စာအုပ်အသစ် ထွက်တော့မှာလား။ ဒီရက်ပိုင်း စာရေးချိန် မရှိဘူးလို့ ထင်နေတာ”
တရားခွင်မှာ ယနေ့မှ ပြီးဆုံးသွားပြီး စာအုပ်အကြောင်း ချက်ချင်း ပြောလာ၍ အစောတည်းက စီစဉ်ထားပုံ ရပါသည်။
နောက်ပိုင်းကိစ္စကို အရမ်းမစိုးရိမ်ဘဲ ဝတ္ထုရေးခြင်းကိုသာ အာရုံစိုက်ခဲ့ပုံ ပေါ်၏။
ယုယွီ စိတ်ထဲ ကြည်နူးသွားသည်။
ခဏအကြာတွင်။
ယုယွီ ပြုံးလျက်
“ရှင့် ဂန္တဝင်စာကို ဖတ်ရဖို့ မစောင့်နိုင်တော့ဘူး”
“ဟုတ်လား။ အခုချက်ချင်း ပို့လိုက်မယ်လေ”
ဟော့ပေါ့ဆိုင်ထဲတွင် လင်းချွမ် တူများ ချလိုက်ပြီး ဖုန်းထဲမှ ထိပ်တန်းအေးဂျင့် ဟူသော ဖိုင်အား ဖွင့်ကာ ယုယွီထံ ပို့လိုက်၏။
ယုယွီ ခေါင်းစဉ်ကို ရေရွတ်ရင်း ဖိုင်ကို အမြန် ဖွင့်ကြည့်လိုက်လေသည်။
သူနှင့် လင်းချွမ်ကြား ဆက်သွယ်နိုင်သည်မှာ ဝတ္ထုများသာ ရှိလေသည်။
သူတို့ အနေဝေးသော်လည်း ဝတ္ထုနှင့် ပတ်သက်ကာ ရင်ဘတ်ချင်းနီးသည်ဟု ခံစားရပါသည်။
ဝတ္ထုထဲမှ မစ္စတာလင်းကို ဖတ်ရင်း လင်းချွမ်အကြောင်း ပိုသိလာရ၏။
သူ အမြဲ ထိုသို့သာ တွေးခဲ့၍ လင်းချွမ်စာအုပ်အသစ် ထွက်မည်ဟု ကြားသောအခါ အလွန် ပျော်ရွှင်နေတော့သည်။
‘အမည်: မစ္စတာလင်း’
‘အသက်: (၂၄) နှစ်’
‘လိင်အမျိုးအစား: ကျား’
‘အလုပ်အကိုင်: အေးဂျင့်’
‘ကုဒ်အမည်: လင်းယုန်’
‘တာဝန်ကျဌာန: လုံခြုံရေးဗျူရို’
‘အဆင့်: SSS’
‘တွေ့တဲ့အတိုင်း အပေါ်ကတော့ ကျွန်တော့်ရဲ့ အခြေခံ အချက်အလက်တွေပေါ့’
‘လုံခြုံရေးဗျူရိုထဲဝင်နိုင်ရင် ရုံးချုပ် အဆောက်အဦရဲ့ အခန်း (၉) မှာ ထိပ်တန်းလျှို့ဝှက်ချက်အနေနဲ့ သိမ်းထားတဲ့ ကျွန်တော့်ဖိုင်ကို တွေ့ရလိမ့်မယ်’
‘ကျွန်တော် မှတ်မိသလောက် အခန်း (၉) အရှေ့မှာ အထူးရဲတွေကို အစောင့်ချထားတယ်။ မီးခံသေတ္တာကတော့ အမြင့် (၃.၂) မီတာ၊ အကျယ် (၁.၈) မီတာ၊ အနံ (၀.၈) မီတာကို ကျည်ကာ၊ အပူခံ စတီးလ်တွေနဲ့ လုပ်ထားတယ်’
‘အထူးရဲတွေကို ဖြတ်ပြီး မီးခံသေတ္တာကို ဖွင့်နိုင်ရင်တောင် အထဲမှာတော့ ဖိုင်တစ်ခုပဲရှိမှာ။ အထူးလျှို့ဝှက်ချက် တံဆိပ်တုံးထုထားတဲ့ ကျွန်တော် အေးဂျင့်ဘဝမှာ လုပ်ဆောင်ခဲ့သမျှ တာဝန်တွေပေါ့’
‘နှစ်တွေအများကြီး ကြာပြီးတဲ့နောက် ဒီဖိုင်က အရမ်း လျှို့ဝှက်တာတော့ မဟုတ်တော့ဘူး’
‘ဒါပေမဲ့ အေးဂျင့်ကုဒ်နာမည် လင်းယုန်ဆိုတာကိုတော့ ဘယ်သူမှ မပြောရဲကြဘူး’
‘ကဲပါ။ ဘယ်သူမှ မပြောရင်လည်း ကျွန်တော်ကိုယ်တိုင် ရေးရတာပေါ့။ အပြင်မှာရှိတဲ့ ကိစ္စတစ်ခုခုနဲ့ တူနေခဲ့တာရှိရင် လုံးဝ တိုက်ဆိုင်တာပါ’
‘ဟုတ်တယ်လေ။ တကယ် တိုက်ဆိုင်တာ။ ကျွန်တော့်ကို ပြဿနာ မရှာကြပါနဲ့’
‘…’
ယုယွီမှာ တိုက်အပြင်ဘက်၌ လမ်းဆင်းလျှောက်နေချိန် ဖြစ်ပီး လင်းချွမ်ဝတ္ထုကို တွေ့သည်နှင့် ပြန်လှည့်လာခဲ့၏။
လမ်းမီးတိုင် မှိန်ပျပျနှင့် လရောင်ဖျော့ဖျော့မှာ အိပ်မက်ဆန်နေသည်။
သူ အခန်းထဲ ပြန်ရောက်သည်နှင့် အိမ်စီးဖိနပ်လဲကာ ဆိုဖာပါ်လှဲ၍ ဆက်ကာဖတ်လေသည်။
လမ်းလျှောက်ရင်း စာအုပ်ဖတ်ရသည်မှာ စိတ်ကျေနပ်စရာ သိပ်မရှိပေ။
ဆိုဖာတွင် အပြည့်အဝမှီ၍ ဖတ်ခြင်းက ပိုအရသာရှိ၏။
ယုယွီ အစပိုင်း ဖတ်ပြီးနောက် ရယ်မောမိသည်။
“ဒီလင်းချွမ်ကတော့ ပိုပိုပြီး ပြောတတ်လာတာပဲ။ ပရိသတ်အသစ်တွေသာ ဖတ်မိရင် ရှင့်ကို တကယ် အေးဂျင့်လုပ်ဖူးတယ်လို့ ထင်နေတော့မယ်”
သို့သော် တကယ် စိတ်ဝင်စားစရာကောင်းသည်မှာတော့ အမှန်ပင်။
အရေးအသား ထူးဆန်းသည်မှာလည်း လင်းချွမ်၏ မှော်အစွမ်း ဖြစ်၏။
သူ့မစ္စတာလင်းမှာ အတူတူ ကြီးပြင်း၊ ပြောင်းလဲ၍ လက်တွေ့ အသက်ရှိနေသူအတိုင်း ထင်ရသည်။
ယုယွီပင် တစ်ချိန်က မစ္စတာလင်း၏ လှည့်စားခြင်းကို ခံခဲ့ရ၏။
ယခုနောက်ပိုင်းတွင်တော့ မစ္စတာလင်းဟု တွေ့သည်နှင့် ရင်းနှီးမှုကို ခံစားရပါသည်။
ထို့နောက် သူ ဆက်၍ဖတ်လေသည်။
‘အေးဂျင့်တွေဆိုတာ အင်မတန် အန္တရာယ်ရှိတဲ့ လျှို့ဝှက်အလုပ်တွေကို လုပ်ရတာပေါ့’
‘ဒီအလုပ်က လုံးဝ ပုံမှန်မဟုတ်ဘူးလို့ ပြောလို့ရတယ်’
‘အေးဂျင့်တစ်ယောက်အနေနဲ့ တစ်နှစ်ပတ်လုံး အလုပ်တွေလုပ်ရပြီး တာဝန်တစ်ခုက (၈) နှစ်ကနေ (၁၀) နှစ်လောက်အထိတောင် ကြာတတ်တယ်။ အဲ့အချိန်အတွင်း တာဝန်ထမ်းဆောင်ရုံတင် မကဘူး။ ကိုယ့်ကိုယ်ကိုယ် ကွယ်ဝှက်နေရတယ်။ တုံ့ပြန်မှုတွေကို သည်းခံရတယ်။ စစ်ဆေးရေးတွေကို ရှောင်ရတယ်။ စိတ်ခံနိုင်ရည်လည်း မြင့်ရတယ်’
‘အဲ့တော့ ထိပ်တန်းအေးဂျင့်ဖြစ်ဖို့က ကောင်းကင်ကို ထိရသလောက်ကို ခက်လွန်းတယ်’
‘ကျွန်တော်ကတော့ ကံကောင်းထောက်မပြီး တာဝန် (၇၂) ခုမှာ တစ်ခါမှ မကျရှုံးဖူးဘဲ အောင်မြင်ခဲ့တယ်’
‘ဒီနယ်ပယ်ထဲမှာတော့ တောင်ထိပ်ကြီးလို့ ခေါ်ကြတယ်’
‘စိတ်ဝင်စားစရာလည်း ကောင်းတယ်ဗျ’
‘အစကတော့ ကျွန်တော် အေးဂျင့်တစ်ယောက် ဖြစ်လာဖို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး’
‘ဇာတ်လမ်းက ကျွန်တော် တက္ကသိုလ် တက်တဲ့အချိန်မှာ စခဲ့တာပေါ့’
‘ကျွန်တော့်ကျောင်းက တောင်ပိုင်းမှာရှိပြီး ဘယ်သူမှ သိပ်မကြားဖူးလောက်တဲ့ ရှားပါးတဲ့ မေဂျာဖြစ်တဲ့ ဉာဏ်ရည်နည်းပညာကို လေ့လာနေတာပေါ့’
‘ဘာပဲဖြစ်ဖြစ် ကျွန်တော့်မျက်နှာလေးက အေးဂျင့်နဲ့တော့ မလိုက်ဘူးဗျ’
‘အေးဂျင့်ဆိုတာ ကိုယ့်မျက်နှာကို တခြားလူတွေ မမှတ်မိစေရဘူးလို့ ပြောကြတယ်။ အဲ့တော့ လူကြားထဲ မထင်ရှားဘဲ သာမာန်ကျတဲ့မျက်နှာမျိုး ရှိတာက အကောင်းဆုံးပဲ’
‘ကံဆိုးစွာနဲ့ ကျွန်တော်က ချောနေတယ်ဗျာ’
‘ဒါပေမဲ့ ချွင်းချက်တော့ ရှိတာပေါ့’
‘အမျိုးသမီးအေးဂျင့်တွေဆိုရင် အလှနဲ့ မြှူဆွယ်လှည့်စားလို့ ရနိုင်လို့ တချို့အဖွဲ့အစည်းတွေက အရမ်းခေါ်ကြတယ်လေ’
‘အဲ့လိုသဘောမျိုးပဲ။ ရုပ်ချောတဲ့ကောင်လေးကလည်း သူ့ဈေးကွက်နဲ့သူ ရှိတာပေါ့’