ပထမပိုင်း ပြီးဆုံးခြင်း
Vol. 29 Ch. 431
“ဟင်”
ထိုအချိန်တွင် ယုချင်း မျက်ခုံးပင့်မိပြီး ဆံနွယ်များ တစ်ချက်ခါသွားကာ
“မင်းပြောသလို သူက တကယ့်အေးဂျင့်ဆိုရင် တာဝန်တွေ လုပ်ဖူးမှာပဲ”
လူးကပ်စ်မှာ ယုချင်းနှင့် အတွေးတူရန် ရှားပါသည်။
“အခုပဲ သူ့ဝတ္ထုကို သေချာဖတ်ကြည့်လိုက်မယ်။ ဒါသာ သူ့အတ္ထုပတ္တိအမှန်ဆိုရင် ဒါနဲ့ပြန်ပြီး သူ့ကို ဆွဲချလို့ရတယ်”
အေးဂျင့်များကို မြေအောက်လောကမှ လက်ခံလေ့ မရှိချေ။
အကြောင်းအရင်းမှာ အေးဂျင့်များ၏ သဘာဝကြောင့် ဖြစ်၏။ အေးဂျင့်များသည် အစိုးရဝန်ထမ်းများ ဖြစ်ပြီး လုံခြုံရေး၊ စစ်ရေးနှင့် နိုင်ငံရေးစနစ်များတွင် ပါဝင်ကြရသည်။ ထို့ကြောင့် မှောင်ခိုလုပ်ငန်းများအား အကျိုးသိပ်မရှိလှပေ။
ထိုအခြေအနေမှာ တစ်ဖက်ကို ခံစားရစေပြီး တစ်ဖက်မှ အကျိုးရှိခြင်း ဖြစ်၏။
မော်ဂန်အုပ်စုကဲ့သို့ အဖွဲ့အစည်းမှာ ထိုကဲ့သို့ အရှုံးနှင့်သာ ရင်ဆိုင်ရလေ့ရှိပါသည်။
“အရင်ဆုံး ဖတ်ကြည့်ကြတာပေါ့”
ယုချင်းမှ ပြောလိုက်၏။
ထို့နောက် ထိပ်တန်းအေးဂျင့် ဝတ္ထုကို စဖတ်လေတော့သည်။
ထိုအချိန်တွင် သူ့စိတ်မှာ အနည်းငယ် ကွဲပြားနေသည်။
အစပိုင်း၌ လင်းချွမ်အရေးအသားကို ဝေဖန်ခဲ့သော်လည်း ယခုတော့ သူ့ဝတ္ထုကိုဖတ်ရင်း သူ့ပြစ်မှုမှတ်တမ်းအား ရှာဖွေရတော့မည်။
ထူးဆန်းသလို ထင်ရသော်လည်း လူးကပ်စ်နှင့် ယုချင်းတို့မှာတော့ ထိုနည်းကိုသာ အသုံးပြုကြလေသည်။
‘အေးဂျင့်တွေဆိုတာ အင်မတန် အန္တရာယ်ရှိတဲ့ လျှို့ဝှက်အလုပ်တွေကို လုပ်ရတာပေါ့’
‘ဒီအလုပ်က လုံးဝ ပုံမှန်မဟုတ်ဘူးလို့ ပြောလို့ရတယ်’
‘အေးဂျင့်တစ်ယောက်အနေနဲ့ တစ်နှစ်ပတ်လုံး အလုပ်တွေလုပ်ရပြီး တာဝန်တစ်ခုက (၈) နှစ်ကနေ (၁၀) နှစ်လောက်အထိတောင် ကြာတတ်တယ်။ အဲ့အချိန်အတွင်း တာဝန်ထမ်းဆောင်ရုံတင် မကဘူး။ ကိုယ့်ကိုယ်ကိုယ် ကွယ်ဝှက်နေရတယ်။ တုံ့ပြန်မှုတွေကို သည်းခံရတယ်။ စစ်ဆေးရေးတွေကို ရှောင်ရတယ်။ စိတ်ခံနိုင်ရည်လည်း မြင့်ရတယ်’
‘အဲ့တော့ ထိပ်တန်းအေးဂျင့်ဖြစ်ဖို့က ကောင်းကင်ကို ထိရသလောက်ကို ခက်လွန်းတယ်’
‘ကျွန်တော်ကတော့ ကံကောင်းထောက်မပြီး တာဝန် (၇၂) ခုမှာ တစ်ခါမှ မကျရှုံးဖူးဘဲ အောင်မြင်ခဲ့တယ်’
‘ဒီနယ်ပယ်ထဲမှာတော့ တောင်ထိပ်ကြီးလို့ ခေါ်ကြတယ်’
‘…’
လူးကပ်စ် ရေရွတ်မိ၏။
“သူက လျှောက်ရေးနိုင်တာပေါ့။ ဘာလဲ တောင်ထိပ်တဲ့”
သူ မကျေမနပ် ပြောလိုက်သော်လည်း ဆက်၍ ဖတ်လေသည်။
သူ သက်သေကို အခုထိ ရှာမတွေ့သေးချေ။
မကြာမီ ပထမပိုင်း ပြီးခါနီး ဖြစ်လာ၏။
ထိုပထမပိုင်းတွင် နောက်ခံစကားပြောပုံစံဖြင့် ပြောနေပြီး အေးဂျင့်လုပ်ငန်းများ မပါလာသေးပေ။ အဆုံးနားမှ အလုပ်လက်ခံသည့် အခြေအနေ ရောက်လာသည်။
လူးကပ်စ်အကြည့်များ စူးရှ၍ မျက်လုံးပြူးကာ ထိုအပိုင်းကို သေချာဖတ်လေသည်။
‘အေးဂျင့်လေ့ကျင့်ရေးကို (၄) နှစ်တာ လေ့ကျင့်ခဲ့ရတယ်’
‘ဒီ (၄) နှစ်အတွင်း ပညာတွေ အများကြီး ရခဲ့တာကတော့ အရမ်းဂုဏ်ယူစရာပဲ’
‘ဥပမာ တိမ်နဂါးပျံ ရှာဖွေနည်းလိုပေါ့’
‘အဟမ်း နောက်တာပါ။ အမှန်တော့ ခါးပိုက်နှိုက်နည်းလိုလေ။ လက်အလျင်မြန်တာနဲ့ လှုပ်ရှားမှုတိုင်းက အောင်မြင်တာပဲ’
‘သော့ပြင်ခြင်း၊ သေနတ်ပစ်ခြင်း၊ လက်ဝှေ့ ထိုးခြင်း၊ မှုခင်းအခြေအနေ သုံးသပ်ခြင်း၊ ဟက်ကာဗဟုသုတ အနည်းငယ် စသဖြင့်ပေါ့’
‘ဒီအရည်အချင်းတွေကို အပြင်လောကမှာ လိုက်သုံးရင်တော့ ရဲစခန်းရောက်နေတာ ကြာလှပြီ’
‘ဒါပေမဲ့ အေးဂျင့်အနေနဲ့ဆိုရင်တော့ လုံးဝ ကိုက်တယ်လေ။ အားလုံးကို ဂရုတစိုက် သင်ပေးထားတာပဲ’
‘ဒီလိုနဲ့ စစ်ဆေးမှုတွေကို အလွယ်တကူ အောင်မြင်ပြီး ဘွဲ့ရသွားတယ်။ ပြီးတော့ လုံခြုံရေးဗျူရိုထဲကို အသစ်အနေနဲ့ ရောက်လာတာပဲ’
‘ကျွန်တော့်ခေါင်းဆောင်နာမည်က ချင်ပါ’
‘သူက ထူးဆန်းတဲ့ လူကြီးလေ။ ကျွန်တော်တို့ချင်း ဆက်သွယ်တဲ့ကုဒ်က အချစ်တဲ့။ အဲ့တာကြောင့် သူ့ပုံစံက ကျွန်တော် လုံးဝ နားမလည်နိုင်တာပေါ့’
‘နောက်ပိုင်း ဒီထူးဆန်းတဲ့လူကြီးကပဲ အများကြီး ကူညီခဲ့ပါတယ်’
‘အချစ်ဆိုတဲ့ကုဒ်ကြောင့် အန္တရာယ်တွင်းထဲကနေ လွတ်လာတာ အကြိမ်ကြိမ်ပဲပေါ့’
‘လုံခြုံရေးဗျူရိုထဲဝင်ပြီး ပထမဆုံးအလုပ်က ပြစ်မှုထဲ ပါဝင်တယ်လို့ သံသယရှိတဲ့ ခေါင်းဆောင်တစ်ယောက်ကို စုံစမ်းရတာပဲ’
‘သူ့နာမည်က ယန်ချင်း။ ယန်လုပ်ငန်းစုရဲ့ ခေါင်းဆောင်ပိုင်းထဲ ပါပြီး အရှေ့ပိုင်း မှောင်ခိုလောကကို ကြိုးကိုင်နေတယ်လို့ သံသယရှိလို့လေ’
‘ဝိုး သူတို့က ကျွန်တော့်ကို တော်တော် အထင်ကြီးတာပဲ’
‘ဘွဲ့ရပြီးခါစကို ဒီလို အန္တရာယ်ရှိတဲ့အလုပ်မျိုး ခိုင်းတယ်တဲ့’
ဤသို့ဖြင့် ပထမပိုင်း ပြီးသွားလေ၏။
လူးကပ်စ် မျက်လုံးအရောင်လက်၍
“အင်း စိတ်တော့ဝင်စားစရာပဲ။ ဘွဲ့ရပြီးစ အေးဂျင့်ပေါက်စနဲ့ ပြစ်မှုအရှင်သခင်ကြားက ကွာခြားမှုပေါ့”
သူ ဒုတိယပိုင်းကို ချက်ချင်း မဖတ်သေးဘဲ ကောမန့်ထဲ ဝင်ကြည့်လိုက်သည်။
ထိုအခါ ကောမန့်ပေါင်း တစ်သောင်းကျော် ရှိနေသည်ကို တွေ့ရ၏။
ထို့ကြောင့် လူးကပ်စ် စိတ်ဝင်စားကာ ဝင်ဖတ်မိလေသည်။
[ကြောက်စရာပဲ။ အေးဂျင့်ရေ။ အရှေ့တောင်အာရှတော့ မလာနဲ့နော်]
[ချင်လူကြီးက တကယ့်ဇာတ်ကောင်ပဲ။ ငါ့နတ်မိမယ်လေးနဲ့ ဒီလိုကုဒ်မျိုး လိုချင်လိုက်တာ]
[အရှေ့ပိုင်းက မှောင်ခိုလောကအဖွဲ့အစည်းဆိုတာ တကယ်လား]
[တကယ့်အစစ်လို ရေးထားတာပဲ]
[ဒီစာရေးဆရာကတော့ တစ်ခုခုပဲ။ လုံးဝ စွဲနေပြီ]
[ခင်ဗျားရော အေးဂျင့်လား အပေါ်က တစ်ယောက်]
[အေးဂျင့်က ဒီမှာ အဲ့လို လွယ်လွယ် ပြောလို့ရမလား]
[ဟားဟား ဟုတ်ပါ့။ ကောမန့်က ပိုစိတ်ဝင်စားစရာ ကောင်းနေတယ်]
[နိုင်ငံတကာဖိုရမ်မှာရော တွေ့ပြီးပြီလား။ အနည်းဆုံး တစ်ဝက်လောက်က ရဲနဲ့ ပြစ်မှု ကျူးလွန်သူတွေပဲ]
[တွေ့ပါ့။ ရဲတွေက အပြစ်သား အယောင်ဆောင်။ အပြစ်သားက ရဲအယောင်ဆောင်နဲ့။ ရယ်ရတယ်]
[…]
ကောမန့်များ အဆက်မပြတ် တက်နေ၏။
လူးကပ်စ်လည်း စာအုပ်နာမည်ကို ရေရွတ်ရင်း အနည်းငယ် စိတ်ပြောင်းသွားသည်။
ကောမန့်များထဲတွင် အကြောင်းအရာမျိုးစုံ ပါဝင်သော်လည်း အကောင်းပြောထားသည်က များပါသည်။