အကွက်ကျကျ စီစဉ်ခြင်း
Vol. 29 Ch. 432
“အရေးအသား မဆိုးပါဘူး။ ပြစ်မှု မှတ်တမ်းတွေ ဆက်ကြည့်ကြသေးတာပေါ့”
လူးကပ်စ် နှာခေါင်းရှုံ့၍ ပြောလိုက်၏။ ထို့နောက် ဆက်၍ ဖတ်လေသည်။
‘ယန်အုပ်စုရဲ့ လက်ရှိဥက္ကဋ္ဌ ယန်ချန်းရဲ့ စီးပွါးရေးက ခြံမြေ၊ ဟိုတယ်၊ ပြည်တွင်းပြည်ပ ကုန်သွယ်ရေးတို့ဖြစ်ပြီး သူတစ်ယောက်တည်း အရှေ့ပိုင်း စီးပွါးရေးကို ဦးဆောင်နေတာပေါ့’
‘ဒီတာဝန်က အရမ်း စိန်ခေါ်မှုများတယ်’
‘အန္တရာယ်များရုံတင် မကဘူးလေ’
‘တာဝန်မစခင် ချင်က ကျွန်တော့်ပုခုံးကိုပုတ်ပြီး စိုးရိမ်သလို ပြောတယ်။ လင်းယုန် ဒါ မင်းရဲ့ ပထမဆုံး တိုက်ပွဲပဲ။ လုံးဝ ရှုံးလို့ မဖြစ်ဘူး။ နိုင်ရမယ်နော် တဲ့’
‘ကျွန်တော် သူ့ကို လှမ်းကြည့်ပြီး ယန်ချင်းရဲ့ အချက်အလက်တွေရောလို့ မေးလိုက်တယ်’
‘အဲ့တာနဲ့ ချင် ရှက်သလို ထရယ်ပြီး အချက်အလက်ဖိုင်တစ်ခု ပေးပါရော’
‘ဟုတ်တယ်။ ဖိုင်က (၆၀) စင်တီလောက်တောင် မြင့်တယ်။ ကျွန်တော် လန့်သွားပြီး ဒီလောက်တောင်လားလို့ ပြောမိတာပေါ့’
‘ချင်ပြုံးပြီး “ဟင် ဒါ တော်တော်လေး အတိုချုံးထားတာ။ အရင် ကြည့်လိုက်ပါဦး။ ပြီးရင် အထူးအစီအစဉ်နဲ့ စလိုက်တော့’”
‘ကျွန်တော်က တစ်ယောက်တည်း သွားရမှာလား မေးတော့ ချင်က “ဒါပေါ့။ ထိပ်တန်းအေးဂျင့် ဖြစ်ချင်ရင် အေဂျင်စီရဲ့ ရုပ်သေး လုပ်နေလို့ မရဘူး။ မင်းရဲ့အရည်အချင်းအတိုင်း ပြီးပြည့်စုံတဲ့ အခြေအနေ ဖန်တီးရမယ်”’
‘ကျွန်တော် စိတ်ထဲကနေ ဝေဖန်မိတာပေါ့’
‘ပြန်ရောက်မှ တစ်ညလုံး မအိပ်ဘဲ ယန်ချင်းအကြောင်း ဖတ်ထားရမှာပဲ’
‘သူ့နာမည်က ရိုးသလောက် သူကတော့ တကယ် အင်အားကြီးတဲ့ပုံ ပေါ်ပြီး အရမ်း ဂရုစိုက်ရမယ့်ထဲ ပါတယ်’
‘အေဂျင်စီက အစပိုင်းမှာ ယန်အုပ်စုဆီ နှစ်ယောက်တော့ ပို့ဖူးတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရှုံးသွားတာပေါ့’
‘သူတို့ ရှုံးတာကို ပြောချင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ (၂) နှစ်လောက် အချိန်ပေးတာတောင် ယန်ချင်းနား ကပ်မရဘူး’
‘အဲ့တော့ ချင်က ကျွန်တော့်ကိုလည်း အရမ်းတော့ မမျှော်လင့်ထားပါဘူး’
“ဒါက တော်တော် ခက်တာပဲ”
လူးကပ်စ် မျက်မှောင်ကြုတ်ကာ ပြော၏။
ယုချင်း အရင်တည်းက စာအုပ်ထဲမှ မစ္စတာလင်းနှင့် အပြင်မှ လင်းချွမ်တို့တူကြောင်း ပြောဖူးပါသည်။
“လင်းချွမ်ဆိုရင် ဘယ်လိုလုပ်မလဲ”
လူးကပ်စ် လင်းချွမ်သာဆိုလျှင် မည်သို့ ဖြေရှင်းမည်ကို စိတ်ဝင်စားမိ၏။
ယန်ချင်းမှာသာ သမီးရှိရင် ဝင်ရောပြီး အရေးကြီး အချက်အလက်တွေ ရပြီပဲ။
ထို့နောက် အရမ်းမတွေးတော့ဘဲ ဆက်၍ ဖတ်လေသည်။
‘ယန်ချင်းမှာ ယန်ရူယွီဆိုပြီး သမီးတစ်ယောက် ရှိတယ်’
‘ဓာတ်ပုံထဲ တွေ့ရသလောက်တော့ သူက အရမ်းလှပြီး တက်ကြွတဲ့ပုံလေးပဲ။ အသက်ကတော့ (၂၀) လောက်ပေါ့’
လူးကပ်စ် မျက်လုံးအရောင်တောက်ကာ
“မင်းအကြံ ဒီလောက်ပဲလား။ ဘာမှလည်း မဟုတ်ဘူး။ ငါလည်း တွေးမိသားပဲ”
သူ ကော်ဖီအနည်းငယ် သောက်ပြီးမှ ဆက်ကာ ဖတ်၏။
‘ပုံမှန်ဆိုရင် ယန်ရူယွီကို ချဉ်းကပ်တာက အမြန်ဆုံး နည်းလမ်းပဲ’
‘ဒါပေမဲ့ အရူးပဲ အဲ့နည်းကို ရွေးမှာ’
လူးကပ်စ် ဒေါသတကြီး ထဆဲလေသည်။
“ချီးပဲ။ ငါ့ကို အရူးလို့ ပြောတာလား”
“စာအုပ် အေးဆေး ဖတ်စမ်းပါ။ နားညည်းလိုက်တာ”
ယုချင်း အထင်သေးသလိုကြည့်ကာ လှမ်းဟောက်၏။
လူးကပ်စ်မှာ နှာခေါင်းရှုံ့၍သာ ငြိမ်နေလိုက်ရသည်။
ငါ့ကို အရူးလို့ပြောရအောင် မင်းမှာ ဘာအကြံကောင်း ရှိလို့လဲ။ ကြည့်ကြသေးတာပေါ့။
‘ယန်ချင်းရဲ့သမီး ယန်ရူယွီအနေနဲ့ သူ့ကို ကပ်လာတဲ့သူမှန်သမျှကို သတိထားပြီး ဖယ်ထားလိုက်မှာပဲ။ ဒါ အသိသာကြီးလေ’
‘အဲ့တာကြောင့် သူ့ကို မကပ်တော့ဘူး’
‘ယန်ချင်းရဲ့နောက်ခံကိုကြည့်ပြီး ပစ်မှတ် သေချာ ပြန်ရွေးလိုက်တယ်’
‘သူ့အတွင်းရေးမှူး ကျောက်ယွန်း’
လူးကပ်စ် ဒေါသပေါက်ကွဲတော့သည်။
အတွင်းရေးမှူးမကို ကပ်တာနဲ့ သူ့သမီးကိုကပ်တာ ဘာများ ကွာလို့လဲ။
‘ကျောက်ယွန်းဆိုတာ အသက် (၃၀) ဝန်းကျင်ရှိပြီး ရုပ်ကလည်း သာမာန်ပေမဲ့ ယန်ချန်းနားမှာ အလုပ်လုပ်တာ (၁၀) နှစ်လောက် ရှိပြီ’
‘ကျောက်ယွန်းအကြောင်း နောက်ခံ စုံစမ်းတဲ့အခါ သူ့ယောက်ျားနဲ့ တက္ကသိုလ်မှာ ကြိုက်ပြီး (၆) နှစ်အကြာမှာ ယူခဲ့တယ်။ ဒီလိုနဲ့ သမီးတစ်ယောက် ရပြီး အခု (၇) နှစ်ဝန်းကျင် ရှိပြီပေါ့။ ဒါပေမဲ့ ယောက်ျားကတော့ ကံဆိုးစွာနဲ့ ကလေးမမွေးခင်မှာပဲ ဆုံးသွားခဲ့တယ်’
‘ကျွန်တော် ချက်ချင်း အကြံတစ်ခု ရလာတယ်’
‘မှတ်မိသလောက် အဲ့အချိန်မှာ ချင်ကို ကျွန်တော် အောင်မြင်အောင် လုပ်ခဲ့မယ်လို့ ပြောခဲ့လိုက်တယ်’
‘ချင်ကတော့ နားမလည်သလိုကြည့်ပြီး ရယ်တာပေါ့’
‘ဒီလိုနဲ့ တာဝန် စတင်ပါပြီ’
‘ယန်အုပ်စုရှိတဲ့မြို့ကို ရောက်လာပေမဲ့ သူတို့ကို ဒုက္ခပေးဖို့ မဟုတ်ပါဘူး’
‘ကျွန်တော် မူလတန်းကျောင်းလေးကို ရောက်လာတယ်’
‘ကျောက်ယွန်းရဲ့သမီးက မူလတန်း စတက်တာလေ။ ကျောက်ယွန်း သူ့သမီးကို လာကြိုသွားတာကို ခပ်လှမ်းလှမ်းကနေ လှမ်းကြည့်နေလိုက်တယ်’
‘သူ့သမီးကို ချစ်မှန်းတော့ တော်တော် သိသာပါတယ်’
‘ကျောင်းလာကြိုတိုင်း သမီးလေးကြိုက်တဲ့ မုန့်တွေ ပါလာတတ်တယ်’
‘ဒါပေမဲ့ စည်းကမ်း တင်းကြပ်မယ့်ပုံပဲ’
‘တချို့လည်း ကြိုတွေးမိလောက်ပေမဲ့ ကျွန်တော် ကျောင်းက လုံခြုံရေး ဖြစ်လာတယ်’
လူးကပ်စ် နားမလည်နိုင် ဖြစ်သွား၏။
လုံခြုံရေးလား။
လုံခြုံရေးအဆင့်နဲ့ ယန်အုပ်စုရဲ့ ယန်ချင်းအနား ဘယ်လိုရောက်မှာလဲ။
ဘယ်လိုရှင်းမလဲ ကြည့်ဦးမယ်။
‘လုံခြုံရေးအလုပ် ရသွားတာ ကျွန်တော့်တာဝန်အတွက် အရမ်း အကျိုးရှိတယ်’
‘ယန်အုပ်စုအနေနဲ့ ဘယ်လိုမှ ထင်ထားမှာ မဟုတ်ဘူးလေ’
‘ဒီလိုနဲ့ ကျောက်ယွန်းနဲ့ ရင်းနှီးဖို့ ကြိုးစားရတာပေါ့’
‘သူ့သမီးက ကျောင်းမှာ အမြဲ အနိုင်ကျင့်ခံနေရတာ။ ဒါပေမဲ့ ကျွန်တော် နည်းနည်း ဝင်ပါလိုက်တာနဲ့ အားလုံး ရပ်သွားတယ်’
‘နောက်ဆုံး တစ်လလောက်အကြာမှာ’
‘ကျောက်ယွန်းရဲ့သမီးက ကျွန်တော့်ကို လက်ညှိုးထိုးပြီး ပြောတယ်။ “မေမေ ဒီဦးလေးက အရမ်းမိုက်တာပဲ။ သမီးဖေဖေ လုပ်ပေးလို့ မရဘူးလား”’
‘အဟမ်း ကလေးကတော့ ပေါက်ကရတွေ’
‘ကျောက်ယွန်း ရုတ်တရက် မှင်တက်နေ၏။ ပြီးမှ သမီးလေးက ကျွန်တော် ကူညီခဲ့တဲ့အကြောင်းတွေ ရှင်းပြတာပဲ’
‘အဲ့လိုနဲ့ ကျောက်ယွန်းကို စသိခဲ့ရတယ်’
‘နောက်တော့ ကျွန်တော့်ကို ကျေးဇူးတင်တဲ့အနေနဲ့ ညစာဖိတ်ကျွေးတယ်’
‘ကျွန်တော် ငြင်းလိုက်တာပဲ’
‘ဘာလို့ဆို ကလေးကို ထိန်းကျောင်းရတာ ကျွန်တော့်တာဝန်ပဲမို့လို့ ချက်ချင်း လက်ခံလိုက်ရင် ထူးဆန်းတယ်လေ’
‘နောက်ထပ် (၂) ပတ်လောက် ထပ်ကြာသွားတယ်’
‘ကျောက်ယွန်းသမီးလေးရဲ့ မွေးနေ့ဆိုပြီး သူတို့အိမ်ကို ထပ်ဖိတ်တယ်’
‘ဒီတစ်ခါတော့ ထပ်ငြင်းလို့ မကောင်းတော့ သွားလိုက်တာပေါ့’
‘ဒီလိုနဲ့ တာဝန်အစပိုင်း အောင်မြင်သွားတယ်’
‘…’
လူးကပ်စ် အံ့ဩလွန်း၍ သူ့ပါးသူပင် ချလိုက်ချင်မိသည်။
“ဘာလို့လဲ”
ရှေ့တွင် ထိုင်နေသော ယုချင်းမှ သူ့အမူအရာကြောင့် လှမ်းမေး၏။
“…”
“ဒီလို အကွက်ချတာက…”
လူးကပ်စ် သက်ပြင်းချမိ၏။
“မစ္စတာလင်းကို ပြောတာလား”
လူးကပ်စ် ခေါင်းငြိမ့်၍
“အတိအကျပြောရရင် လင်းချွမ်ပေါ့။ စာရေးသူက လင်းချွမ်လေ”
“ငါ ပြောခဲ့သားပဲ။ လင်းချွမ်ကို အထင်မသေးပါနဲ့လို့။ အခုတော့ ဘက်ပြောင်းချင်နေပြီလား”