မိတ်ဆွေဟောင်းများ ပြန်တွေ့ခြင်း
Vol. 29 Ch. 435
လူးကပ်စ် သူ့နဖူးသူ ရိုက်၍ ရုတ်တရက် သတိရသွား၏။
ယုချင်းမှ အတွင်းရေးမှူးလေးအား ဆက်ပြောရန် လက်ပြလိုက်သည်။
မိန်းကလေး ခေါင်းငြိမ့်ပြ၍
“ဟောက်နဲ့ဟော မားစ်ဝက်ဘ်ဆိုဒ်ရဲ့ တည်ထောင်သူတွေပါ။ ဟောက်က အထွေထွေ မန်နေဂျာ၊ တာဝန်ရှိသူနဲ့ ဟောက အယ်ဒီတာချုပ်ပါ။ မားစ်ဝက်ဘ်ဆိုဒ်က ဒေသအသီးသီးရဲ့ ဝတ္ထုတွေကို ယူပြီး တင်တာပေါ့လေ”
“လင်းချွမ်နဲ့က ဘယ်လို ပတ်သက်လို့လဲ”
လူးကပ်စ် ဖြတ်မေးလိုက်၏။
“ဟုတ်ပါတယ်”
အတွင်းရေးမှူးလေး ချက်ချင်းပင်
“အမျိုးသမီး စာရေးဆရာကျန်းဆိုတာကို တွေ့ထားပါတယ်။ သူက ဆေးနတ်ဘုရား ဆိုတဲ့ ဝတ္ထုကို မားစ်ဝက်ဘ်ဆိုဒ်မှာ တရားဝင် တင်ထားတာပါ။ ဒါပေမဲ့ အဲ့ဒီကျန်းက တခြား မဟုတ်ပါဘူး။ လင်းချွမ်ရဲ့ ကောင်မလေး ကျန်းရှင်းရှင်းပါပဲ။ မားစ်ဝက်ဘ်ဆိုဒ်ကနေ ဝတ္ထုမူပိုင်ခွင့် ဝယ်ချင်လို့ ဆွေးနွေးခဲ့တယ်လို့ ကြားရပြီး အခု လင်းချွမ်ရဲ့ ဝတ္ထုအသစ်လည်း ရှိနေတယ်ဆိုတာ သူ့ကောင်မလေးကို အားပေးတာ နေမှာပါ”
နောက်ဆုံး စကားမှာ အတွင်းရေးမှူးလေး၏ ထင်မြင်ချက် ဖြစ်၏။
ယုချင်း ရုတ်တရက် သူ့ညီမ ယုခီခီ ပြောဖူးသည်အား သတိရသွားသည်။ သူ လင်းချွမ်၏ချစ်သူ ကျန်းရှင်းရှင်းနှင့် ခင်သည်ဟု ပြောဖူးသည်။
ကျန်းရှင်းရှင်းမှာ ဝတ္ထုရေးရန် ပြင်ဆင်နေသောကြောင့် သူ့ကို ဆေးဝါးအကြောင်းများ လာလာမေးတတ်၏။
မထင်မှတ်စွာဖြင့် ယခုအခါ မားစ်ဝက်ဘ်ဆိုဒ်၌ တင်ထားလေသည်။
“ဟင်”
ယုချင်း အတွေးတစ်ခု ဝင်လာသည်။
“ဘာလို့လဲ”
လူးကပ်စ်မှ လှည့်မေး၏။
ယုချင်း အတွင်းရေးမှူးလေးကိုကြည့်ကာ လက်ယမ်းပြ၍
“မားစ်ဝက်ဘ်ဆိုဒ်က အချက်အလက်တွေ အားလုံး စုထားလိုက်။ ဟောနဲ့ ဟောက် အကြောင်းရောပဲ။ မြန်မြန်နော်”
“ဟုတ်ကဲ့ပါ”
မိန်းကလေး အမြန်ဖြေ၍ ထွက်သွားလေသည်။
ထို့နောက် ယုချင်း လူးကပ်စ်ဘက် လှည့်ကာ ပြုံး၍
“လူးကပ်စ် မင်း ခုနက ပြောတဲ့ အစီအစဉ် (၂) ခုကို ပေါင်းလို့ ရမယ်ထင်တယ်”
“ပေါင်းတယ်လား”
လူးကပ်စ် အံ့ဩသွား၏။
ယုချင်းမှာ ပြုံးလျက်ပင် ကော်ဖီတစ်ငုံသောက်၍
“တကယ်ပဲ လင်းချွမ်ရဲ့ ချစ်သူက မားစ်ဝက်ဘ်ဆိုဒ်မှာ ဝတ္ထုတင်ထားပြီး မူပိုင်ခွင့်ကိစ္စ ဆွေးနွေးမှာလေ။ မားစ်ဝက်ဘ်ဆိုဒ်ကို သုံးပြီးတော့ ကျန်းရှင်းရှင်းနဲ့ လင်းချွမ်ဆီ ရောက်အောင် လုပ်လို့ရတယ်လို့ မထင်ဘူးလား”
“အိုးမိုင်ဂေါ့”
လူးကပ်စ် သူ့ပေါင်သူ ရိုက်ကာ အာမေဋိတ် ထွက်လာသည်။
“ကောင်းလိုက်တာ။ ဒါက လင်းချွမ်ကိုယ်တိုင် သူ့ဝတ္ထုထဲမှာ ကျောက်ယွန်းကို အသုံးချပြီး ယန်ချင်းအကြောင်း စုံစမ်းတာမျိုးမလား”
ယုချင်း ခေါင်းငြိမ့်ပြ၏။
“အမှန်ပဲပေါ့”
မစ္စတာလင်းမှာ ကျောက်ယွန်းသမီးလေး၏ ကျောင်းစောင့်ဖြစ်လာပြီး ကျောက်ယွန်းနှင့် ရင်းနှီးခဲ့သည်။ ထို့နောက်မှ ကျောက်ယွန်းအမျိုးသား သေဆုံးမှုကို ပြန်ဖော်ထုတ်ကာ သူကိုယ်တိုင် ယန်ချင်းအကြောင်း စုံစမ်းဖြစ်ရန် ပြုလုပ်ခဲ့သည်။
ထိုအချိန်တွင် ယုချင်းလည်း တစ်ယောက်တည်း တွေးတောနေမိ၏။
ပထမဆုံး မားစ်ဝက်ဘ်ဆိုဒ်မှ ဟောက်နှင့် ဟောတို့ကို ဖမ်းကာ လင်းချွမ်ချစ်သူ ကျန်းရှင်းရှင်းထံ ချဉ်းကပ်ခိုင်းရပေမည်။
သူတို့ ကျန်းရှင်းရှင်းနှင့် ရင်းနှီးသွားပါက အားလုံး အစီအစဉ်တကျ ဖြစ်လေပြီ။
ကျန်းရှင်းရှင်း ထောင်ချောက်ထဲ ဝင်လာလျှင် လင်းချွမ်ရော လွတ်နိုင်ပါဦးမည်လား။
လူးကပ်စ် တွေးရင်း တွေးရင်း စိတ်လှုပ်ရှားကာ ပြောမိသည်။
“ကွက်တိပဲ။ လုံးဝ ကွက်တိပဲ”
ယုချင်း သူ့ကိုလက်ပြ၍ စိတ်ထိန်းရန် ဆို၏။
ထို့နောက် သူ ရုံးခန်းထဲ ပတ်လျှောက်ရင်း အစီအစဉ် တစ်ဆင့်ချင်းစီကို ပုံဖော်တွေးတောနေသည်။
ထိုညတွင်။
အေးမြသော လရောင်သည် ပြတင်းပေါက်မှန်ကို ဖြတ်ကာ သူ့အပေါ်သို့ အသာအယာ တိုက်ခတ်လာ၏။
သို့သော် ယုချင်းတစ်ယောက် စိတ်ကြည်လင်နေပုံ မရှိပေ။ ထိုအစား အမှောင်ထုထဲ ရောယှက်၍ ငြိမ်နေသည်။
လူးကပ်စ်အမြင်တွင် ယုချင်းမှာ အမှောင်ထဲမှ မုဆိုးနှင့် တူလေ၏။
စစ်လက်နက်လောကတွင်လည်း အမှန်တကယ်ပင် အင်အားကြီး မုဆိုးတစ်ဦး ဖြစ်ပါသည်။
လူးကပ်စ် သူ့ကိုကြည့်ရင်း သက်ပြင်းချမိ၏။
ညမှာ တိတ်ဆိတ်မှောင်မိုက်နေသည်။
အပြင်ဘက်မှ လေကြမ်းများ ဆက်လက် တိုက်ခတ်နေဆဲ ဖြစ်ကာ သစ်ရွက်များနှင့် အရိပ်များလည်း မကောင်းဆိုးဝါးကဲ့သို့ လှုပ်ရှားနေကြ၏။
လူးကပ်စ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး အိပ်မက်ကောင်းပင် မက်နေသည် ထင်ရသည်။
ခရမ်းပြာရောင် ကောင်းကင်ကြီးသည် တဖြည်းဖြည်း အရောင်ဖျော့လျက် အရှေ့ဘက်၌ လိမ္မော်နီရောင် အလင်းမှုန်များ စတင် နေရာယူလာ၏။
မနက် (၉) နာရီ။
လူးကပ်စ်နှင့် ယုချင်းတို့ မားစ်ဝက်ဘ်ဆိုဒ်၏ အချက်အလက်အားလုံး ရရှိပြီးလေပြီ။
ဟောနှင့် ဟောက်တို့ကိုလည်း စောင့်ကြည်လျက် ရှိ၏။
“သွားရအောင်”
ယုချင်းမှာ အနက်ရောင်ဂါဝန်လေးနှင့် လက်အိတ်များ ဝတ်ဆင်ကာ နှာခေါင်းအပေါ်နားတွင် နေကာမျက်မှန် ချိတ်တွယ်ထား၏။
ဘေးမှ လူးကပ်စ်လည်း ကားထဲ ဝင်လာသည်။
သူတို့ မားစ်ရုံးသို့ သွားရန် ဖြစ်သည်။
လမ်းတွင် လူးကပ်စ်တစ်ယောက် ရယ်မောလျက်
“ဒီဟောနဲ့ ဟောက်က ကျွန်တော်တို့ မိတ်ဆွေဟောင်းလို့ ပြောလို့ရတယ်နော်။ ဒီလို ရုတ်တရက် ထပ်တွေ့ရင် အံ့ဩသွားမလားပဲ”
ထိုနှစ်ယောက်ကို ရင်ဆိုင်ရန်တော့ ယုံကြည်ချက်အပြည့် ရှိနေပါသည်။
လူတိုင်းမှာ လင်းချွမ်ကဲ့သို့ ခေါင်းကိုက်စေ၍ ကိုင်တွယ်ရခက်ခဲသည် မဟုတ်ပါ။
ထို့ကြောင့် လူးကပ်စ် အလွန်ပျော်ရွှင်နေ၏။
ယုချင်းမှာ တည်ငြိမ်စွာဖြင့်
“ဒီတာဝန်တော့ လုံးဝ ကျရှုံးလို့ မဖြစ်ဘူးနော်”
လူးကပ်စ် အကြည့်များ စူးရှလျက်
“ဒီတစ်ခါတော့ လင်းချွမ် ရှုံးရမယ်”
မကြာမီ သူတို့ မားစ်ဝက်ဘ်ဆိုဒ်ရုံးရှေ့ ရောက်လာ၏။
ယခု မားစ်ကုမ္ပဏီမှာ တရားဝင် ဖွင့်ထားသောကြောင့် အရင်လို ပုန်းကွယ်နေစရာ မလိုတော့ချေ။
အရင်ရုံးမှာတော့ ရှာရအတော်ခက်ခဲ့၏။
ယုချင်းနှင့် လူးကပ်စ်တို့ ပိုပိုသည်းသည်း ပြင်မလာဘဲ အတွင်းရေးမှူးမလေးနှင့် ဘော်ဒီဂတ် (၂) ယောက်မျှသာ ခေါ်၍ ရောက်လာခြင်း ဖြစ်သည်။
မားစ်ရုံးခန်းမှာ သိပ်မကျယ်လှပေ။
အရှေ့စားပွဲမှ ဧည့်ကြိုလေးသည် ယုချင်းတို့အုပ်စုကို တွေ့သောအခါ မတားရဲဘဲ စိတ်လှုပ်ရှားစွာဖြင့် ဟောက်တို့ကိုသာ ဖုန်းဆက်ရသည်။
“အထွေထွေ မန်နေဂျာ ဒီမှာ ပြဿနာရှာမယ့်လူတွေ ရောက်နေတယ်”
သူ့စကားမဆုံးမီပင် မားစ်အထွေထွေမန်နေဂျာရုံးခန်းထဲ ဝင်သွားကြလေသည်။