အဖြေ ဘယ်လိုလဲ
Vol. 29 Ch. 423
လင်းချွမ် အမှုနိုင်သွားလေပြီ။
စတိဗ် အဖမ်းခံလိုက်ရ၏။
လင်းချွမ်အကြောင်း သေချာမသိကြသော်လည်း စတိဗ်သတင်းမှာတော့ တစ်ကမ္ဘာလုံး ပျံ့သွားပြီ ဖြစ်သည်။
သတင်းဟု ဆိုသော်လည်း ရုပ်ရှင်တစ်ခုကဲ့သို့ အတက်အကျ၊ အပြောင်းအလဲများစွာဖြင့် ဖတ်ရသူတိုင်း စိတ်လှုပ်ရှားစရာ ဖြစ်နေ၏။
အထူးသဖြင့် ဆာနီယာလက်နက်ကုမ္ပဏီနှင့် ပြိုင်ဘက်များမှာ ကောင်းကင်ကြီးတမျှ ပျော်ရွှင်နေလေသည်။
သူတို့ ဆာနီယာကို ဖျက်ဆီးရန် အမြဲတွေးခဲ့ကြသော်လည်း ယခုတော့ အလွယ်တကူ ဖြစ်ပျက်သွား၏။
ဆာနီယာသည် အမျိုးသား လက်နက် ရှာဖွေရေးအဖွဲ့ကို ရန်သွားစမိလေပြီ။
လင်းချွမ် စာဖတ်အဖွဲ့ထဲမှ လင်းချွမ်ကို အမှန်တကယ် ထောင်ကျစေချင်နေသော ပရိသတ်များလည်း ထိုအပြောင်းအလဲကြီးကို မထင်မှတ်ထားပေ။
[ဘာလဲ။ ပြောင်းလဲတာကြီးက များလိုက်တာ]
[သံသယရှိသူလင်း ခင်ဗျားနဲ့ အမျိုးသား လက်နက် ရှာဖွေရေးအဖွဲ့ ဘယ်လိုပတ်သက်တာလဲ မေးလို့ရမလား]
[သူ့ကို သံသယရှိသူလို့ ခေါ်နေဦးမှာလား]
[မှားသွားလို့ပါ။ အခုကစပြီး ဝေးဝေးနေမှပဲ။ မတော်ရင် ကျွန်တော့်ကိုပါ ဖမ်းနေဦးမယ်]
[တော်သေးလို့ မစ္စတာလင်း ထောင်မကျဘူးပဲ။ မဟုတ်ရင် ဖတ်စရာ စာအုပ်မရှိတော့ဘူးလေ]
[ဖတ်စရာ မရှိဘူးတဲ့လား။ ပညာအသစ်တွေ သင်ချင်တာမလား]
[နည်းနည်းပဲ သင်ရသေးတယ်လေ။ ထပ်သိရင် လုပ်စားလို့ ရနေပြီကို]
[လုပ်စားပြီး သေကြောင်းကြံမလို့လား]
[…]
လင်းချွမ် စာများ ဝင်ဖတ်ရင်း ရယ်မောနေမိ၏။
အချို့မှာ နောက်ပြောင်၍ အချို့လည်း ဝမ်းသာပေးနေကြသည်။
လင်းချွမ် ပျော်ရွှင်ရန် ရန်သူများမှာတော့ ငိုကြွေးနေရ၏။
မော်ဂန်အုပ်စုမှ အရေးပါသော ပုဂ္ဂိုလ်နှစ်ဦးဖြစ်သည့် လူးကပ်စ်နှင့် ယုချင်းတို့မှာ စားပွဲပေါ်တွင် ရှန်ပိန်တင်၍ သတင်းကောင်းကို စောင့်နေကြသည်။
လင်းချွမ် သေချာပေါက် ရှုံးမည်ဟု တွက်ထားသော်လည်း မထင်ထားသော အခြေအနေများ ရှိနိုင်ပါသေးသည်။
လူးကပ်စ် သူ့လက်မှ ဝင်းလက်နေသော တန်ဖိုးကြီး နာရီကိုကြည့်မိသည်။ အချိန်မှာ မွန်းတည့်ပင် ဖြစ်နေလေပြီ။ ပြတင်းပေါက် အပြင်ဘက်ရှိ နေရောင်ခြည်သည် တောက်ပစွာ လင်းနေသော်လည်း အရမ်း မစူးပေ။
အရှေ့တောင်အာရှ၏ လေညင်းမှာ နူးညံ့၍ အန်လင်းနှင့် မတူပေ။
ထိုလေညင်းကြောင့် အပြင်ဘက်ရှိ သစ်ပင်များ ယိမ်းနွဲ့နေပြီး လူးကပ်စ်နှင့် ယုချင်းတို့၏ ခံစားချက်ကိုပင် ထင်ဟပ်စေသည်။
“အမှုက ပြီးရမယ့်အချိန် ရောက်နေပြီ”
လူးကပ်စ်ပြုံး၍ သက်ပြင်းချ၏။
လင်းချွမ်နှင့် ဆာနီယာတို့ကြား အမှုမှာ ရှုပ်ထွေးသော်လည်း (၃) နာရီဝန်းကျင်မျှသာ ကြာရမည် ဖြစ်သည်။
“ပြီးရတော့မှာပေမဲ့ ခီခီ့အမှုအတွက်တော့ ကြိုးစားရဦးမယ်”
ယုချင်း ပြုံး၍ ယုံကြည်ချက်အပြည့်ဖြင့် မထီမဲ့မြင် ပြောလိုက်သည်။
သူ အရင်တည်းက ထက်မြက်သောမိန်းမအသွင် ရှိခဲ့၏။
“ခီခီတော့ ပင်ပန်းသွားတာပေါ့”
လူးကပ်စ် ခပ်တိုးတိုးပြောပြီးနောက် ရယ်မောကာ
“ဒါပေမဲ့ သူ့ကို ဒုက္ခပေးခဲ့တဲ့ လင်းချွမ်လည်း အခု ရှုံးသွားပြီဆိုတော့ အဆင်ပြေတာပဲ ဟားဟား”
ယုချင်း လက်ပိုက်လျက် ရယ်မောကာ
“ဒါပေါ့။ ဒီအစီအစဉ်က လုံးဝ အကွက်ကျအောင် ဆွဲထားတာပဲ။ အမှုမှာ ဝင်ပါခဲ့တဲ့သူတွေအကုန် မလွတ်စေရဘူး”
သူ့အသံမှာ ယုံကြည်ချက်အပြည့် ဖြစ်နေ၏။
သူ အရှေ့အလယ်ပိုင်းတွင် လက်နက်ကိုင်များကြား ကျင်လည်ရင်း ထိုသို့ အတွေ့အကြုံကောင်းများ ရလာခြင်း ဖြစ်သည်။
သူ့အစီအစဉ်တိုင်းတွင် အကြံကောင်း ရှိပါသည်။
ယုညီအစ်မမှာ မော်ဂန်အုပ်စုထဲတွင် ကြာပန်းညီအစ်မ အဖြစ် နာမည်ကြီးပြီး အချို့လည်း သူတို့၏ ဆူးများကြောင့် နှင်းဆီနက်များဟု ခေါ်၏။
သူတို့၏ အရည်အချင်းမှာ ပြည့်ဝလွန်းသောကြောင့် လူးကပ်စ်ပင် မျက်နှာသာ ပေးရလေသည်။
“ဟင်း…”
ယုချင်း ဖုန်းကို ဖွင့်ကြည့်ရင်း မထင်မှတ်စွာဖြင့် သက်ပြင်းချလိုက်၏။
“ဘာဖြစ်လို့လဲ”
လူးကပ်စ်မှ မေးလိုက်သည်။
ယုချင်း လက်နက်ဝိဇ္ဇာကို ဖွင့်လျက်
“နှမျောလို့ပါ။ လင်းချွမ်သာ ငါတို့ရန်သူမဟုတ်ရင် အရမ်းရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်နေလောက်မှာ”
သူ့အသံမှာ ခပ်တိုးတိုး ဖြစ်၏။
လက်နက်ဝိဇ္ဇာ ဝတ္ထုမှာ လုံးဝ သူ့အကြောင်း ရေးထားသကဲ့သို့ဖြစ်ပြီး သူမှလွဲ၍ အကောင်းဆုံး နားလည်ကြမည် မဟုတ်ချေ။
လူးကပ်စ်မှာတော့ နားမလည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်ကာ
“အစ်မတို့ ယုညီအစ်မကလေ လင်းချွမ်အပေါ်ကိုဆို စိတ်ပျော့သွားပြတယ်။ ကျွန်တော်တော့ နားမလည်ဘူး။ သူက ဘာတွေ ဆွဲဆောင်မှု ရှိနေလို့လဲ”
လင်းချွမ်သာ မော်ဂန်အုပ်စုထဲ ဝင်လာလျှင် ယုခီခီနှင့် တွဲနေလောက်လေပြီ။
တစ်ချိန်က ယုခီခီ၏ လင်းချွမ်အပေါ် စွဲလန်းမှုမှာ အတော်လေး နက်ရှိုင်းပါသည်။
ယခုတော့ ယုချင်းမှလည်း ထိုပုံစံမျိုး ပြနေ၍ လူးကပ်စ် အံ့ဩနေသည်။
အွန်လိုင်းစာရေးဆရာက သူ့လို လူမိုက်ခေါင်းဆောင်လောက် ဆွဲဆောင်မှု ရှိပါ့မလား။
“မင်း မသိပါဘူး”
ယုချင်း ခေါင်းယမ်း၍ ပြုံးကာ
“အဲ့တာတွေ ပြောမနေပါနဲ့တော့။ လင်းချွမ်က ငါတို့ ရန်သူဖြစ်ရမယ့်ကံ ပါပြီးသား။ ရန်သူမရှိတော့ဘူးဆိုတော့ ရုတ်တရက် တွေးမိလို့ပါ”
နှစ်ယောက်သား ရယ်မောလိုက်မိသည်။
ရုတ်တရက် စားပွဲပေါ်မှ ယုချင်းဖုန်း မြည်လာ၏။
နှစ်ယောက်သား ပျော်မြူး၍ ဖုန်းအား လှမ်းကြည့်မိသည်။
လာပြီ။
ယုချင်း ပြုံး၍ လှပသော အမူအရာလေးဖြင့် ဖုန်းကိုင်လိုက်သည်။
“အဖြေ ဘယ်လိုလဲ”
မျက်လုံးအရောင်လေးများလည်း တောက်ပနေမှန်း သိသာသည်။
ယုချင်း ဖုန်းစပီကာ မဖွင့်ထား၍ တစ်ဖက်မှ ပြောနေသံကို သေချာမကြားရ ဖြစ်နေသည်။