ပူးပေါင်းမလား
Vol. 30 Ch. 436
သူတို့ အတင်းအကြပ် ဝင်ရောက်လာပုံတော့ မဟုတ်ဘဲ ယဉ်ကျေးသော အမူအရာ ရှိသည်။
ရုံးခန်းထဲ၌ အစ်ကိုဟောက်မှာ ဧည့်ကြိုထံမှ ဖုန်းရပြီး ဝင်ပေါက်ကို လှမ်းကြည့်နေစဉ် ဖြစ်၏။
အာခေါင်များ ခြောက်ကပ်၍ လန့်ဖျပ်ကာ ကြည့်နေသည်။
သူတို့ ထပ်ရောက်လာပြီ။
သူ့အနောက်တွင် ဟောမှာ တုန်ရီစွာရပ်လျက် စိတ်လှုပ်ရှားနေ၏။
အစ်ကိုဟောက်မှာ ဟောကို ကန်လိုက်ပြီး
“တံခါးသွားဖွင့်ပေးလိုက် သွား”
ဟော တံခါးဖွင့်လိုက်သည်နှင့် နူးညံ့လှပသော မျက်နှာလေးတွင် နေကာမျက်မှန် တပ်ဆင်ကာ နီဆွေးသော နှုတ်ခမ်းပိုင်ရှင်လေးမှ ပြုံးပြ၏။
ထိုအလှလေးဘေးတွင် ရင်းနှီးနေသော မေးရိုးကားကား၊ နှာခေါင်းပေါ်ပေါ်လူကို တွေ့လိုက်ရသည်။
ထိုလူမှာ လက်ထဲ၌ တုတ်တစ်ချောင်းလည်း ကိုင်ထား၏။
“ဟောလေး ထပ်တွေ့ပြန်ပြီနော်”
လူးကပ်စ်မှ ယဉ်ကျေးပုံဖြင့် ပြုံးကာ ပြောလေသည်။
ဟောမှာတော့ မျက်လုံးပြူး မျက်ဆံပြူးဖြင့် မေးများ တဆတ်ဆတ် ရိုက်ကာ
“ဆ ဆရာ ဘာကိစ္စရှိလို့လဲ”
“မင်းတို့ကို တွေ့ဖို့ပေါ့”
လူးကပ်စ် ပြုံးလျက်ပင် ပြောသည်။
သို့သော် ထိုအပြုံးသည် ဟောနှင့် ဟောက်အတွက်တော့ သားရဲတွေ့သော မုဆိုး၏အပြုံး ဖြစ်၏။
“အစ်ကိုဟောက်ရော”
ယုချင်း ရုံးခန်းကို ဝေ့ဝဲကြည့်ကာ မေးလိုက်သည်။
ထိုစဉ် အတွင်းရေးမှူးလေးမှ လက်ညှိုးထိုး၍
“မမလေးယု သူ ဟိုမှာ ပုန်းနေပါတယ်”
ထိုစဉ် ကြောင်ကို တွေ့ထားသော ကြွက်လေးကဲ့သို့ စားပွဲအောက်၌ ပုန်းနေသော ဟောက်ကို တွေ့ရလေသည်။ သူ့အမူအရာမှာ အလွန် ထိတ်လန့်နေပုံ ပေါ်ပြီး ကမ္ဘာပျက်နေသကဲ့သို့ပင်။
တကယ်ပါပဲ။ ထိုနှစ်ယောက်ကိုတွေ့ပြီး မကြောက်သည့်သူ မည်သို့ ရှိမည်နည်း။
အစ်ကိုဟောက်မှာ ယုချင်းနှင့် လူးကပ်စ်၏ ခါးနေရာကို လှမ်းကြည့်မိသည်။ သူတို့ လက်နက် ယူလာလားဟု ဖြစ်၏။ သူ စိတ်လှုပ်ရှားစွာ ငေးကြည့်ရင်း ထိုအခြေအနေကို တွေးနေမိသည်။
ယုချင်းမှာ ကုတ်အင်္ကျီ ထပ်ဝတ်ထားပြီး သေနတ် မထည့်လာပေ။
လူးကပ်စ်မှာတော့ တုတ်တစ်ချောင်း ကိုင်ထား၏။
အစ်ကိုဟောက် ထိုအခါမှ သက်ပြင်းချ၍ စားပွဲအောက်ထဲမှ ကုန်းကုန်း ကုန်းကုန်းနှင့် ထွက်လာသည်။ ထို့နောက် အားတင်း၍ ပြုံးလျက်
“ဒီအတိုင်း ဘောပင် ဆင်းကောက်နေတာပါ။ ဧည့်သည်တွေ ရောက်နေတာတောင် မသိလိုက်ဘူး”
ယုချင်း ပြုံးပြ၍ သူ့ပုခုံးကို အသာပုတ်ကာ
“ဟောက်လေး စိတ်မလှုပ်ရှားပါနဲ့။ ငါတို့ ဒုက္ခပေးဖို့ လာတာ မဟုတ်ပါဘူး”
ယုချင်း ပြောပြောဆိုဆိုနှင့် အစ်ကိုဟောက်ရှေ့မှ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
ဘော်ဒီဂတ် (၂) ဦးမှာ သူ့အနောက်တွင် ရပ်၍ တံခါးပိတ်လိုက်၏။
အစ်ကိုဟောက်နှင့် ဟောတို့ ဘေးချင်းယှဉ် ရပ်လျက် ဦးညွှတ်နေကြသည်။
အစ်ကိုဟောက်မှ ဂရုတစိုက်ဖြင့်
“တစ်ခုခု သောက်ဦးမလားဗျ”
“မလိုပါဘူး”
ယုချင်း လက်ယမ်းပြသည်။
“ဒါဆို ဘာကိစ္စများ ရှိလို့လဲ မသိဘူး”
အစ်ကိုဟောက် ကြောက်ကြောက်လန့်လန့်ဖြင့် ထပ်မေးသည်။
ယုချင်း နေကာမျက်မှန်ကို တွန်းဖယ်ကာ
“မင်းက ဉာဏ်ကောင်းသားပဲ။ အရမ်း မတုံးဘူး။ ငါတို့ မေးစရာရှိလို့ လာခဲ့တာ”
သူ ‘မေးစရာ’ ဟူသည့်နေရာတွင် ဖိ၍ လေးလေးနက်နက် ပြောလေသည်။
ထိုအခါ အစ်ကိုဟောက် ချက်ချင်းပြုံးလျက်
“မေးရုံတင် မကဘူး။ အမိန့်ပေးရင်တောင် အကုန် လုပ်ပေးမှာပါ”
“အဲ့လောက် လွယ်လား”
ယုချင်း မျက်တောင်တဖျတ်ဖျတ် ခတ်ရင်း ဟောနှင့် ဟောက်တို့၏ အမူအရာကို စိုက်ကြည့်နေ၏။
နှစ်ဦးလုံးမှာ အသီးပုပ်များကဲ့သို့ ရှုံ့တွ၍ ငိုမလို ရယ်မလိုဖြင့် ယုချင်းမေးခွန်းကို ပြန်မဖြေနိုင်ဘဲ တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည်။
ယုချင်း ခေါင်းငြိမ့်လိုက်သည်။ သူတို့အမူအရာမှာ ထင်ထားသည့်အတိုင်းပင်။
ထို့နောက် ပြုံးလျက်
“မင်းတို့က အရမ်း ပူးပေါင်းပေးချင်နေတာ ဆိုတော့လည်း အခက်တွေ့အောင် မလုပ်တော့ပါဘူး။ အခု လာရတဲ့ တကယ့်အကြောင်းအရင်းက ငါတို့အဖွဲ့မှာ ပူးပေါင်းဖို့ပဲ။ ဘယ်လိုလဲ”
ယုချင်း စကားဆုံးသည်နှင့် လူးကပ်စ်၊ အတွင်းရေးမှူးနှင့် ဘော်ဒီဂတ် (၂) ဦးတို့မှာ အစ်ကိုဟောက်နှင့် ဟောတို့ကို စိုက်ကြည့်နေလေသည်။
ဟင့်အင်းဟု ငြင်းသည်နှင့် အဖြေတစ်ခုတည်းသာ ရှိလိမ့်မည်။
သေခြင်း။