ထင်တဲ့အတိုင်းပဲ
Vol. 30 Ch. 437
အန်လင်းမြို့။
တောင်ပိုင်း၏ တိတ်ဆိတ်သည့် ဆောင်းရာသီနံနက်ခင်းမှာ အရှိန်အဝါတစ်ခု ရှိနေသည်။
ရွှေချည်မျှင်များ တန်းလျက် မြူခိုးဖြူများ ရစ်ဆိုင်းကာ ညကန့်လန့်ကာကို လှစ်ဟလိုက်သည်။
ခပ်လှမ်းလှမ်းမှ တောင်တန်းများသည် မီးခိုးစိမ်းရောင်ဖြင့် အသက်ဝင်နေသည်။ နူးညံ့သော လေညင်းမှာ အန်လင်းမြစ်ကိုဖြတ်ကာ တိုက်ခတ်လာပြီး သစ်ပင်များကို လှပစွာ ယိမ်းနွဲ့စေ၏။ လရောင်အောက်တွင် လှပခဲ့သော နှင်းမှုန်ငယ်များမှာတော့ နေရောင်ခြည်ကြောင့် အရည်ပျော် ပျောက်ကွယ်သွားကြလေပြီ။
လင်းချွမ် မနက် (၁၀) နာရီအထိ နှစ်ခြိုက်စွာ အိပ်နေဆဲပင်။
သူ အလုပ်လည်း သွားစရာမလို၊ ရဲစခန်းသို့လည်း စစ်ဆေးရန် ကူညီစရာမလိုပေ။
ကုမ္ပဏီကို ကျန်းမှ ကြည့်ပေးထားပြီး ရဲစခန်း၌ ရှန်ချန်းချန်း၊ ဟူတာချန်းတို့ သူ့အလုပ်နှင့်သူ ရှုပ်နေကြသည်။ ရှချင်းချင်းလည်း ဆိုက်ဘာဌာန၌ ကားလ်နှင့် စတိဗ်တို့ကို မေးမြန်းစစ်ဆေးလျက် ရှိ၏။
ဆာနီယာမှ လက်နက်ဒီဇိုင်း ခိုးကူးသည့်ကိစ္စများအတွက် လင်းချွမ်မှ အမျိုးသား လက်နက်ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် စွန်းချန်းကို သက်သေများ ပေးထားပြီးလေပြီ။ စွန်းချန်းမှ သူ့လက်ထဲသာ အပ်၍ လင်းချွမ်အား အေးဆေး အနားယူရန် ပြောထားသည်။
လင်းချွမ် ယခု စိုးရိမ်မိသည်မှာ ထိပ်တန်းအေးဂျင့် ဝတ္ထုထွက်ရန် ဖြစ်၏။
သို့သော် အယ်ဒီတာ ယုယွီမှ ရင်ဘက်ကို ယုံကြည်ချက်အပြည့်ဖြင့်ထု၍ အာမခံလေသည်။ ဒီတစ်ခါ သေချာပေါက် ပြဿနာမရှိနိုင်၍ လင်းချွမ်အား စိတ်ချလက်ချနေရန် ပြောထားသည်။
ထို့ကြောင့် လင်းချွမ် လတ်တလော အချိန်စာရင်း မရှိဘဲ သဘာဝအတိုင်း နိုးသည်အထိ အိပ်နေတော့၏။
လင်းချွမ် နိုးလာသောအခါ အကြောဆန့်၍ လိုက်ကာကို ဖယ်လိုက်သည်။
ထိုအခါ နေရောင် အရမ်းမစူးဘဲ ကောင်းကင်ပြာကို တွေ့ရ၍ စိတ်ထဲတွင် ပေါ့ပါးလန်းဆန်းသွား၏။
လင်းချွမ် လေပြည်ညင်းကို ရှူရှိုက်မိသောအခါ နွေးထွေးသော မြေသင်းနံ့ကို ရရှိလေသည်။
ထမင်းစားပွဲပေါ်၌ ကျန်းချန်ထားခဲ့သော စာတိုလေးကို တွေ့ရ၏။
သူဌေး ကျွန်မ ကုမ္ပဏီသွားကြည့်ပေးလိုက်ဦးမယ်။ နိုးရင် မနက်စာစားဖို့ မမေ့နဲ့နော်။
စာအောက်တွင်မူ အသဲပုံလေး ပါသေးသည်။
စာရွက်အပိုင်းလေးဘေး၌ ဝက်သားစွပ်ပြုတ် နွေးနွေးလေးနှင့် နွားနို့တစ်ခွက် ရှိနေ၏။
စဉ်းစားပေးတတ်လိုက်တာ။
လင်းချွမ် ပြုံး၍ တွေးမိသည်။
ထို့နောက် မျက်နှာသစ်၊ သွားတိုက်ကာ မနက်စာ စားလိုက်သည်။
မနက်စာစားရင်း စနစ်မှ စာအုပ်အခြေအနေကို ဝင်ကြည့်၏။
[စာအုပ်: ထိပ်တန်းအေးဂျင့်]
[လက်ရှိအခြေအနေ: ထုတ်ဝေပြီး]
[အောင်မြင်မှုစံနှုန်း: ၄၂၁၀၉/၁၀၀၀၀၀]
“(၄) သောင်း (၂) ထောင်ကျော်လား”
လင်းချွမ် အံ့ဩသွားမိသည်။ ပထမဆုံးနေ့၌ပင် subscribe လုပ်သူ အရေအတွက်မှာ ထင်ထားသည်ထက် ကျော်လွန်နေ၏။
လင်းချွမ်တစ်ယောက် အခြားစီးပွါးရေးလုပ်ငန်းများ၌လည်း အောင်မြင်ကာ ဝင်ငွေ ရရှိသော်လည်း အွန်လိုင်းဝတ္ထုရေးခြင်းမှ အဓိက ချမ်းသာနေသည်မှာတော့ မငြင်းနိုင်ချေ။
ယခုအခါ သူ့အတွက် ကြပ်တည်းခြင်း မရှိတော့။
ထို့ကြောင့် ကုမ္ပဏီဝင်ငွေ၊ အရုပ်စက်ရုံဝင်ငွေများနှင့် ယှဉ်လျှင် ဝတ္ထုရေးခြင်းမှ အောင်မြင်မှုသည်သာ ပိုစိတ်လှုပ်ရှားမိသည်။
လင်းချွမ် ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ထဲ ဝင်ကြည့်လိုက်၏။
ထို့နောက် ခဏစဉ်းစား၍ ကောမန့်များအား စိတ်ဝင်တစား ဖတ်ကြည့်မိသည်။
[မစ္စတာလင်းကတော့ ဘယ်တော့မှ စိတ်မပျက်စေရဘူး]
[ညီအစ်ကိုတို့ အေးဂျင့်ဖြစ်ချင်ရင် ဆက်သွယ်ရမယ့် အချက်အလက် ပေးခဲ့နော်။ ကျွန်တော့်မှာ အဆက်အသွယ် ရှိတယ်။ လုံးဝ လိမ်နေခြင်း မဟုတ်ပါ။ မဟုတ်ခဲ့ရင် ရုပ်ချောချော အရပ်ရှည်ရှည်လေး ဖြစ်ပါစေလို့ ကျိန်ရဲတယ်]
[တို့တွေအားလုံး ညီအစ်ကိုတွေပဲ။ ဆိုက်ဘာရဲဌာနကလူ မရှိဘူးလား]
[နောက်ကျသွားပေမဲ့ အခု ရောက်ပါပြီ။ ဒါပေမဲ့ ဆိုက်ဘာရဲ မဟုတ်ဘူး။ လုံခြုံရေးဗျူရိုက]
[အံမယ် မင်းက လုံခြုံရေးဗျူရိုကလား။ မင်းကို အရင် စစ်ဆေးရမယ်]
[မစ္စတာလင်းရဲ့ အစပိုင်းဇာတ်ကွက်ကို ကြည့်ရုံနဲ့ အရမ်း မိုက်လွန်းနေတယ်]
[တစ်ချက်ကြည့်ရုံနဲ့ သိသာနေတာပဲ]
[အဲ့အပိုင်းမှာ ကျောက်ယွန်းသမီးရဲ့ ကျောင်းလုံခြုံရေး လုပ်ရရင်တောင် အေးဂျင့်လို့ ခံစားမိမှာ မဟုတ်ဘူး။ လူကုန်ကူးတာနဲ့ ပိုတူမှာ]
[သူဌေးမတွေကို ကပ်ဖို့တွေးနေတာ ငါတစ်ယောက်တည်းလား]
[…]
လင်းချွမ်၏ လေးလံသောစိတ်မှာ သေဆုံးသွားရ၏။
သူ့စာဖတ်ပရိသတ်များမှာ အရင်အတိုင်းပင် မျှော်လင့်ချက်မရှိ ဖြစ်သည်။ လင်းချွမ်၏ စာအရေးအသား၊ ဇာတ်လမ်းများကို ချီးကျူးသည်က ရှားပါသည်။
အားလုံး တူညီစွာဖြင့် စနောက် အပြစ်ပြောထား၏။
“အမလေး ဘာပဲဖြစ်ဖြစ်ပါ။ ပထမဆုံးနေ့ကတည်းက ဒီလောက်ရတာ တော်တော်များနေပြီပေါ့။ ဝေဖန်တော့ရော ဘာဖြစ်လဲ”
လင်းချွမ် ကောမန့်များ ဖတ်ပြီးနောက် သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။
ထို့နောက် မနက်စာစားပြီးသောအခါ ရုတ်တရက် အထူးစာတစ်စောင် ဝင်လာသည်။ ကုဒ်ပုံစံဖြင့် ဖြစ်၏။
ထိုစာကို တွေ့သောအခါ လင်းချွမ် ခုနက ညစ်နေသောစိတ်များ လုံးဝ ပျောက်ကွယ်သွားသည်။
မိုးအုံ့ရာမှ ရုတ်တရက် ထွက်ပေါ်လာသော နေမင်းကဲ့သို့ ကြည်လင်လန်းဆန်းသွားလေ၏။
စာမှာ အရှေ့တောင်အာရှမှ ဖြစ်သည်။
အတိအကျဆိုရသော် မားစ်ဝက်ဘ်ဆိုဒ်၏ ဟောက်ထံမှ ဖြစ်၏။ ‘ငါးစာဟပ်ပြီ’ ဟူသော စကားကို ကုဒ်ဖြင့် ရေးထားခြင်းပင်။
သူ လင်းချွမ်နှင့် နောက်ဆုံးတွေ့ပြီးနောက် ထိုအလုပ်လက်ခံခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများကို နားထောင်ရင်း လင်းချွမ် တောင်ပံအောက် ခိုလှုံရန် ဆုံးဖြတ်ဖြစ်ခဲ့သည်။
ဟောက်နှင့် ဟောတို့မှာ ထူးထူးခြားခြား စွမ်းဆောင်ချက် မရှိခဲ့သော်လည်း လင်းချွမ်နှင့် ပူးပေါင်း၍ ရရှိမည့် အကျိုးအမြတ်များကို မငြင်းဆန်နိုင်ပေ။
ဤသို့ဖြင့် အကြိတ်အနယ် ဆွေးနွေးပြီးနောက် အံကြိတ်ကာ သင်းခွေချပ် (၁) နှင့် သင်းခွေချပ် (၂) ဟူ၍ အေးဂျင့်များ ဖြစ်လာကြသည်။
လင်းချွမ် စီစဉ်ထားသည့်အတိုင်းပင်။
ထိပ်တန်းအေးဂျင့် ထွက်ပြီးသည်နှင့် ယုချင်းနှင့် လူးကပ်စ်တို့ မားစ်ဝက်ဘ်ဆိုဒ်ကို ချက်ချင်း သတိထားမိကာ ကျန်းတို့အား လိုက်လံစုံစမ်းလေသည်။
ထို့ကြောင့် လင်းချွမ်မှ အကွက်ကျကျ ကြိုတင် စီစဉ်ထားခြင်း ဖြစ်၏။
လင်းချွမ် ထင်သည့်အတိုင်း ဟောနှင့် ဟောက်ထံသို့ ချဉ်းကပ်လာကြသည်။
လင်းချွမ် ခဏစဉ်းစား၍ စာပြန်လိုက်၏။
“ဘယ်လိုငါးစာမျိုး ဟပ်တာလဲ”
သင်းခွေချပ် (၁) ဟောက်မှ
“မြေပေါ်က ငါးရှဉ့်ကို မိသွားတာပါ။ အရသာရှိရှိကို စားနေပါတယ်”