အရှင်လိုချင်တယ်
Vol. 30 Ch. 440
ယုချင်း တိတ်ဆိတ်လျက် မှင်တက်နေမိသည်။
ရုံးခန်းတစ်ခုလုံးလည်း ငြိမ်သက်နေ၏။
ယခုပုံအတိုင်းဆိုလျှင် လင်းချွမ်ကို ပစ်မှတ်အဖြစ် လုချင်သူများစွာ ပေါ်ပေါက်လာတော့မည်။
အင်အားကြီးများ ပါဝင်လာလျှင် အခြေအနေ ပိုရှုပ်ထွေးကာ သူတို့အောင်မြင်နိုင်ခြေ လျော့သွားလိမ့်မည်။
ယုချင်း နှာခေါင်းရှုံ့လျက်
“လူတစ်ယောက်အတွက် ငါနဲ့ ပြိုင်ချင်တယ်ဆိုလည်း ဘယ်သူ့နည်းလမ်းက ပိုအားကောင်းပြီး သက်ရောက်မှု မြန်မလဲ ကြည့်ကြသေးတာပေါ့”
အန်လင်းမှာ သူ့အိမ်ကွင်းဟုလည်း ဆိုနိုင်ပါသည်။
ထို့ကြောင့် ယုံကြည်ချက်အတော်လေး ရှိနေခြင်းပင်။
“လင်းချွမ်ကိုမိရင် ပိုက်ဆံတော်တော် ရမှာ။ အဲ့ကနေ လျော်ကြေးတွေ ပြန်အဆင်ပြေနိုင်တယ်”
လူးကပ်စ်မှ ပြော၏။
“ဒီတစ်ခါ အရှင်ဖမ်းမယ်ပေါ့”
ယုချင်း စူးရှစွာကြည့်ရင်း ပြောလေသည်။
“အရှင်ဖမ်းတာလည်း ကောင်းပါတယ်။ အရင်တစ်ခါ ခီခီ မသုံးလိုက်ရတဲ့ လမ်းကြောင်း ရှိသေးတယ်လေ။ အဲ့ကနေ အရှေ့တောင်အာရှကို တိတ်တိတ်လေး ပြန်လို့ရတယ်”
ယုချင်းနှင့် လူးကပ်စ်တို့ လင်းချွမ်ကံကြမ္မာကို ဖန်တီးရန် ပြင်ဆင်နေကြသည်။
အန်လင်း၊ ၇၂၀ ကုမ္ပဏီ။
လင်းချွမ် ကျန်းအား ဖုန်းပြန်ပေးလိုက်ပြီး ပြုံး၍
“ဒီရက်ပိုင်း အယ်ဒီတာဟော မင်းကို လာဆက်သွယ်လိမ့်မယ်။ အန်လင်းကို လာခဲ့ဖို့သာ ပြောလိုက်”
ကျန်း ခေါင်းငြိမ့်ပြ၍
“ဒီလို ကိစ္စကြီးကို မမချင်းချင်းနဲ့ မမချန်းချန်းကိုလည်း ပြောရမှာ မဟုတ်ဘူးလား။ သူတို့ဆို ကူညီနိုင်မှာပဲ”
လင်းချွမ် ခဏစဉ်းစားပြီးမှ ခေါင်းယမ်းပြသည်။
“ဘာလို့လဲ”
“သူတို့ကို ပြောရမယ့်အချိန် မဟုတ်သေးဘူး”
လင်းချွမ် လေးနက်စွာ ပြော၏။
ရဲမေများသိလျှင် အခြေအနေမှာ ပိုအန္တရာယ်ရှိသည်။
ကျန်းသည် သူ့ဘေးတွင် အမြဲရှိနေသောကြောင့် စောင့်ရှောက်ပေးနိုင်သော်လည်း ရဲမေများမှာ တခြားနေရာတွင် သပ်သပ် ဖြစ်နေသည်။
ထို့အပြင် စိတ်ကြီးကြသောကြောင့် သတိလက်လွတ် ပြုမူမိမည်ကို စိုးရိမ်၏။
ယုချင်းတို့ကို မမိမချင်း မပြောသေးရန် ဆုံးဖြတ်လိုက်သည်။
“ကောင်းပါပြီ။ လျှို့ဝှက်ထားလိုက်ပါ့မယ်”
ကျန်း ခေါင်းငြိမ့်ပြ၏။
“ဒီအတောအတွင်းတော့ ကို့အနားမှာပဲ နေနော်။ တစ်ယောက်တည်း လျှောက်မသွားနဲ့”
လင်းချွမ် ကျန်းကိုဖက်လျက် ပါးလေးများကို ခပ်ဖွဖွ ညှစ်ရင်း ပြောလိုက်သည်။
ကျန်း နှာခေါင်းရှုံ့၍
“ဒါပေမဲ့ ရှင်က အိပ်ပဲ အိပ်နေတာ”
“အတူ အိပ်တာပေါ့ကွာ”
လင်းချွမ် မျက်လုံးလေးတစ်ဖက် မှိတ်ပြ၍ ပြော၏။
ကျန်း ရုံးခန်းပတ်လည်ကို လက်ညှိုးထိုးပြကာ
“ဒီလိုလုပ်ငန်းကြီးတွေကို စွန့်လွှတ်နိုင်လို့လား”
“ဒါပေါ့။ စာရေးပြီး ရှာကျွေးမှာပေါ့”
လင်းချွမ် ယုံကြည်ချက်အပြည့်ဖြင့် ပြော၏။
“သူဌေးရယ် ဝတ္ထုတွေ မရေးပါနဲ့တော့။ ကျွန်မ အခန်းငှါးခတွေနဲ့ ကျွေးနိုင်ပါတယ်”
“ဟားဟားဟား”
လင်းချွမ် လက်ယမ်းပြ၍
“တီဗီထဲမှာ တွေ့ဖူးတယ်လေ။ အိမ်ပိုင်ရှင် အဒေါ်ကြီးတွေက မျက်နှာမှာ သခွါးသီးတွေကပ်၊ ဆံပင်လိပ်တွေ ခေါင်းပေါ်တင်ပြီးတော့လေ။ အဲ့လို လုပ်မလို့လား”
ကျန်း အောက်နှုတ်ခမ်းလေးကိုက်လျက် ပါးလေးများ ရဲကာ
“ကျွန်မက အဲ့လိုပုံ ဖြစ်နေလို့လား”
နှစ်ယောက်သား စနောက် ပြောဆိုနေကြရင်း မျက်စိတစ်မှိတ်အတွင်း ညမှောင်သွား၏။
လင်းချွမ် အိမ်ရှိ ဆိုဖာပေါ်တွင် ပျင်းရိပျင်းတွဲလှဲကာ စာများ ပြန်နေသည်။
အဓိကမှာတော့ စွန်းချန်းနှင့် ဖြစ်၏။
သူ အမှုကိစ္စကို အေးဆေး ကိုင်တွယ်နိုင်သည်ဟု ဆိုသော်လည်း ပိုစိတ်ချရစေရန် လင်းချွမ်နှင့် မကြာခဏ လာတိုင်ပင်လေ့ ရှိသည်။
လျော်ကြေးမှာ ဒေါ်လာ သန်း (၃၀၀) ဖြစ်၍ တော်ရုံ အမှုမဟုတ်ပေ။
လင်းချွမ်မှာ အခြားလုပ်စရာလည်း မရှိသောကြောင့် လက်ခံဖြေကြားပေးနေ၏။
တီ တီ…
ထိုစဉ် အခြားစာတစ်စောင် ထပ်ဝင်လာ၏။
အန်ဂျလီနာထံမှ ဖြစ်သည်။
“အိုင်ဒေါလ် အခု ဘေးကင်းပြီလား”
လင်းချွမ် ခပ်မတ်မတ် ထထိုင်ကာ
“ဘေးကင်းပါတယ်။ အိမ်မှာလေ”
“တော်သေးတာပေါ့”
“ဘာလို့ မေးတာလဲ”
လင်းချွမ် မျက်မှောင်ကြုတ်ကာ ပြော၏။
“အခုပဲ သတင်းတစ်ခု တွေ့လို့။ ပို့ပေးလိုက်မယ်”
လင်းချွမ် ဝင်ကြည့်လိုက်သောအခါ နောက်ခံအနက်ပေါ်တွင် စာလုံးအဖြူဖြင့် ရေးထားသော ဓာတ်ပုံတစ်ခု ဖြစ်လေသည်။
[ပစ်မှတ်: လင်းချွမ်]
[ကြေး: ဒေါ်လာ သန်း (၁၀၀၀)]
[ငွေပေးချေမှု: အွန်လိုင်းဒင်္ဂါး]
[ဆောင်ရွက်ရန်: မသတ်ပါနှင့်။ အရှင် လိုချင်သည်]
လင်းချွမ်၏ အသေးစိတ် အချက်အလက်များ ပါဝင်လေသည်။
“ဒေါ်လာ သန်း (၁၀၀၀) တဲ့။ အတုဆန်လိုက်တာ”
လင်းချွမ် အန်ဂျလီနာအား ပြန်ပြော၏။
ကမ္ဘာပေါ်တွင် အချမ်းသာဆုံးလူပင် ဒေါ်လာ သန်း (၂၀၀၀) ကျော်ရုံ ရှိပါသည်။
ယခုတာဝန်တစ်ခုတည်း ဆောင်ရွက်ရုံဖြင့် ချက်ချင်း လူချမ်းသာအဆင့် ဖြစ်သွားနိုင်၏။
သို့သော် အန်ဂျလီနာမှ
“အိုင်ဒေါလ် ကြေးက အတုဆိုရင်တောင် ရေးထားတဲ့ပုံစံက BM နဲ့ တူတယ်နော်”
လင်းချွမ် လန့်ကာ ဝက်ဘ်ဆိုဒ်တစ်ခုကို သတိရသွားသည်။
BM မှာ တရားမဝင် ဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်ပြီး တော်ရုံလူ ရှာမတွေ့နိုင်ချေ။
ထိုဝက်ဘ်ဆိုဒ်၌ လုပ်ကြံသူများ ရှာပေးလေ့ ရှိ၏။
တာဝန်ကျဆုံး၍ဖြစ်စေ၊ ဖောက်သည် မကျေနပ်လျှင် ဖြစ်စေ ကြေးထဲမှ အပြည့် သို့ အချို့တစ်ဝက် ပြန်အမ်းရပါသည်။
လင်းချွမ် မေးစေ့ကိုပွတ်ရင်း ရေရွတ်မိသည်။
“BM က အရေးအသားပုံနဲ့တော့ တကယ် တူတာပဲ”
ထိပ်တန်းဟက်ကာတစ်ဦး ဖြစ်သောကြောင့် ထိုတရားမဝင် ဝက်ဘ်ဆိုဒ်များနှင့် ရင်းနှီးပါသည်။
“အိုင်ဒေါလ်”
အန်ဂျလီနာမှ စိုးရိမ်စွာ ထပ်ခေါ်လိုက်သည်။
လင်းချွမ် ထိုအခါမှ သတိပြန်ဝင်လာ၏။
“ကျွန်တော် အဲ့ဝက်ဘ်ဆိုဒ်ထဲ တကယ် ပါမပါ စောင့်ကြည့်ပေးထားပါ”
“ကောင်းပါပြီ”
ကြေး အတုဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဂရုစိုက်သည်က ပိုကောင်းပါသည်။
လင်းချွမ် သူ့အခန်းထဲ ထသွားကာ ချက်ချင်း ဝက်ဘ်ဆိုဒ်ကို ရှာလေ၏။ သူ့လက်ချောင်းများမှာ ကီးဘုတ်ပေါ်တွင် စန္ဒရားတီးသကဲ့သို့ လှပစွာ ကခုန်နေကြသည်။
မကြာမီ ဝက်ဘ်ဆိုဒ်ကို တွေ့ရလေ၏။