ဘယ်သူလဲ
Vol. 30 Ch. 441
လင်းချွမ် ချက်ချင်း BM ဝက်ဘ်ဆိုဒ်ထဲ ဝင်မွှေနေ၏။
သူ သိပ်မရှာလိုက်ရပေ။ ထိပ်ဆုံးတွင် သူ့နာမည်ကို တွေ့ရသည်။
သို့သော် ကြေးမှာ ခုနလောက် မများပေ။ ဒေါ်လာ (၁၀) သန်းမျှသာ ဖြစ်၏။
လင်းချွမ် လက်ကို ခေါင်းအနောက်မှီ၍ ထိုင်ခုံပေါ် သက်တောင့်သက်သာ ထိုင်လိုက်သည်။
ထို့နောက် သူ့လုပ်ကြံစာအား စိတ်ဝင်တစား ကြည့်နေ၏။
[ပစ်မှတ်: လင်းချွမ်]
[ကြေး: ဒေါ်လာ (၁၀) သန်း]
[ငွေပေးချေမှု: အွန်လိုင်းငွေကြေး]
[ဆောင်ရွက်ရန်: မသတ်ပါနှင့်။ အရှင်လိုချင်သည်]
ပုံမှန်အားဖြင့် အလုပ်လက်ခံသူရှိသွားလျှင် ကြေးကို ဖျောက်ထားလိုက်ပါသည်။ တာဝန်ကျရှုံးလျှင်တော့ ပြန်ပေါ်လာ၏။
ယခုအခါ အလုပ်ခေါ်စာ တင်ထားသည်မှာ မကြာသေး၍ မည်သည့်ကြေးစားမှ မရသေးဘဲ လင်းချွမ်လည်း တွေ့နေရခြင်း ဖြစ်သည်။
တစ်ဖက်မှ စိတ်ကြိုက် ကြေးစား မတွေ့သေး၍လည်း ဖြစ်နိုင်သည်။
“ငါ့ကို ဘယ်သူကအရှင်ဖမ်းချင်နေတာလဲ”
လင်းချွမ် စဉ်းစားရင်း ရေရွတ်မိ၏။
ဒေါ်လာ (၁၀) သန်းမျှမှာ စိတ်ဝင်စားစရာတော့ ကောင်းပါသည်။
လုပ်ကြံသူများအနေဖြင့် ဤတာဝန် ပြီးဆုံးသည်နှင့် အမှောင်လောကမှ အနားပင်ယူလိုက်နိုင်သည်။
ထိုပမာဏဖြင့် မည်သည့်နိုင်ငံတွင် နေသည်ဖြစ်စေ အတော်လေး သာသာယာယာ ရှိပေမည်။
ထို့အပြင် အွန်လိုင်းငွေကြေးဖြင့် ပေးသောကြောင့် လူသိစရာအခြေအနေကို ရှောင်ရှားနိုင်မည် ဖြစ်၏။
“အိုင်ဒေါလ် တွေ့လား”
ထိုအချိန်တွင် လင်းချွမ် ချက်ချင်း စာမပြန်လာသေး၍ စိုးရိမ်စွာ မေးလိုက်၏။
လင်းချွမ် သူ့လုပ်ကြံစာကို ဓာတ်ပုံရိုက်ကာ ပြန်ပို့လိုက်သည်။
“ကြေးက ဒေါ်လာ (၁၀) သန်းပါပဲ။ ကျွန်တော်ကိုယ်တိုင်တောင် လုပ်လိုက်ချင်တယ်”
ရုတ်တရက် ချမ်းသာသွားမည်ကို မည်သူက ငြင်းနိုင်မည်နည်း။
အင်တာနက် တစ်ဖက်ခြမ်းတွင်။
အန်ဂျလီနာတစ်ယောက် ပြုံးလျက်
“ဒီကြေးကလည်း နည်းတာတော့ မဟုတ်ဘူးနော်။ ကျွမ်းကျင် လုပ်ကြံသူတချို့တောင် မျက်စိကျနေလောက်ပြီ”
“သူတို့က ကျွန်တော့်ကို အရှင်လိုချင်တာပဲ။ အရမ်း စိုးရိမ်စရာတော့ မလိုပါဘူး”
လင်းချွမ် ခပ်အေးအေး ပြော၏။
သူ စိတ်ပူနေလျှင်ပင် ကျရောက်လာမည်သာ ဖြစ်ပြီး သူ့အရည်အချင်းမှာ ထိုလုပ်ကြံသူများအား ယှဉ်နိုင်လောက်ပါသည်။
မည်သို့ပင်ဖြစ်စေ တစ်ဖက်မှ သူ့ကို မသေစေလိုပေ။
“အရှင်လိုချင်တယ်ဆိုရင် ပိုဂရုစိုက်ရမှာပဲ။ ကိုယ်တွင်းကလီစာတွေပါ စစ်ဆေးမလို့လား မသိဘူး”
အန်ဂျလီနာမှ ရယ်မော၍ ပြောလိုက်သည်။
“ကျွန်တော်ကိုယ်တိုင်ပဲ သွားပြလိုက်ပါတော့မယ်”
လင်းချွမ်မှ ပြန်ပြော၏။
“ခိုင်းတဲ့သူကတော့ တော်တော် ချမ်းသာပြီး စိတ်ဆုံးဖြတ်ထားတဲ့ပုံပဲနော် ရှင့်ကို ရဖို့”
လင်းချွမ် ပြုံးလျက်
“ကျွန်တော်လည်း သူ့ကို စိတ်ဝင်စားပါတယ်။ သူ့အကြောင်း စုံစမ်းဖို့ စဉ်းစားလိုက်ဦးမယ်”
“အကူအညီ လိုသေးလား”
“မလိုပါဘူး။ လူရှာရတာ အရမ်းလွယ်”
“ဒါဆိုလည်း ဂရုစိုက်ဦးနော်။ ပြဿနာ မတက်စေနဲ့။ ရှင် တစ်ခုခုဖြစ်ရင် ကျွန်မမှာ ဝတ္ထုဖတ်စရာ မရှိတော့ဘူး”
အန်ဂျလီနာမှ ရယ်မော၍ ပြော၏။
မြောက်ဝင်ရိုးစွန်းပိုင်းမှာ ရေခဲနှင့် နှင်းများသာ ပြည့်လျက် ရှိ၏။
မည်သို့ပင်ဖြစ်စေ အန်ဂျလီနာ၏အခန်းမှာ အပူပေးထား၍ နွေးထွေးနေသည်။ သူ့အနက်ရောင် ကုတ်အင်္ကျီရှည်ကို ဝင်ပေါက်၌ ချိတ်ထားပြီး လည်ရှည်ဖိနပ်အမည်းကို အောက်တွင် ချထား၏။
ရုတ်တရက်။
အန်ဂျလီနာ၏ဖုန်းမှ အသံမြည်လာပြီး စာအသစ် ရောက်လာသည်။
သူ ဖွင့်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။
“ဒီအချိန်ကြီး တာဝန်တဲ့လား”
သို့သော် သူ ထလက်စအတိုင်း ထ၍ ကုတ်အင်္ကျီဝတ်ကာ လည်ရှည်ဖိနပ်စီးပြီး နှင်းတောထဲ ထွက်သွားတော့သည်။
အန်ဂျလီနာ၏ အသားအရည်သည်လည်း နှင်းကဲ့သို့ ဖြူစွတ်၍ အရပ်ရှည်ရှည်၊ ခန္ဓာကိုယ်လှလှနှင့် နှင်းတောထဲ ဖြတ်သန်းသွားသောအခါ နတ်သက်ကြွေလာသော နတ်သမီးလေးသဖွယ် ထင်မှတ်မှားရ၏။
နတ်မိမယ်လေးသည် တိတ်ဆိတ်မှောင်မိုက်သော တစ်နေရာသို့ ဦးတည်သွားနေသည်။
လင်းချွမ်ဘက်ခြမ်းတွင်မူ။
အန်ဂျလီနာနှင့် စကားပြောပြီးနောက် ခိုင်းစေသူ၏ အချက်အလက်ကို ရှာရလေသည်။
သူ့ကို ဒေါ်လာ (၁၀) သန်းဖြင့် အရှင်ဖမ်းခိုင်းထား၍ မည်သူဖြစ်ကြောင်းတော့ သိချင်ပါသည်။
လိုအပ်လျှင် လက်တုံ့ပြန်ခြင်းလည်း ပြုလုပ်ရဦးမည်။
လင်းချွမ် မေးစေ့ကိုပွတ်လျက် တွေးနေမိ၏။
သူ ပထမဆုံး သံသယဝင်မိသည်မှာ မော်ဂန်အုပ်စုပင်။
သူ့အတွက် ရန်သူကြီးမှာ ထိုအဖွဲ့သာရှိသည်။
သို့သော် သေချာစဉ်းစားကြည့်လျှင် မော်ဂန်အုပ်စုမှာ ထိုအပြုအမူမျိုး ပြုလုပ်မည် မဟုတ်ချေ။ ဟောက်နှင့်ဟောကို ထိန်းချုပ်ကာ လင်းချွမ်အား ချောင်ပိတ်ဖမ်းရန် ပြင်ဆင်ပြီးလေပြီ။
ဒေါ်လာ (၁၀) သန်း ထပ်အကုန်ခံရန် မလိုပေ။
“မော်ဂန်အုပ်စု မဟုတ်ရင် ဘယ်သူတွေလဲ”
လင်းချွမ် တွေးတောနေမိ၏။
‘အရှင်ဖမ်းရန်’ မှာ အဓိက ဖြစ်သည်။
သူ့ထံမှ တစ်ခုခု လိုချင်သည့်ကိစ္စ ရှိရမည်။
ဥပမာ နည်းပညာကဲ့သို့ ဖြစ်၏။
သူ တတ်သည့်နည်းပညာများမှာလည်း မနည်းပေ။ မည်သည့်အရာကို လိုအပ်သည်တော့ ဆက်စုံစမ်းရမည်။
“ငါ့နောက်မှာ အမျိုးသား လက်နက်ရှာဖွေရေးအဖွဲ့ရှိပြီး PHL-191 အဝေးထိန်း ဒုံးကျည်လောင်ချာရဲ့ ဒီဇိုင်နာချုပ်လည်း ဖြစ်နေတယ် ဆိုတော့ ဒီစစ်လက်နက် နည်းပညာတော့ ဖြစ်နိုင်ခြေ အများဆုံးပဲ”
လင်းချွမ် တွေးနေရင်း ကီးဘုတ်ပေါ်၌ လက်ချောင်းများ ပြေးလွှားသွားသည်။
BM ဝက်ဘ်ဆိုဒ်၏ အင်အားမှာ ရှုပ်ထွေး၍ လင်းချွမ် ထိုထဲတော့ ဝင် hack ခြင်း မလုပ်ချင်ပေ။