လက်ခံမယ်
Vol. 30 Ch. 442
ထို့ကြောင့် လင်းချွမ်တစ်ယောက် BM ဝက်ဘ်ဆိုဒ်မှ ဝန်ဆောင်မှုဌာနကို အရင်ဆုံး ဆက်သွယ်လေသည်။
ဌာနအနေဖြင့် ဖောက်သည်၏ အချက်အလက်များကို မပြောနိုင်သော်လည်း ဆက်သွယ်ရန် နည်းလမ်း ရှိ၏။
အခြား အရေးကြီးသောအချက်မှာ တာဝန်ဖြစ်သည်။
ထိုတာဝန်ကို အကောင့်အသစ်များအနေဖြင့် တွေ့ရန် မလွယ်သော်လည်း လင်းချွမ်တွင် ကံကောင်းစွာဖြင့် BM ဝက်ဘ်ဆိုဒ်၌ လုပ်ကြံသူအကောင့် ရှိသည်။
သူ ထိုအကောင့်ကို တစ်ဆင့် ပြန်ဝယ်ထားရခြင်း ဖြစ်သည်။
အမှောင်ဝက်ဘ်ဆိုဒ်များတွင် လုပ်ကြံသူ အကောင့်များ အပါအဝင် မည်သည့်အရာကိုမဆို ရောင်းဝယ်နိုင်ပါသည်။
လုပ်ကြံသူတစ်ဦးမှ ထိုအလုပ်ကို အနားယူလိုပါက အခြားတစ်ယေက်မှ တစ်ဆင့် ယူထားလိုက်လေ၏။
တစ်ခါက လုပ်ကြံသူတစ်ဦးသည် ကျားဖြန့်စက်ရုံမှ သူဌေးပေါင်ကို သတ်ပြီးနောက် အလုပ်ထွက်သွားလေသည်။
ထိုအခါ မည်သူမျှ နောက်ကြောင်းမစုံစမ်းနိုင်တော့ဘဲ ဟက်ကာတစ်ဦးလည်းဖြစ်သည့် လင်းချွမ်မှ အလွယ်တကူ ရသွားတော့၏။
လင်းချွမ် လျှို့ဝှက်ကုဒ်များထည့်၍ ဝင်လာသည်။
‘ဤတာဝန်ကို လက်ခံမည်လား’
လင်းချွမ် လက်ခံမည်ကို ရွေးလိုက်၏။
ချက်ချင်းပင် စကားပြောခန်းပုံစံလေး ပေါ်လာသည်။
ထိုနေရာမှ ဝန်ဆောင်မှုဌာနနှင့် စကားပြောနိုင်ပါသည်။
“မင်္ဂလာပါ လုပ်ကြံသူ ၂၈”
ဝန်ဆောင်မှုဌာနမှ စပြောလာ၏။
လင်းချွမ် ဝေ့ဝိုက်မနေဘဲ ချက်ချင်း အင်္ဂလိပ်လို စာပြန်လိုက်သည်။
“ကျွန်တော် ဒီအလုပ် လက်ခံချင်ပါတယ်”
လုပ်ကြံသူတစ်ဦးအနေဖြင့် စကားပလ္လင်ခံမနေဘဲ အချိန်ကုန်သက်သာစေရန် တန်းပြောလိုက်၏။
“ကောင်းပါပြီ။ စပွန်ဆာဘက်ကို အချက်အလက် တင်ပြပေးပါမယ်။ အချိန် အနည်းဆုံး နာရီဝက် ကြာပါမည်”
BM ဝန်ဆောင်မှုဌာနမှ ပြော၏။
လင်းချွမ်တစ်ယောက် အကောင့်ဝယ်ထား၍ ဤမျှ လွယ်ကူစွာ ဆက်ဆံပြောဆိုနိုင်ခြင်း ဖြစ်သည်။
သူ အချိန် မိနစ် (၃၀) ကို စိတ်ရှည်ရှည် စောင့်စားနေ၏။
မကြာမီ ဝန်ဆောင်မှုဌာနမှ စာပြန်လာလေသည်။
“နံပါတ် (၂၈) ရဲ့ ပထမအဆင့် စစ်ဆေးမှု အောင်မြင်ပါတယ်။ အခု စပွန်ဆာနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်အောင် စီစဉ်ပေးပါမယ်။ လျှို့ဝှက် စာပို့ခြင်း သို့ မိတ်ဆွေဖွဲ့ခြင်းများရှိလျှင် ဂရုစိုက်ပေးပါ”
လုပ်ကြံသူအဖြစ် လက်ခံခြင်းမှာ အပြင်အလုပ် ရှာရာတွင် ဖောင်တင်ခြင်း၊ လူတွေ့စစ်ဆေးခြင်းများ ကဲ့သို့ပင် အဆင့်ဆင့် ကျော်ဖြတ်ရပါသည်။
ပို၍ပင် အသေးစိတ်၍ အရေးကြီးသေး၏။
အဖွဲ့အစည်းကြီးလျှင် ကြီးသလောက် စနစ်ပိုကျ၏။
လင်းချွမ် ငြိမ်သက်စွာ ထိုင်နေသည်။
ရောက်လာမည့်အကောင့်အား စစ်ဆေးရန်လည်း အသင့်ပြင်ထားသည်။
မဟုတ်လျှင် အချိန်ကုန်ခံ၍ ဤနေရာတွင် ထိုင်စောင့်နေမည် မဟုတ်ပေ။
(၂) မိနစ်ဝန်းကျင် အကြာတွင်။
လျှို့ဝှက်စာထဲ၌ အချက်ပေးသံ ကြားရ၏။
ရောက်လာလေပြီ။
လင်းချွမ် ချက်ချင်း ဝင်ကြည့်လိုက်၏။
စာပို့သူမှာ ကျားကြီး အမည်နှင့်ဖြစ်ပြီး ပုံသည်လည်း ကျားပုံ တင်ထားလေသည်။
“တစ်ခု ပြောထားချင်တာက ဒီအလုပ်က အရမ်း အရမ်း အန္တရာယ်များပေမဲ့ အပိုဆုကြေး ပေးတာမျိုး၊ ကျေးဇူးတင်တာမျိုး ရှိမှာမဟုတ်ဘူး။ သူ့ကို အသက်ရှင်လျက်ရရင် ရပြီ။ မင်းအချက်အလက်တွေ ကြည့်တာတော့ မဆိုးပါဘူး။ လက်ခံလို့ ရတယ်။ ဒါပေမဲ့ အန္တရာယ်ကြီးတယ်နော်။ တကယ် လက်ခံမှာ သေချာလား”
လင်းချွမ် စာကိုဖတ်ပြီးနောက် ပြုံး၍
“လက်ခံပါတယ်”
“ကောင်းပြီ။ မင်းလိုလူမျိုးမှ သဘောကျတာ”
ကျားကြီးမှ ပြန်ပြော၏။
တစ်ဖက်တွင် လင်းချွမ်မှာ ကျားကြီး၏ အကောင့်ကို စုံစမ်းနေလေသည်။
ထို့နောက် အပြင်ပန်း၌ ဟန်မပြတ် စကားဆက်ပြောနေ၏။ သူ့အတွေ့အကြုံများနှင့် အောင်မြင်မှုများကို ပြောပြနေသည်။
“ကျားကြီး ကျွန်တော် ကျွမ်းကျင်မှုက ထိပ်တန်းနော်။ လုပ်ကြံသူတစ်ယောက် တတ်ထားရမယ့် အရည်အချင်း အားလုံးလည်း ရတယ်”
“ကောင်းတာပေါ့”
ကျားကြီး ပြုံးနေလေသည်။ သူ အစက လင်းချွမ်ကို ယှဉ်နိုင်မည့် လုပ်ကြံသူမျိုး မရမည်အား စိုးရိမ်နေခဲ့၏။
သူ လင်းချွမ်အပေါ် နားလည်သလောက် အန္တရာယ် မပေးတတ်သော အွန်လိုင်းစာရေးဆရာဟု ထင်ရသော်လည်း လုပ်ကြံသူအကြောင်း စာအုပ် ထွက်ဖူးနေသည်။
အခြားသူများမှာ သာမာန်ရေးရုံ ဖြစ်သော်လည်း လင်းချွမ်သည် အစစ်နှင့် တူလှ၏။
လုပ်ကြံသူတစ်ဦး၏ အရည်အချင်းများကိုလည်း ထည့်ပြောထားသေးသည်။
ထို့ကြောင့် အကောင့်နံပါတ် (၂၈) ကိုတွေ့ပြီး နောက်ကြောင်းအခြေအနေ ကြည့်သောအခါ ချက်ချင်း သဘောကျသွားသည်။
ကျားကြီးအနေဖြင့် သူ့ကို (၇၀-၈၀) ရာခိုင်နှုန်းအထိ ယုံကြည်သွားပါသည်။
လင်းချွမ်ကတော့ စကားအစ်အောက်ရင်း ပြောနေဆဲပင်။
သို့သော် ကျားကြီးမှာ အလွန်သတိကြီးပြီး စကားတစ်ခွန်းမှ မှားမထွက်လာပေ။
ထို့ကြောင့် လင်းချွမ်တစ်ယောက် အကောင့်စုံစမ်းခြင်း၌သာ မျှော်လင့်ချက် ရှိတော့သည်။
…
မြောက်ဝင်ရိုးစွန်း၊ မိုမြို့။
ထိုဒေသသည် ဟန်မြစ်အပိုင်းထက် အချိန် (၅) နာရီ နောက်ကျနေ၏။ ထို့ကြောင့် လင်းချွမ်တို့မြို့တွင် ည (၉:၃၀) ဖြစ်သော်လည်း မိုမြို့၌ ညနေ (၄:၃၀) သာ ရှိသေးသည်။
တူညီချက်တစ်ခုမှာတော့ ကောင်းကင်ဖြစ်သည်။
မိုမြို့တွင် လတ္တီတွဒ် မြင့်သောကြောင့် ဒီဇင်ဘာလ၏ ညနေစောင်းမှာပင် ကောင်းကင်၌ နက်ပြာရောင် မှုန်မှိုင်းမှိုင်း ဖြစ်နေလေပြီ။
အနက်ရောင် ဝတ်ရုံရှည်နှင့် လည်ရှည်ဖိနပ်တို့ကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးမှာ နှင်းတောကိုဖြတ်သန်းလာ၏။
သူ့ခေါင်းတွင် ဦးထုပ်တစ်လုံး ဆောင်းထားပြီး လက်များအား အိတ်ကပ်အတွင်း မြုပ်နေအောင် ထိုးထည့်ထားသည်။ ဆံနွယ်ရွှေရောင်များမှာ ဝဲကျနေပြီး ပါးရဲရဲလေးများအား အုပ်လုနီးပါး ဖြစ်နေ၏။ သို့သော် ကြည်လင်တောက်ပသည့် မျက်ဝန်းများကိုတော့ မည်သူမျှ တားဆီးနိုင်စွမ်း မရှိချေ။
လေများ တဝှီးဝှီး တိုက်ခတ်နေသည်။
နတ်မိမယ်လေးသည် ဆင်ခြေဖုံးရပ်ကွက်လေးဆီသို့ ဦးတည်သွားနေလေ၏။
လူနေနည်း၍ တိတ်ဆိတ်ပြီး အရှေ့နားတွင် ရုရှားစတိုင်လ် အဆောက်အဦများကို တွေ့ရသည်။
နတ်မိမယ်လေးမှာ အဆောက်အဦတစ်ခုရှေ့ အရောက်တွင် တံခါးကို တွန်းဖွင့်၍ အထဲသို့ ဝင်သွားလေသည်။
အခန်းထဲ၌ ဦးထုပ်ဆောင်းထားသည့် အမျိုးသားတစ်ဦး ရှိနေ၏။
ထိုလူမှ မိန်းကလေးကို စာတစ်စောင် လှမ်းပေးလိုက်သည်။
…
အပြင်ဘက်တွင် လေအလွန်ကြမ်းကာ ကြယ်ရောင် တဖျတ်ဖျတ် လက်နေသည်။ တောက်ပသော လရောင်မှာတော့ ခရီးသွားများအတွက် လမ်းပြသဖွယ် တာဝန်ထမ်းဆောင်နေ၏။