သူဆိုရင် မရဘူး
Vol. 30 Ch. 443
“ငြင်းတယ်လား”
ရုရှားစတိုင်လ် အဆောက်အဦ၏ အခန်းထဲတွင် သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ အညိုရောင် ဦးထုပ်ကို ဆောင်းထားပြီး မော့ကြည့်လိုက်သည်။ သူ့စူးရှသော မျက်လုံးများမှာ သားကောင်တွေ့သော သိန်းငှက်ကဲ့သို့ အရောင်လက်နေ၏။
မိန်းကလေးမှာ ခပ်တည်တည်ဖြင့် ဦးထုပ်ကို သူ့ဘေးမှထိုင်ခုံအား ချိတ်ကာ ဝင်ထိုင်လိုက်သည်။ ထို့နောက် အရှေ့မှ လူကို စိုက်ကြည့်၍
“ဟုတ်တယ်”
အညိုရောင်ဦးထုပ်နှင့်လူမှာ မျက်မှောင်ကြုတ်လျက်
“ဒီတာဝန် ဘယ်လောက် အရေးပါလဲ သိရဲ့လား”
“ဒါပေါ့။ အသေးစိတ်ကို ဒီထဲမှာ အကုန်ရေးထားတယ်”
မိန်းကလေးမှ ခေါင်းငြိမ့်ပြ၍ ချက်ချင်း စကားလမ်းကြောင်း လွှဲလိုက်သည်။
“ဒါနဲ့ အဲ့လူက ကျွန်မအတွက် ဘယ်လောက် အရေးပါလဲရော သိရဲ့လား”
“မင်းအတွေးတွေက မဟုတ်သေးဘူး”
ထိုလူမှာ အေးစက်စွာ ပြော၏။ သူ့အသံမှာ ရေခဲထက်ပင် အေးစက်၍ အနုတ်ကျနေသည်။
အခြေအနေမှာ တစ်ချက်ကြည့်ရုံဖြင့် ထိုအညိုရောင် ဦးထုပ်နှင့်လူမှာ နတ်မိမယ်လေးထက် ရာထူးမြင့်မှန်း သိသာလေသည်။
အပြင်ဘက်တွင် လောကကြီးမှာ အဖြူရောင် သိုးမွေးစောင်ကြီး လွှမ်းခြုံထားသကဲ့သို့ နှင်းများ ခေါင်မိုးနှင့် မြေပြင်များ၌ပါ နေရာအနှံ့ ဖွေးနေ၏။
တစ်လောကလုံးမှာ ငြိမ်သက်တိတ်ဆိတ်နေလေသည်။
ထို့အတူ အခန်းထဲ၌လည်း တိတ်ဆိတ်လျက် အသက်ရှူသံများနှင့် မိန်းကလေး၏ စာရွက်ခေါက်နေသည့်အသံကိုသာ ကျယ်လောင်သလို ကြားရသည်။
မျက်နှာကျက်မှ မီးရောင်မှိန်ပျပျမှာ မိန်းကလေးပေါ် ကျရောက်နေပြီး ပို၍လှပနေ၏။
သူ့ ရွှေရောင်ဆံနွယ်လေးကို သပ်တင်လိုက်သောအခါ နူးညံ့ချောမောသော မျက်နှာလေး ပေါ်လွင်သွားသည်။
သူ့မျက်လုံးညိုများကို လှန်ကြည့်ရင်း ခေါက်ထားသော စာရွက်ပိုင်းလေးအား လှမ်းပေး၍
“ကျွန်မစိတ်က ပြတ်တယ်။ မြောက်ဝင်ရိုးစွန်းအဖွဲ့အတွက် အသက်ပေးပါလို့ ပြောလာရင်တောင် ဘယ်လိုတာဝန်ဖြစ်ဖြစ် အောင်မြင်အောင် လုပ်ပေးမယ်။ ငြင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလူကတော့ မလုပ်ပေးနိုင်ဘူး”
ဦးထုပ်အညိုနှင့် အမျိုးသားမှာ တိတ်ဆိတ်လျက် မိန်းကလေး၏ စိတ်ကို ဖောက်ထွင်းမြင်နိုင်မလားဟု အမူအရာကို အကဲခတ်ကြည့်နေ၏။
သို့သော်။
မိန်းကလေး၏ အကြည့်များမှာ တည်ငြိမ်၍ အညိုနုရောင် မျက်ဝန်းများမှာ တုန်လှုပ် ကြောက်ရွံ့နေပုံ အလျင်းမရှိချေ။
အချိန်အတော်ကြာပြီးမှ။
အမျိုးသားမှ သက်ပြင်းချလိုက်ပြီး
“မင်းက ဒီတာဝန်အတွက် အသင့်တော်ဆုံးပဲ။ သူ့ကို အင်အားကြီးအုပ်စုတွေအားလုံး စောင့်ကြည့်နေကြတာ။ စလှုပ်ရှားတဲ့သူတွေတောင် ရှိနေလောက်ပြီ။ တခြားလူလက်ထဲသာ ရောက်သွားရင်…”
“မရောက်ပါဘူး”
မိန်းကလေးမှ စကားဖြတ်ပြောလိုက်သည်။
“မင်းယုံကြည်မှုနဲ့ ဆုံးဖြတ်လို့ရတဲ့ကိစ္စ မဟုတ်ဘူးကွ”
ထိုလူမှ လေးနက်စွာ ပြော၏။
ကိစ္စတိုင်းတွင် အခြေအနေ အမျိုးမျိုး ရှိနိုင်ပြီး ယုံကြည်မှုရှိရုံဖြင့် မဖြေရှင်းနိုင်ပေ။
“အလကား ယုံကြည်နေတာ မဟုတ်ပါဘူး။ သူ့လုပ်ဆောင်နိုင်စွမ်းက တကယ် ယုံကြည်ရလို့ ပြောတာ။ သူ့ကို ဘယ်သူမှ အန္တရာယ် မပေးနိုင်ဘူး”
ပြောပြောဆိုဆိုနှင့် ဖုန်းကိုဖွင့်ကာ ဟက်ကာလောက၊ ကျွမ်းကျင်လှသော လုပ်ကြံသူ၊ ရေခဲနက်၊ လက်နက်ဝိဇ္ဇာတို့ကို ပြလိုက်သည်။
ထိုထဲတွင်။
လက်ရှိ ဖတ်ရှုခြင်း: ထိပ်တန်း အေးဂျင့်။
“ဒါ စာအုပ်အသစ်လား”
ဦးထုပ်အညိုနှင့်လူမှ ဖုန်းကို သေချာကြည့်ကာ ရေရွတ်လိုက်သည်။
“ထိပ်တန်းအေးဂျင့်ကရော သူနဲ့ ပတ်သက်နေတာလား”
မိန်းကလေးမှာ ဂရုမစိုက်သလိုကြည့်၍
“လက်နက်ဝိဇ္ဇာကို ဖတ်ဖူးလား”
“မင်းလို နေ့တိုင်း ဝတ္ထုထိုင်ဖတ်နေဖို့ မအားဘူး။ အားလုံးတော့ subscribe လုပ်ထားပေမဲ့ သေချာမဖတ်ဖြစ်ဘူးလေ”
သူ့စကားကြောင့် မိန်းကလေးမှ
“Subscribe အားလုံး လုပ်ထားတာလား။ ဒါဆို မိတ်ဆွေလုပ်လို့ ရတာပဲ။ ဒါပေမဲ့ လက်နက်ဝိဇ္ဇာကို စိတ်မဝင်စားရင်တောင် ထိပ်တန်းအေးဂျင့်တော့ ဖတ်စေချင်တယ်။ အလုပ်အတွက် ပိုပြီး အထောက်အကူ ဖြစ်မှာပါ”
အမျိုးသားမှာ ဆိုဖာပေါ် မှီထိုင်လျက် အံ့ဩနေ၏။
ထိုမိန်းကလေးအမြင်တွင် ရာထူးကြီးသူဌေးထက် ဝတ္ထုဖတ်သူအဖြစ်မှာ ပို၍ သက်ရောက်မှုရှိပုံ ပေါ်သည်။
လက်နက်တီထွင်နည်း သိတာလောက်က ဘာဖြစ်လို့လဲ။
သူ့ဝတ္ထုဖတ်ရုံနဲ့ ငါ့အလုပ်က ဘာများ ပိုတိုးတက်မှာလဲ။
ထိုလူအနေဖြင့် မိန်းကလေး၏စကားမှာ ပိုနေသည်ဟု ထင်လေသည်။
အချို့လူများမှာ ထိုကဲ့သို့ပင်။ သူ စိတ်ဝင်စားသည်အား အတင်းအထူးပြု၍ အားနည်းချက်ကို မသိချင်ယောင်ဆောင်တတ်ကြသည်။
ယခု သူ့အရှေ့မှ မိန်းကလေးမှာလည်း ထိုကဲ့သို့ ဖြစ်၏။
“ကျွန်မဘက်က အခြေအနေကိုတော့ အကုန် ပြောပြီးပြီ။ ရှင် ယုံယုံ မယုံယုံ ရှင့်အပိုင်းပဲ”
မိန်းကလေးမှ ထိုသို့ပြော၍ မတ်တပ်ထရပ်ကာ ဦးထုပ်ယူဆောင်းလိုက်သည်။ ထို့နောက် ကုတ်အင်္ကျီကို ခပ်တင်းတင်းစေ့၍ စကားစဖြတ်လိုက်လေ၏။
“နေဦး”
ဦးထုပ်အညိုနှင့်လူမှ လှမ်းခေါ်လိုက်သည်။
မိန်းကလေးမှ
“ခုနက တာဝန်ပဲဆိုရင်တော့ ဘာမှ ဆက်ပြောစရာ မရှိပါဘူး”
“မင်းသဘောထားကို အထက်ကို သေချာ တင်ပြပေးလိုက်ပါမယ်။ ဘယ်လို ဆက်ဖြစ်မလဲကတော့ နောက်မှ အကြောင်းကြားတာပေါ့။ အရမ်း အတွေးမလွန်ဖို့ပဲ မျှော်လင့်ပါတယ်”
“ထပ်ပြောမယ်နော်။ ကျွန်မ ဘယ်လိုတာဝန်မျိုးမဆို အကုန် လုပ်ပေးနိုင်တယ်။ သူကလွဲလို့ပေါ့”
မိန်းကလေးမှ ထိုသို့ ပြော၍ အခန်းထဲမှ ထွက်သွားတော့၏။
ဘုံး!
ထိုအခါ အခန်းထဲတွင် ဦးထုပ်အညိုနှင့် အမျိုးသားတစ်ဦးသာ ငေးမောရင်း ကျန်ခဲ့လေသည်။
နတ်မိမယ်လေးမှာ ရုရှားအဆောက်အဦပုံစံထဲမှ တရွေ့ရွေ့ ထွက်ခွါသွားပြီး နှင်းတောထဲတွင် ခြေရာများ ကျန်ရစ်ခဲ့၏။
ညမှာ နက်ပြာရင့်ရောင် စိုလျက် နှင်းဖြူဖြူများ အဆက်မပြတ် ကျဆင်းနေသည်။
မိန်းကလေးသည် ကုတ်အင်္ကျီကို တင်းအောင်ဆွဲရင်း သူ့အိမ်သို့ အမြန် ပြန်ရောက်လာသည်။
အိမ်ထဲရောက်သည်နှင့် ဆိုဖာပေါ် သက်တောင့်သက်သာ ထိုင်ချကာ မပြီးသေးသော ဖတ်လက်စ ထိပ်တန်းအေးဂျင့်ဝတ္ထုကို ဆက်ကာ ဖတ်လေသည်။
သို့သော် ကြားထားသော သတင်းများကြောင့် ခုနကလို စိတ်အေးလက်အေးဖြင့် မဖတ်နိုင်တော့ချေ။
သူ ဆိုဖာပေါ် ခြေချိတ်၍ ထိုင်ရင်း သေချာတွေးတောပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့၏။