ပိုင်ရှန်လား
Vol. 30 Ch. 444
ဦးထုပ်အညိုနှင့်လူမှာ ရှုပ်ထွေးလှသော အလုပ်ချိန်ကို စီစဉ်၍ ထိပ်တန်းအေးဂျင့်အား ဖတ်နိုင်ရန် အချိန်ဖယ်ထားလိုက်သည်။
ဝတ္ထုမှာ ပြောသလောက် ကောင်းနေသည်လား။
တစ်ဖက်တွင်။
လင်းချွမ်မှာ ကုဒ်အမှတ် (၂၈) အကောင့်ဖြင့် ကျားကြီးအကြောင်းကို စုံစမ်းနေလေသည်။
သို့သော် စကားမအစ်နိုင်ဘဲ တစ်ဖက်မှ အလွန်သတိထားနေကြောင်း သိသာ၏။
လင်းချွမ်အနေဖြင့် မတတ်သာတော့ဘဲ သူ့အရင်အလုပ်ဖြင့် ကျားကြီး၏ အကောင့်ကွန်ယက်ကို နောက်ကြောင်းလိုက်ရန်သာ ပြင်ဆင်ရတော့သည်။
ယခုနောက်ကြောင်းလိုက်ခြင်းမှာ အရင်လို ကွန်ယက်တိုက်ခိုက်ခြင်းကဲ့သို့ မရိုးရှင်းပေ။
အဘယ်ကြောင့်ဆိုသော် သူ BM ဝက်ဘ်ဆိုဒ်မှတစ်ဆင့် ကျားကြီးနှင့် ဆက်သွယ်နေသောကြောင့် နောက်ကြောင်းလိုက်လျှင် BM ကွန်ယက်ထဲ ဝင်ရကာ မလိုလားအပ်သော ရန်သူများ ပိုပေါ်ပေါက်လာနိုင်သည်။
ထို့ကြောင့် ဂရုတစိုက် ချဉ်းကပ်ရ၏။
ညမှောင်လာသည်နှင့်။
လင်းချွမ်တစ်ယောက် ယခုအချိန်အထိ လန်းဆန်းနေသေးသည်။
ညဇီးကွက် မဟုတ်သည့် လူငယ်များ မည်သို့ ရှိမည်နည်း။
လင်းချွမ်တစ်ယောက် လုပ်ကြံမည်ကို ကြောက်၍တော့ မဟုတ်ပေ။
အောင်မြင်လာလေ အခက်အခဲလည်း များလာတတ်သည်။
သူ အရင်လို ဆင်းရဲသည့် လူငယ်လေး မဟုတ်တော့ချေ။
လင်းချွမ် အခန်းထဲမှ ခပ်ဖြည်းဖြည်း ထွက်လာကာ ရေနွေးတစ်ခွက်ထည့်၍ သောက်ချလိုက်သည်။
ထို့နောက် အကောင့်ရှာဖွေခြင်း စတင်တော့၏။
ကျားကြီး၍အနောက်တွင် မော်ဂန်အုပ်စုကဲ့သို့ အဖွဲ့အစည်းကြီး တစ်ခုခု ရှိပေလိမ့်မည်။
မော်ဂန်အုပ်စု၏ ဟက်ကာများမှာတော့ လင်းချွမ်အတွက် အရေးမကြီးသော်လည်း ယခုလို မသိရသေးသည့် အဖွဲ့အစည်းကိုမူ ဂရုတစိုက် ချဉ်းကပ်ရမည် ဖြစ်၏။
ထို့ကြောင့်လည်း ဟက်ကာလောကတွင် လင်းချွမ်အနေဖြင့် အရှုံးမရှိခဲ့ခြင်း ဖြစ်သည်။
ပြတင်းပေါက် အပြင်ဘက်တွင် ညမှာ တဖြည်းဖြည်း ပိုမှောင်လာ၏။
မြို့၏နီယွန်မီးရောင်များမှာ မြောက်လေနှင့်အတူ တလက်လက် တောက်ပနေသည်။
လင်းချွမ်မှာတော့ ကွန်ပျူတာကိုသာ အာရုံစိုက်၍ ကြည့်နေလေ၏။
အချက်အလက်များမှာ လှိုင်းကဲ့သို့ အဆက်မပြတ် ထွက်ပေါ်ကာ နောက်ကြောင်း စုံစမ်းခြင်း စတင်လေပြီ။
ကီးဘုတ်ပေါ်၌ လက်ချောင်းများ အလွန်လျင်မြန်စွာ လှုပ်ရှားနေ၏။
သူ BM ဝက်ဘ်ဆိုဒ်နှင့် ကျားကြီးတို့ကြားမှ ကွန်ယက်ကိုသာ အထူးဂရုပြုနေရ၏။
ယခုအဆင့်မှာ အတော်လေး အရေးကြီးပါသည်။
သို့သော် ပထမကွန်ယက် လေ့လာခြင်းမှာ မအောင်မြင်ပေ။
လင်းချွမ် နှာခေါင်းကိုပွတ်လျက် ရေရွတ်မိသည်။
“ဒီနေ့ ရန်သူက အဲ့လောက်တောင်လား”
လင်းချွမ်တစ်ယောက် ဝင်္ကပါထဲ လည်နေသကဲ့သို့ ရုတ်တရက် ရှေ့သို့ မဆက်နိုင် ဖြစ်နေ၏။
သူ့ကို ထိပ်တန်းဟက်ကာမှန်း သိလျက်ဖြင့် အဘယ်ကြောင့် ပိုက်ဆံပေး၍ ဖမ်းခိုင်းသနည်း။ ကျားကြီးအနောက်တွင် မည်သူ ရှိနေသနည်း။
လင်းချွမ် စိတ်ထဲမှ ကျိန်ဆဲမိပြီးနောက် VPN များစွာ ခံ၍ ပြန်ကြိုးစားပြန်သည်။
သို့သော် အချိန်တစ်ခုတော့ ပေးရ၏။
တဖြည်းဖြည်း ကွန်ယက်မှာ အရှေ့တောင်အာရှ၏ အနောက်မြောက်ပိုင်းတွင် အဆုံးသတ်သွား၏။
“တရုတ်နယ်စပ်လား”
လင်းချွမ် သူ့ရေကို ချက်ချင်း မော့လျက် မျက်မှောင်ကြုတ်ကာ ကြည့်နေမိသည်။
သူ ထိုဒေသကို ရင်းနှီးနေပါသည်။
ကျားဖြန့်စက်ရုံ တည်ရှိရာနေရာ ဖြစ်၏။
ယခု ဒေါ်လာ (၁၀) သန်းကိစ္စမှာ ကျားဖြန့်အဖွဲ့နှင့် ပတ်သက်နေသည်လား။
ထိုအဖွဲ့ခေါင်းဆောင် သူဌေးပေါင်မှာတော့ သေသွားပြီး တပည့် မီလည်း နောက်တစ်နေ့၌ ချက်ချင်း အဖမ်းခံလိုက်ရ၏။
ထို့ကြောင့် ဖြစ်နိုင်ခြေကိုလိုက်လျှင် ပိုင်ရှန်အုပ်စုမှ ဖြစ်နိုင်သည်။
“ပိုင်ရှန်အုပ်စုလား”
လင်းချွမ် ခပ်တိုးတိုး ရေရွတ်လိုက်၏။
ပိုင်ရှန်အုပ်စုမှာ မော်ဂန်အုပ်စုကဲ့သို့ပင် မှောင်ခိုလုပ်ငန်းများတွင် နာမည်ကြီးသည်။
သို့သော် အဓိက ကွာခြားချက်မှာ မော်ဂန်အုပ်စုသည် ဥရောပနှင့် အမေရိကန်တွင် အခြေချပြီး ပိုင်ရှန်အုပ်စုမှာတော့ အရှေ့တောင်အာရှ၌ နေရာယူထားသည်။
သူ့နောက်ကွယ်၌မူ လက်နက်ကိုင် အဖွဲ့အစည်းများ ရှိလေသည်။
လင်းချွမ် လူးကပ်စ်နှင့် ယုချင်းတို့၏ ကြားဖြတ်စကား နားထောင်စဉ်က ပိုင်ရှန်အုပ်စုကို လက်နက်ရောင်းမည့်ကိစ္စ ကြားလိုက်သေးသည်။
သို့သော် နောက်ပိုင်း အမှုပြီးသွား၍ အခြေအနေကို ဆက်မသိရတော့ပေ။
ဟင်…
လင်းချွမ် ရုတ်တရက် အတွေးတစ်ခု ဝင်လာ၏။
သူ့ကို အရှင်လိုချင်သည်မှာ လက်နက်နည်းပညာများကြောင့် ဖြစ်နိုင်သည်။
လင်းချွမ် တစ်ယောက်တည်း တွေးတောရေရွတ်နေမိသည်။
“ဒါဆို ပိုင်ရှန်အုပ်စုက ခဏခဏ တိုက်ခိုက်နေခဲ့တာပဲ”
လင်းချွမ် သဘောပေါက်သွားကာ ခုံအနောက်ကိုမှီ၍ ငြိမ်ကျသွားသည်။
မော်ဂန်အုပ်စုကို ရှင်းပြီးမှ ပိုင်ရှန်ထံ လှည့်ရမည်။