← Chapters

အခု ဘယ်မှာလဲ

Vol. 30 Ch. 445

အခု ဘယ်မှာလဲ

Vol. 30 Ch. 445

နောက်တစ်နေ့ နံနက်။ 

လင်းချွမ်တစ်ယောက် စောစောထ၍ ကျန်းနှင့် အလုပ်အတူသွားရန် ပြင်ဆင်နေသည်။ 

၇၂၀ ကုမ္ပဏီ၌ သူ ဖြေရှင်းရမည့်ကိစ္စအချို့ ရှိနေသေးသည်။ 

မော်ဂန်အုပ်စုနှင့် ပိုင်ရှန်အုပ်စုတို့၏ အရိပ်များ ကျနေ၍ ကျန်းကိုတစ်ယောက်တည်း လွှတ်မထားနိုင်ပေ။ 

“သူဌေး”

ဝရံတာမှ ကျန်းက လှမ်းခေါ်သည်။ 

ကျန်းရှင်းရှင်း နွားနို့တစ်ခွက်ကိုင်ကာ လင်းချွမ်အနီး ရောက်လာသည်။ 

သူ မီးခိုးရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ဒီဇိုင်နာချုပ်ဖြစ်၍ ခန္ဓာကိုယ်ကို ပိုပေါ်လွင်စေကာ ခြေတံရှည်များ ထင်းနေ၏။ ဖိနပ်မှာတော့ အကောင်းစားမှန်း သိသာစေသည့် သားရေလေဒီရှူးအား ဆင်မြန်းထားလေသည်။ 

လင်းချွမ် နွားနို့သောက်ပြီးနောက် သမ်းဝေလျက်

“ကိုတို့ကုမ္ပဏီလည်း ဘယ်တော့မှ ပိတ်ရက်ရမလဲနော်”

သူဌေးရာထူးဖြစ်နေသော်လည်း လင်းချွမ် ပိတ်ရက်ကို မျှော်မိပါသည်။ 

အွန်လိုင်းစာရေးဆရာတစ်ဦးအဖြစ်သာ နေခဲ့၍ ရုံးအလုပ်နှင့် မကိုက်လှပေ။ 

ကျန်းမှ ပြုံးလျက်

“နှစ်သစ်ကူးကစပြီး ပိတ်ရက်ရပါပြီ။ နည်းနည်းပဲ လိုတော့တယ်။ ဒါနဲ့ တစ်ရက်လေး အလုပ်လာပြီး ဘယ်လိုလုပ် ပိတ်ရက်အကြောင်း ပြောနိုင်ရတာလဲ”

“အလုပ်လုပ်ရင်း ပိတ်ရက်အကြောင်းပြောတာ လိုက်ဖက်တယ်လေ”

ကျန်း မျက်စောင်းလေးထိုးလျက်

“ဟုတ်ပါပြီ။ လိုက်ဖက်လွန်းပါတယ်”

“ခွင့်ယူတာမှ မဟုတ်တာ”

“ယူရင်လည်း အချိန်နဲ့ သေချာမှတ်ထားရမှာပေါ့”

ကျန်း သူ့လက်ကို လှမ်းတွဲကာ ပြော၏။ 

“ဒါနဲ့ သူဌေး ခဏနေ အင်တာဗျူးတွေမေးဖို့ ရှိသေးတယ်”

“နောက်ထပ်လား”

“ဟုတ်တယ်”

ကျန်း ခေါင်းလေးငြိမ့်ပြ၍

“ကားလ်နေရာမှာ လွတ်နေတယ်လေ။ နောက်ပြီး ဟိုတစ်လောက ရှင့်သတင်းကြောင့် ဧည့်ကြိုနဲ့ စာရေးတချို့ အလုပ်ထွက်သွားကြတယ်လေ။ သူတို့ကို လခမပေးနိုင်မှာစိုးပြီး”

“လက်တွေ့ဆန်လိုက်တာနော်”

လင်းချွမ် သက်ပြင်းချမိ၏။ 

“လျော်ကြေးက များတယ်လေ။ ရှင့်အခြေအနေကလည်း ဘာမှန်းမသိတော့”

ကျန်း ရယ်မောကာ ပြောသည်။ 

ထို့နောက် လင်းချွမ်အား အခန်းထဲ ခေါ်သွားကာ ပုခုံးအား နှိပ်နယ်ပေးလေသည်။ 

မကြာမီ ကျန်း အားလျော့လာ၍ နေရာပြောင်း၍ အလဲအလှယ်လုပ်လိုက်၏။ 

“အား လန်းဆန်းပေါ့ပါးသွားတာပဲ”

ကျန်း ပြုံးရွှင်၍ ပြောလိုက်သည်။ 

“နောင်တတောင် ရတယ်”

လင်းချွမ် ရယ်မော၍ ပြောလိုက်၏။ 

“ဘာကိုလဲ”

“ကုမ္ပဏီ ထောင်မိတာကိုလေ။ ပိုက်ဆံရတာကလွဲပြီး ဘာမှအသုံးမဝင်ဘူး။ ရှင်းရှင်းပဲ ပင်ပန်းရတယ်”

လင်းချွမ် သူ့ပါးလေးကို ခပ်ဖွဖွဆွဲ၍ ပြောလိုက်၏။ 

ကျန်း သူ့ကိုပြုံး၍ ကြည့်နေသည်။ 

“ရှင်းရှင်း ဒီရက်ပိုင်း ဂရုစိုက်နော်။ တစ်ယောက်တည်းတွေ မသွားနဲ့။ ကိုယ်နဲ့အတူ ရှိနေတာ အကောင်းဆုံးပဲ”

“သိပါတယ်။ ခဏခဏ သတိပေးပြီးပြီလေ။ သေချာ မှတ်ထားပါတယ်”

ကျန်း ယုံကြည်ချက်အပြည့်ဖြင့် ပြော၏။ 

“အင်တာဗျူးက ဘယ်လောက်ကြာမှာလဲ”

“ဒီနေ့က အပိုင်း (၂) ပိုင်း ခွဲထားတယ်။ လူလည်းများတယ်။ နိုင်ငံခြားသားတွေတောင် ပါသေး”

“နိုင်ငံခြားသားတွေက…”

လင်းချွမ် ပြောနေရင်း ရပ်သွား၏။ 

“သူတို့က ဘာလို့လဲ”

“သတိထားဦးလို့။ ထားလိုက်ပါ။ ဒီနေ့စာရင်းတွေ ကို့ကိုပေး။ ကိုယ်တိုင် စစ်ကြည့်လိုက်မယ်”

လင်းချွမ် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ 

“ကားလ်လို သူလျှိုတွေ ထပ်ပါမှာစိုးလို့ ကိုယ်တိုင် ကြည့်တော့မှာလား”

“သူလျှိုလား”

လင်းချွမ် ခဏစဉ်းစားပြီးမှ ဆက်ပြော၏။ 

“အဲ့တာလည်း ဟုတ်ပေမဲ့ မင်း အန္တရာယ်ကင်းဖို့ အဓိကပါ”

“ကောင်းပါပြီရှင်”

ကျန်း ပြောပြောဆိုဆိုနှင့် နာရီကို ကြည့်လိုက်သောအခါ (၉:၄၅) ဖြစ်နေလေပြီ။ 

“ကဲ အင်တာဗျူးသွားရတော့မယ်”

လင်းချွမ် သူဌေးရုံးခန်းထဲထိုင်လျက် ဟောက်နှင့် ဟောတို့၏ အခြေအနေကို စစ်ကြည့်နေသည်။ 

အေးဂျင့်အသစ်လေးများမှာ ထင်မထားသည့် နေရာမှ ကောင်းစွာ ပါဝင်သရုပ်ဆောင်နေ၏။ 

ထိုနှစ်ယောက်ကို အေးဂျင့်ဖြစ်နေမည်ဟု မည်သူက ထင်မည်နည်း။ 

နှစ်သစ်ကူးရက်ကို မော်ဂန်အုပ်စုမှ လှုပ်ရှားမည်ဟု သတင်းရထား၏။ 

လင်းချွမ် သက်ပြင်းချကာ

“တကယ်ပါပဲ။ နှစ်သစ်ကူးကျရင် အနားယူပြီး ကျန်းနဲ့ အေးဆေးအချိန်ပေးမလို့ကို။ မင်းတို့က ဒီအချိန်မှ ရွေးတာလား”

လင်းချွမ် ခဏစဉ်းစား၍

“(၁) လား (၂) လား”

သူတို့ သတ်မှတ်ထားသော လျှို့ဝှက်ကုဒ်အရ (၁) မှာ ယုချင်းဖြစ်ပြီး (၂) မှာ လူးကပ်စ် ဖြစ်၏။ 

အဓိပ္ပာယ်မှာ ယုချင်း လာမည်လား။ လူးကပ်စ် လာမည်လား ဖြစ်သည်။ 

သင်းခွေချပ် (၁) မှ ပြန်ဖြေလာသည်။ 

“(၁)”

ယုချင်း လာမှာပေါ့။ 

လူးကပ်စ်၏ ဒူးဒဏ်ရာ အရှင်းမပျောက်သေး၍ ခရီးဝေး မလိုက်နိုင်သောကြောင့် ပါမလာခြင်း ဖြစ်မည်ဟု တွေးမိပါသည်။ 

ထို့နောက် 

“(၃)” ဟု ပြန်ပို့လိုက်၏။ 

အိုခေဟူသည့် အဓိပ္ပာယ် ဖြစ်သည်။ 

ယုချင်း အမြင်တွင်တော့ နှစ်သစ်ကူးရက်တွင် ဟောက်နှင့်ဟောတို့ အန်လင်းသို့ သွား၍ ရှင်းရှင်းနှင့် ဝတ္ထုမူပိုင်ခွင့်ကိစ္စ ဆွေးနွေးမည် ဖြစ်၏။ 

လင်းချွမ်တစ်ယောက် ယုချင်း မည်သည့်အုပ်စုကို ခေါ်လာမည်အား တွေးနေမိသည်။ 

ထိုစဉ် ရုတ်တရက် စာဝင်လာ၏။ 

သူ ကွန်ပျူတာကို လှမ်းကြည့်လိုက်သည်။ 

“အိုင်ဒေါလ် အဆင်ပြေတယ်နော်”

အန်ဂျလီနာထံမှ ဖြစ်သည်။ 

မြောက်ဘက်ပိုင်း မိုမြို့မှ ထိုမိတ်တွေနှင့် အတော်လေး ရင်းနှီးနေလေပြီ။ သူတို့ စိတ်ဝင်စားသည့် နယ်ပယ်ချင်း တူကာ ဟက်ကာများလည်း ဖြစ်၏။ 

လင်းချွမ် ပြုံး၍ ပေါ့ပေါ့ပါးပါး စာပြန်လိုက်သည်။ 

“အားလုံး အဆင်ပြေပါတယ်။ ကျေးဇူးနော်”

“ပင်ပန်းလိုက်တာ။ တစ်ညလုံး အိပ်မပျော်ဘူး”

အန်ဂျလီနာမှ ပြော၏။  

“အိပ်မပျော်တဲ့ ရောဂါ ရှိနေတာလား”

“အဲ့လိုတော့ မဟုတ်ပါဘူး။ လေယာဉ်ပေါ်မှာဆိုတော့ ခုံကကျဉ်းတာနဲ့။ လေယာဉ်ပြောင်းစီးရတာနဲ့မို့လို့။ ဒါတောင် အထုပ်တွေ အများကြီး မယူလာမိတာ တော်သေးတယ်”

“ခရီးဝေး သွားနေတဲ့ပုံပဲ”

လင်းချွမ် ရယ်မော၍ ပြော၏။ 

“ခရီးကတော့ တကယ်ဝေးတာ။ (၁၀) နာရီကျော်ပြီ။ စီးရတာ”

အန်ဂျလီနာမှ ဆက်၍

“ဘယ်သွားတာလဲလို့ ဘာလို့ မမေးတာလဲ”

လင်းချွမ် ခဏစဉ်းစားပြီးမှ

“ဟက်ကာတစ်ယောက်အနေနဲ့ ခရီးဝေးသွားတယ် ဆိုတော့ တာဝန်အသစ် ရှိလို့လား”

ထိုအချိန်တွင် အန်ဂျလီနာမှာ ကော်ရစ်တာတစ်ခုပေါ် ထိုင်ရင်း လင်းချွမ်နှင့် စကားပြောနေသည်။ 

“တာဝန်အသစ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျွန်မအတွက်ဆိုလည်း ဟုတ်တယ်”

“ကိုယ့်အတွက်ကိုယ် အချိန်ပို လုပ်နေတာလား။ ထူးဆန်းလိုက်တာ”

လင်းချွမ် သူဌေးတစ်ယောက်အနေဖြင့် ထိုပုံစံမျိုး မတွေ့ဖူးချေ။ 

ဂုဏ်ယူသည့်ပုံဖြင့် ပြန်ပို့လိုက်၏။ 

“အိုင်ဒေါလ် ကျွန်မ ဘယ်မှာလဲဆိုတာ အခုထိ မမှန်းရသေးဘူးနော်”

အန်ဂျလီနာ ပြုံး၍ ထပ်ပြော၍။ 

“ဒါဆိုလည်း မှန်းကြည့်မယ်လေ။ မိုမြို့ကနေ (၁၀) နာရီကျော် သွားရတာဆိုတော့။ လေယာဉ်တွေလည်း ပြောင်းစီးရသေးတယ်။ ဥရောပက အီတလီကိုလား။ မာဖီးယားတွေနဲ့ သွားတွေ့တာလား”

လင်းချွမ် စနောက်လိုက်၏။ 

“မာဖီးယားလား။ သူတို့ကို စိတ်မဝင်စားပါဘူး။ ထပ်မှန်းကြည့်ဦး”

“ဒါဆို… ဘရာဇီးလား”

“မှားတယ်”

“အာဖရိက”

“မှားသေးတယ်”

“ကနေဒါ”

“မဟုတ်ဘူး”

“မော်ဒိုက်”

“နီးစပ်လာပြီ”

အန်ဂျလီနာပြုံး၍ ကြည့်နေစဉ် ကော်ရစ်တာမှ အသံထွက်လာ၏။ 

“မင်္ဂလာပါ အန်ဂျလီနာ။ အင်တာဗျူးဖြေဖို့ အလှည့်ကျပါပြီ”

သူ လှမ်းခေါ်သူကို ပြုံးပြ၍

“ဟုတ်ကဲ့ ဟုတ်ကဲ့”

သူ လင်းချွမ်အား အမြန်နှုတ်ဆက်လိုက်သည်။ 

“အိုင်ဒေါလ် ကျွန်မ အလုပ်လုပ်ရတော့မယ်။ ဒီလောက်ပဲနော်”

All Chapters