← Chapters

မိန်းမလှ (၂) ဦး တွေ့ဆုံခြင်း

Vol. 30 Ch. 446

မိန်းမလှ (၂) ဦး တွေ့ဆုံခြင်း

Vol. 30 Ch. 446

၇၂၀ ကုမ္ပဏီ၊ အင်တာဗျူးအခန်း။ 

ကုမ္ပဏီရုံးခန်းထောင့်၌ အင်တာဗျူးအခန်း ရှိနေပြီး (၁၆) ပေခန့်မြင့်ကာ ပြတင်းပေါက်မှ တောက်ပသော နေရောင်ခြည်များ ဖြာကျနေသည်။ အပြင်ဘက်တွင် ကားများ ရှုပ်ထွေး၍ ဆူညံနေသော်လည်း အထဲ၌ အေးစိမ့်ငြိမ်သက်နေလေ၏။ 

အခန်းအလယ်၌ လေးထောင့်ပုံ စားပွဲကြီးတစ်လုံး ရှိပြီး ညာဘက်ထောင့်၌ အင်တာဗျူးလာဖြေသူများ၏ အချက်အလက်ဖိုင်များကို တင်ထားသည်။ 

ကျန်းရှင်းရှင်း၊ လီချင်းနှင့် လူသားအရင်းအမြစ်ဌာန မန်နေဂျာတို့မှာ စားပွဲရှေ့တွင် ထိုင်နေကြ၏။ 

ယခုအပိုင်း၏ အင်တာဗျူးမေးမည့်သူများ ဖြစ်သည်။ 

၇၂၀ ကုမ္ပဏီမှာ ကြီးမားဖွံ့ဖြိုးလာပြီ ဖြစ်သော်လည်း ကျန်းရှင်းရှင်းကိုယ်တိုင် ဝန်ထမ်းရွေး၍ လီချင်းတို့ကိုလည်း အကူခေါ်ထားလေ့ ရှိ၏။ 

ထိုစဉ် ကျန်းမှ ရေသန့်ဘူးအသစ်ကို အဖုံးဖွင့်၍ တစ်ငုံ သောက်လိုက်သည်။ 

သူ စားပွဲဘယ်ဘက်ထောင့်တွင် ထိုင်လျက် လက်ပ်တော့ထဲမှ အချက်အလက်များကို ကြည့်နေ၏။ 

“ခုနကတစ်ယောက်က မဆိုးဘူးနော်။ သေချာ ထည့်စဉ်းစားရမယ်”

လီချင်းမှ ပြော၏။ 

သူ စားပွဲအလယ်တွင် ထိုင်လျက်ရှိသည်။ 

ကျန်း ခေါင်းငြိမ့်ပြ၍

“အင်း တော်မယ့်ပုံပါပဲ။ ဒါပေမဲ့ အေးဆေးပေါ့။ နောက်ထပ်လာမယ့်သူတွေ ရှိသေးတယ်လေ။ မန်နေဂျာကျောက် နောက်တစ်ယောက် ခေါ်လိုက်ပါ”

ညာအစွန်တွင် ထိုင်နေသော မန်နေဂျာကျောက်မှ ပြုံး၍

“ဒါ နောက်တစ်ယောက်ရဲ့ အချက်အလက်ပါ။ မြောက်ဝင်ရိုးစွန်း မိုမြို့ကတဲ့။ နည်းပညာ လုံခြုံရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တယ်လို့တော့ ပါတယ်”

အင်တာဗျူးခန်းထဲသို့ လာဗန်ဒါပန်းရနံ့လေး သင်းလာသည်။ 

ကျန်း မျက်မှောင်ကြုတ်မိသွားပြီး

“မြောက်ဝင်ရိုးစွန်း၊ မိုမြို့ကဆိုရင် ကျွန်မတို့နဲ့ တော်တော် ဝေးတာပဲ”

ဒေသမှာ မြောက်ပိုင်းနှင့် တောင်ပိုင်း ဖြစ်သောကြောင့် ထောင့်စွန်းနှစ်ခု ဖြစ်လေသည်။ 

လေယာဉ်နှင့်ပင် (၁၀) နာရီမျှ ကြာမြင့်မည် ဖြစ်၏။ 

အသက် (၃၀) ဝန်းကျင် မန်နေဂျာကျောက်မှ 

“ဒါရိုက်တာကျန်းရယ် ဒါက သူဌေးလင်းနဲ့ ဒါရိုက်တာကျန်းတို့ရဲ့ ဦးဆောင်မှုကောင်းလို့ နိုင်ငံတကာ လွှမ်းမိုးမှု ရှိလာတာပေါ့”

သူ့အသံမှာ နယ်သံခပ်ဝဲဝဲဖြစ်သော်လည်း ကျန်းရှင်းရှင်းအတွက် နားဝင်ချိုပါသည်။ 

သူ့ကို ချီးကျူးနေ၍ မဟုတ်ဘဲ လင်းချွမ်ကို ချီးကျူးပြောဆို၍ ဖြစ်၏။ 

လူတိုင်း ကိုယ့်ချစ်သူကောင်းကြောင်းကိုသာ ကြားချင်ပါသည်။ 

ကျန်းရှင်းရှင်းအတွက် လင်းချွမ်မှာ တစ်ဦးတည်းသော ချစ်သူလေး ဖြစ်လေ၏။ 

လင်းချွမ်ကို ချီးကျူးသံကြားသည်နှင့် အလွန်ပျော်ရွှင်နေမိသည်။ 

ရှေးခေတ်ဘုရင်များကဲ့သို့ တမင်မြှောက်သည့် စကားမှန်းသိသော်လည်း အတော်လေး နားဝင်ချိုပါသည်။ 

သို့သော် မန်နေဂျာကျောက်စကားမှာလည်း မှန်သင့်သလောက် မှန်နေ၏။ 

၇၂၀ ကုမ္ပဏီမှာ နိုင်ငံတကာအထိ အောင်မြင်မှု ရရှိနေလေပြီ။ 

မော်ဂန်အုပ်စု အာရှ-ပစိဖိတ်ရုံးခွဲမှ ဟက်ကာများနှင့် AW အဖွဲ့ကိုပင် (၂) ကြိမ်တိုင်တိုင် အနိုင်ယူခဲ့သည့် မှတ်တမ်းမှာ အလွန်ကြောက်စရာ ကောင်း၏။ 

ထိပ်တန်းဟက်ကာထဲ ပါဝင်သော AW ၏ ကားလ်လည်း ၇၂၀ ကုမ္ပဏီ၌ အလုပ်လုပ်ခဲ့ဖူးလေသည်။ 

ကျန်းမှာ အင်တာဗျူးဖြေမည့်သူ၏ အချက်အလက်ကို သေချာကြည့်ရင်း ‘အန်ဂျလီနာ’ ဟု ခပ်တိုးတိုး ရေရွတ်လိုက်၏။ 

ထို့နောက် စိတ်ဝင်တစားပြုံးကာ

“ကဲပါ။ သူ့ကို ခေါ်လိုက်တော့။ ဘယ်လောက်တော်လဲ ကြည့်ကြမယ်”

“ကောင်းပါပြီ”

မန်နေဂျာကျောက်မှ အပြင်ကို လှမ်းအချက်ပေးလိုက်သည်။ 

မကြာမီ အန်ဂျလီနာမှာ လက်ထောက်များ၏ ညွှန်ကြားမှုဖြင့် အခန်းထဲ ရောက်လာ၏။ 

ကျန်း မော့ကြည့်လိုက်သောအခါ အန်ဂျလီနာ၏ အကြည့်နှင့် ရုပ်ရည်ကြောင့် အလွန် လန့်သွားသည်။ 

နူးညံ့ပြီး အသေးစိတ်ကျလိုက်တာ။ 

ကျန်းရှင်းရှင်း ခိုး၍ သက်ပြင်းချမိ၏။ 

ပြတင်းပေါက်မှန်မှတစ်ဆင့် ထိုးဖောက် ဝင်ရောက်လာသော နေရောင်ခြည်မှာ အန်ဂျလီနာ၏ မျက်နှာလှလှလေးပေါ် ကျရောက်ကာ ဖြူဖွေးသော အသားအရည်သည် နီမြန်းလျက် မျက်လုံး၊ နှာခေါင်း၊ နှုတ်ခမ်းများမှာ အရိပ်ဖျော့ဖျော့ကျနေသည်။ တောက်ပသော မျက်ဝန်းမှာ လင်းလက်လျက် နှာတံမြင့်မြင့်မှာ မိုးယံသို့ပင် ချီနေ၏။ 

ရွှေဝါရောင်ဆံနွယ်များကို ခပ်မြင့်မြင့် စည်းထားပြီး လေညင်းနှင့်အတူ တလွင့်လွင့် လှုပ်ရှားနေ၏။ သူ့အလှမှာ ထင်ရှားလွန်း၍ အင်တာဗျူးမေးမည့်သူများအနေဖြင့် မှင်တက်နေကြသည်။ 

အလှကို အလှအတိုင်း မြင်တတ်ကြပါသည်။ 

သူလည်း အင်တာဗျူးမေးမည့်သူများကို သေချာ အကဲခတ်နေ၏။ 

စားပွဲ၏ ဘယ်ဘက်ထောင့်မှ မိန်းကလေးကို ချက်ချင်း သတိထားမိပါသည်။ 

လင်းချွမ်အနားအမြဲရှိခဲ့သူ ဖြစ်၏။ 

လင်းချွမ်မှာ သူ့အိုင်ဒေါလ် ဖြစ်သောကြောင့် ထိုမိန်းကလေးအကြောင်း စုံစမ်းထားမိပြီး ဖြစ်လေသည်။ 

သူ ကျန်းရှင်းရှင်းအား ပြုံးပြလိုက်၏။ 

ကျန်းမှာလည်း မိတ်ကပ်များများ မလိမ်းထားသည့်ပင် ဘဲဥပုံမျက်နှာသွယ်သွယ်လေးမှာ အန်ဂျလီနာထက် မလျော့ဘဲ လှပနေသည်။ အသားအရည်မှာလည်း စိုပြေနူးညံ့၍ ပွင့်လန်းခါစ ပန်းပွင့်လေးကဲ့သို့ ထင်မှတ်ရ၏။ 

မီးခိုးရောင်ဝတ်စုံမှာ ကိုယ်တိုင်းအတိဖြစ်နေသောကြောင့် လှပသော ကောက်ကြောင်းများ ပိုထင်ရှားနေသည်။ 

“ဒီမိန်းကလေးက တကယ်လှတာပဲ”

အန်ဂျလီနာ စိတ်ထဲမှ ရေရွတ်မိသည်။ 

All Chapters