ဆရာတူနေသလိုပဲ
Vol. 30 Ch. 447
မိန်းမလှလေးများမှာ စတွေ့တည်းက အကြည့်ဖြင့် နှုတ်ဆက်ပြီးကြလေပြီ။
“အန်ဂျလီနာနော် မင်္ဂလာပါ။ ထိုင်ပါဦး”
မန်နေဂျာကျောက်မှ အန်ဂျလီနာအား အင်္ဂလိပ်လိုပြော၍ ထိုင်ရန် လက်ပြလိုက်သည်။
အန်ဂျလီနာမှာ ပြုံး၍ တရုတ်လို ကျွမ်းကျင်စွာ ပြန်ပြောလေ၏။
“ကျေးဇူးတင်ပါတယ်ရှင်။ မင်္ဂလာပါ။ ကျွန်မနာမည်က အန်ဂျလီနာပါ။ ဒီကုမ္ပဏီမှာ နည်းပညာမန်နေဂျာအနေနဲ့ အလုပ်လျှောက်ထားပါတယ်”
လီချင်း ထိုအခါမှ သတိပြန်ဝင်လာကာ ကျန်းတို့ကို လှည့်ကြည့်မိသည်။
အန်ဂျလီနာမှာ မင်းသမီးများ ရှုံးလောက်အောင် လှလွန်း၏။
သူ့ကို အလုပ်ခန့်ထားလျှင် အလုပ်ထဲ စိတ်နှစ်နိုင်ကြပါဦးမည်လား။
ထို့အပြင် သူဌေးလည်း ရှိနေ၍ ကုမ္ပဏီ ပျက်စီးတော့မည်လား။
လင်းချွမ် ခံနိုင်ရည်ရှိမရှိ မသိသော်လည်း လီချင်းအတွက်တော့ အတော်လေး စိတ်တည်ငြိမ်အောင် ထိန်းနေရ၏။
ကျန်းမှာ သူ့စိတ်ကိုသိနေသလိုဖြင့် တစ်ချက်ကြည့်ပြီးမှ အန်ဂျလီနာအား လှည့်၍ ပြုံးပြသည်။
“မင်္ဂလာပါ။ အန်ဂျလီနာရဲ့ အလုပ်အတွေ့အကြုံ အကြောင်းလေး အကျဉ်းချုံး မိတ်ဆက်ပေးပါဦး။ ဒီအလုပ်နဲ့ ပတ်သက်တာပေါ့”
သူ လီချင်းအား အလှ၌ နစ်မျောမနေရန် သတိပေးလိုက်ခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူ လင်းချွမ်အပေါ် ယုံကြည်ချက် ရှိပါသည်။
သူ တစ်ခါမှ ထုတ်မပြောဖူးသော်လည်း ချန်းချန်း၊ ချင်းချင်း၊ ယုယွီ စသဖြင့် မိန်းကလေးအားလုံးကို သတိထားမိပါသည်။
ပုံမှန်အားဖြင့် ရိုးအေး၍ ကလေးဆန်သော်လည်း အရူးတော့ မဟုတ်ပါ။
သို့သော် ယခုအချိန်အထိ သတင်းထူးထူးခြားခြား မထွက်ခဲ့ပေ။
“ကျွန်မက မြောက်ဝင်ရိုးစွန်း မိုမြို့က HK ကုမ္ပဏီမှာ နည်းပညာ ဒါရိုက်တာအနေနဲ့ (၂) နှစ်လောက် အလုပ်လုပ်ခဲ့ပါတယ်…”
အန်ဂျလီနာမှ သူ့အလုပ်အတွေ့အကြုံကို သက်တောင့်သက်သာနှင့် ယုံကြည်ချက်ရှိရှိ ပြောပြနေသည်။
အရည်အချင်းမှာ အလွန်ထူးချွန်လွန်း၍ လီချင်းပင် သူ့ရာထူးအား သံသယဖြစ်မိပါသည်။
ထို့နောက်
“အရင်ကုမ္ပဏီမှာ နည်းပညာဒါရိုက်တာ လုပ်ခဲ့ပြီး ဟန်မြစ်အပိုင်းက ၇၂၀ ကုမ္ပဏီမှာ မန်နေဂျာရာထူးအတွက် ဘာလို့ ရောက်လာတာလဲ”
ထိုမေးခွန်းမှာ ကျန်းရှင်းရှင်းလည်း သိချင်နေ၏။
အန်ဂျလီနာ၏ အဖြေကို စိတ်ဝင်တစား စောင့်နေလေသည်။
အန်ဂျလီနာမှ ပြုံး၍
“အမှန်အတိုင်းပြောရရင် မြောက်ဝင်ရိုးစွန်း မိုမြို့မှာ နေရတာ အရမ်းပင်ပန်းနေပြီ။ ပြီးတော့ အန်လင်းမှာ ကျွန်မ လေးစားရတဲ့ပုဂ္ဂိုလ်လည်း ရှိနေတော့ ကြာကြာနေဖြစ်မယ်လို့ ယုံလို့ပါ”
သူ လာဗန်ဒါရနံ့ကို တစ်ချက် ရှူရှိုက်လိုက်ပြီး ကျေနပ်စွာဖြင့်
“ဒီနေရာကိုလည်း ကြိုက်တယ်လေ။ တောင်ပိုင်းက နေရောင်ခြည်က ချစ်စရာကောင်းပြီး သစ်ပင်တွေကလည်း စိမ်းစိုနေတယ်။ တိုက်ခတ်လာတဲ့လေကအစ အရမ်းလတ်ဆတ်တာပဲ”
လီချင်းနှင့် ကျန်းတို့ အချင်းချင်း လှည့်ကြည့်မိ၏။
လေးစားရတဲ့ ပုဂ္ဂိုလ်လား။
ဘယ်သူများလဲ။
သူတို့ အလုပ်အင်တာဗျူးချိန်ဖြစ်၍ ကိုယ်ရေးကိုယ်တာ မေးခွန်းမျိုး မမေးသင့်ပေ။
သို့သော် သူ့အရည်အချင်းမှာလည်း အလွန်ထူးချွန်၍ လင်းချွမ်ကိုပင် ယှဉ်နိုင်လောက်၏။
ဤသို့ဖြင့် အန်ဂျလီနာ၏ အင်တာဗျူးမှာ အပြစ်ရှာစရာမရှိအောင် ပြီးပြည့်စုံစွာ ပြီးဆုံးသွားသည်။
ထို့အပြင် လှပသော်လည်း မာနမကြီးသည့်အချက်၊ တရုတ်စကားကျွမ်းကျင်သောအချက်တို့မှာလည်း ထည့်တွက်စရာ ဖြစ်နေ၏။
သို့သော် လီချင်းမှာ ဆုံးဖြတ်ချက်ချမည့်သူ မဟုတ်ပေ။
သူ ကျန်းကိုကြည့်၍
“ဒါရိုက်တာကျန်း ဘယ်လိုမြင်လဲ…”
ကျန်း ခဏစဉ်းစားကာ
“သူ့နည်းပညာ အရည်အချင်းကရော ဘယ်လိုလဲ”
မန်နေဂျာတစ်ယောက်အတွက် စီမံအုပ်ချုပ်ရေးအပြင် ပညာရပ်ပိုင်း ကျွမ်းကျင်ရန်လည်း လိုအပ်ပါသည်။
လီချင်း ခေါင်းငြိမ့်ပြ၍
“ဒါရိုက်တာကျန်း အမှန်အတိုင်းပြောရရင် သူ့အဆင့်က ကျွန်တော့်ထက်တောင် မြင့်ပါတယ်”
“အဲ့လောက်တောင်လား”
ကျန်း အနည်းငယ် လန့်သွား၏။
လီချင်းမှာ လင်းချွမ်၏ တပည့်ရင်းဖြစ်ပြီး လင်းချွမ်သည်လည်း ပြိုင်ဘက်ကင်း ဟက်ကာတစ်ဦး ဖြစ်၏။
ယခု အန်ဂျလီနာမှာ လီချင်းထက် တော်သည်လား။
လီချင်း ခေါင်းငြိမ့်ပြ၍
“ဟုတ်တယ်။ ဒါပေမဲ့ ထူးဆန်းတဲ့ ခံစားချက်တော့ ရနေတယ်”
“ဘယ်လို ခံစားချက်လဲ”
လီချင်း ခဏစဉ်းစား၍
“ဒီအတိုင်း ဆရာတူနေသလိုမျိုး”
ကျန်း မျက်မှောင်ကြုတ်လျက်
“သူလည်း သူဌေးလင်းရဲ့နည်းပညာတွေကို သင်ထားတာလား”
“ထင်တာပါ”
လီချင်း နေရခက်စွာ ပြုံး၍ ပြော၏။
ကျန်း လက်ကျန်ရေကို ဆက်သောက်၍
“ကားလ်နဲ့ယှဉ်ရင်ရော”
“ကားလ်…”
လီချင်း ခဏငြိမ်နေပြီးနောက်
“ကားလ်က ကုမ္ပဏီထဲ လုပ်သွားပေမဲ့ သူ့အရည်အချင်းအမှန်တွေကို ဖုံးထားတော့ အဲ့လို ယှဉ်လို့တော့ မရဘူး”
“နားလည်ပြီ”
ကျန်း ခေါင်းငြိမ့်ပြ၏။
သူ ကိုယ်တိုင်လည်း မစဉ်းစားတတ်တော့၍ လင်းချွမ်ကိုသာ ဆုံးဖြတ်ခိုင်းရန် တွေးလိုက်သည်။
ထို့အပြင် မနက်က လင်းချွမ်မှ သူကိုယ်တိုင် တစ်ဆင့်ထပ်ကြည့်မည်ဟု မှာထားသေး၏။
ထိုထဲတွင် သူလျှိုပါနေမည်အား စိုးရိမ်ရပါသည်။
အေးဂျင့်လား။
ဒီလောက်လှတာ အေးဂျင့်ဖြစ်နိုင်တာပဲ။
လင်းချွမ်ဝတ္ထုထဲတွင်လည်း ထိုအချက်အကြောင်း ရှင်းပြဖူးပါသည်။
ကျန်း အန်ဂျလီနာ၏ ဖိုင်ကိုငေးကြည့်ရင်း တွေးနေမိသည်။
ထို့အပြင် အလွန်ဝေးလံသောနေရာမှ ရုတ်တရက် ရောက်လာခြင်းဖြစ်၍ အတော်လေး သံသယဝင်စရာ ရှိပါသည်။
သူလေးစားရတဲ့သူက ဘယ်သူလဲ။
ကျန်းတစ်ယောက် ရင်ထဲတွင် သံသယများ အမြစ်တွယ်လာ၏။
ဟူး။
သူ သက်ပြင်းချကာ အန်ဂျလီနာ၏ဖိုင်ကို ယူ၍
“လီချင်း ကျန်တဲ့သူတွေကို ဆက်ပြီး အင်တာဗျူးပေးထားပါဦး။ ဒီကိစ္စက အရေးကြီးမယ် ထင်တယ်။ သူဌေးနဲ့ သွားဆွေးနွေးလိုက်ဦးမယ်”
ထိုသို့ပြောပြီးနောက် အင်တာဗျူးခန်းထဲမှ ခပ်မြန်မြန် ပျောက်ကွယ်ကာ သူဌေးရုံးခန်းထဲ အပြေး ရောက်ရှိသွားလေသည်။