သူငယ်ချင်းတွေပါ
Vol. 30 Ch. 448
“သူဌေး”
ကျန်းမှာ ရုံးခန်းထဲ အပြေးလေး ရောက်လာ၍ မျက်နှာလေးရဲကာ အနည်းငယ် မောနေသည်။
“ရှင်းရှင်း ဘာဖြစ်လာတာလဲ”
လင်းချွမ် သူ့ကိုတွေ့သောအခါ ချက်ချင်း ထရပ်၍ အနားသို့ လျှောက်လာ၏။
ကုမ္ပဏီထဲနေရင်း လူဆိုးတစ်ဦးဦးနှင့် တွေ့လာသည်ဟုပင် ထင်ရလေသည်။
“ကျွန်မ…”
သူ ခဏအမောဖြေပြီးမှ တံခါးကို သေချာ လှည့်ပိတ်၍
“ကျွန်မ အေးဂျင့်တစ်ယောက် တွေ့လာတယ်”
“အေးဂျင့်လား”
လင်းချွမ် အမူအရာတင်းမာကာ မျက်မှောင်ကြုတ်သွားသည်။
“ဟုတ်တယ်။ အင်တာဗျူးလာတဲ့သူတွေထဲ ပါတာ”
ကျန်းမှ အမောတကော ပြောလေ၏။
“အင်တာဗျူး လာတဲ့သူတွေ”
လင်းချွမ် ကျန်းအတွက် ရေတစ်ခွက် ငှဲ့ပေးလိုက်ပြီး
“ရေအရင် သောက်လိုက်ပါဦး။ မလောနဲ့နော်။ ဖြည်းဖြည်း ပြောပြ။ ဘယ်လိုဖြစ်တာလဲ”
ကျန်းမှာ ရင်အစုံ နိမ့်ချည်မြင့်ချည်ဖြင့် အသက်ဝအောင် ရှူကာ လင်းချွမ်ငှဲ့ပေးသော ရေကို သောက်ပြီးမှ တောက်ပသော မျက်ဝန်းများဖြင့် ကြည့်၍
“သူဌေး ဒီလိုလေ။ ခုနကပဲ မြောက်ဝင်ရိုးစွန်းဘက်က မိန်းကလေးတစ်ယောက်ကို အင်တာဗျူးခဲ့တယ်။ အရပ်ကလည်း အရှည်ကြီးပဲ။ (၁၇၀) စင်တီလောက် ရှိတယ်။ ဘော်ဒီက အမိုက်စား။ မျက်နှာကလည်း အရမ်းအရမ်း လှတာ။ ကျွန်မလောက် ရှိတယ်။ တီဗီမှာ ပါနေကျ မင်းသမီးတွေထက်တောင် သာသေးတယ်”
“ပြီးတော့ရော”
လင်းချွမ် မနေနိုင်တော့ဘဲ ရယ်မော၍ စကားထောက်ပေးလိုက်၏။
ကျန်းမှာ သူ့ကိုပြုံးကြည့်၍
“အာ အဲ့တော့ သူ့ကို အေးဂျင့်လို့ ထင်လို့”
ကျန်း ခေါင်းတငြိမ့်ငြိမ့်ဖြင့်
“ဘယ်လိုပြောရမလဲ။ မြောက်ဝင်ရိုးစွန်းဆိုတာ ကျွန်မတို့ အန်လင်းနဲ့ မိုင်ပေါင်းသိန်းချီပြီး ဝေးတာလေ။ သူ့နည်းပညာ အရည်အချင်းကလည်း အရမ်းတော်တာ။ လီချင်းထက်တောင် သာတယ်တဲ့။ ပိုအရေးကြီးတာက နည်းပညာ မန်နေဂျာနေရာကို လာလျှောက်တာ။ အဲ့တာ ထူးဆန်းတာပေါ့”
“အဲ့တာနဲ့ပဲ သူ့ကို အေးဂျင့်လို့ သံသယ ရှိတယ်ပေါ့လေ။ ကို့ကို မြှူဆွယ်သွားမှာ စိုးလို့လား”
လင်းချွမ် သူ့ခေါင်းလေးကို အသာပုတ်၍ ပြော၏။
“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်”
ကျန်းမှာ အစာကောက်နေသော ကြက်ပေါက်လေးကဲ့သို့ ခေါင်းငြိမ့်ပြသည်။
“အမလေး… သူက မြှူဆွယ်နိုင်မှာလား။ မင်းလောက် လှတဲ့သူ လောကကြီးမှာ ရှိသေးလို့လား”
လင်းချွမ်မှ ပြန်မေး၏။
“ရှိတာပေါ့”
ကျန်း သူ့ကိုကြည့်၍ ပြုံးကာ
“သူဌေး စကားတွေ အရမ်းတတ်နေတယ်နော်”
လင်းချွမ် သူ့ဆံပင်လေးအား သပ်ပေးကာ ရယ်မောလျက်
“မစိုးရိမ်ပါနဲ့။ ကို့ကို အဲ့လောက်နဲ့ မြှူဆွယ်လို့ မရပါဘူး”
“ရှင့်အရင်ရည်းစား ဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲ”
ကျန်း စိတ်ဝင်တစား မေးလေသည်။
“ဘာကို အရင်ရည်းစားမှာလဲ”
လင်းချွမ် တက္ကသိုလ်တက်သည့်အချိန်ကတော့ သဘောကျသည့် မိန်းကလေး ရှိခဲ့ဖူးပါသည်။
မိန်းကလေးမှာ အလွန်လှပသော်လည်း ဘွဲ့ရပြီးသည်နှင့် တန်းလက်ထပ်သွား၏။ ယခုအခါ အခြားသူ၏ ဇနီးဖြစ်နေသောကြောင့် ရင်မခုန်နိုင်တော့ပေ။
ထို့အပြင် ရှန်ချန်းချန်း၊ ရှချင်းချင်း၊ ယုယွီတို့သည်လည်း သူ့အလှနှင့်သူ ရှိကြ၏။
သို့သော် အရည်အချင်းရှိ၍ လှပသော ကျန်းရှင်းရှင်းမှာ သူ့ဘေးတွင် ရှိနေသောကြောင့် တော်ရုံ မဆွဲဆောင်နိုင်မှန်း ယုံကြည်ချက်ရှိရှိ ပြောရဲ၏။
“ဒါက အဲ့အေးဂျင့်ရဲ့ ကိုယ်ရေးအချက်အလက်လား”
လင်းချွမ် ကျန်းလက်ထဲမှ ဖိုင်ကို လက်ညှိုးထိုးပြ၍ မေးလိုက်သည်။
“ဟုတ်ပါ့။ လာရင်းကိစ္စတောင် မေ့သွားတယ်”
ကျန်း သူ့နဖူးလေးသူ ရိုက်၍ ဖိုင်ကို လှမ်းပေးသည်။
“ဒါ သူ့အချက်အလက်တွေလေ။ ကြည့်ကြည့်လိုက်။ အေးဂျင့်ဖြစ်ဖို့ သေချာသလောက်ပဲ”
“ကောင်းပြီ။ ကို့ရဲ့ နတ်မျက်စိနဲ့ ရွှေအမြင်ဓာတ်ကို သုံးပြီး ဘယ်လိုနတ်ဆိုးမလဲဆိုတာ ကြည့်လိုက်မယ်”
လင်းချွမ် ရယ်မော၍ စနောက်ပြော၏။
ထို့နောက် ဖိုင်ကိုဖွင့်ကြည့်လိုက်ပြီး မကြာမီ မှင်တက်၍ ရပ်နေလေသည်။
“ရှင်းရှင်း ဒါ သူ့အချက်အလက်တွေ သေချာလား”
“သေချာတာပေါ့”
“သူ့နာမည်က အန်ဂျလီနာလား”
လင်းချွမ် နားမလည်နိုင်စွာဖြင့် တအံ့တဩ ထပ်မေးသည်။
“ဟုတ်တယ်လေ”
ကျန်း ခေါင်းငြိမ့်ပြလိုက်သည်။
လင်းချွမ် သက်ပြင်းချ၍ ခုနက အန်ဂျလီနာနှင့် ပြောခဲ့သော စကားများအား ရုတ်တရက် သတိရသွား၏။
(၁၀) နာရီကြာ လေယာဉ်စီး၍ ခရီးထွက်နေသည်ဟု ပြောခဲ့သည်။
အန်လင်းကို ရောက်လာခြင်း ဖြစ်၏။
၇၂၀ ကုမ္ပဏီတွင် နည်းပညာ မန်နေဂျာရာထူးအတွက် ရောက်ရှိလာသည်။
ဘုရားရေ။
ဟက်ကာအသိုင်းအဝိုင်းတွင် နတ်သမီးတစ်ဦးအဖြစ် ထင်ရှားသော အန်ဂျလီနာမှာ တကယ် ရောက်လာလေပြီ။
“သူဌေး သူက အေးဂျင့်မလား။ ဟုတ်တယ်မလား”
လင်းချွမ် မှင်တက်နေပုံကြောင့် ကျန်း ဝမ်းသာအားရ ထပ်မေးသည်။
လင်းချွမ် ပြုံး၍
“သူက အေးဂျင့် မဟုတ်ပါဘူး။ သူက အင်း… ကို့သူငယ်ချင်းပါ”
မြောက်ဝင်ရိုးစွန်း၊ မိုမြို့မှ အန်ဂျလီနာမှာ နည်းပညာကွန်ယက်ပိုင်းတွင် အတော် ထူးချွန် နာမည်ကြီးသူ ဖြစ်သည်။
သေချာပေါက် လင်းချွမ်နှင့် သိသည့် အန်ဂျလီနာ ဖြစ်၏။
“ဟင်”
ကျန်းမှ တစ်ဖန် ပြန်အံ့ဩသွားသည်။
သူ လင်းချွမ်ကို စွံ့အ၍ ကြည့်နေ၏။
“အတိအကျပြောရရင် ကို့ရဲ့ စာဖတ်ပရိသတ်ပေါ့။ ဟက်ကာလောကဝတ္ထု နိုင်ငံခြားမှာ အရမ်းပေါက်သွားတာ သူ့ကျေးဇူးတွေလည်း တစ်ဝက်ပါတယ်”
လင်းချွမ်မှ အမှန်အတိုင်း ရှင်းပြလေသည်။
သူ့အနေဖြင့် ဖုံးကွယ်ထားနေစရာ မလိုပါ။
ကျန်း ခဏငြိမ်နေပြီးမှ သတိပြန်ဝင်ကာ
“အဲ့တော့ အန်ဂျလီနာပြောတဲ့ သူ့အိုင်ဒေါလ်ကိုတွေ့ဖို့ အန်လင်းကိုလာတယ်ဆိုတာ ရှင်ပေါ့”
“ရှင်းရှင်း အဲ့လိုတော့ မပြောနဲ့လေ။ ကိုတို့က ရိုးရိုး သူငယ်ချင်းတွေပါ။ အဲ့လိုကြီး လိုက်လာတာမျိုး မရှိပါဘူး”
လင်းချွမ် အတင်းငြင်းလေသည်။
“ဟွန့် နွေဦးလည်း ရောက်တော့မှာမလား”
ကျန်း နှာခေါင်းလေးရှုံ့၍ ပြတင်းပေါက်ဘက် လှည့်သွားသည်။
ပြတင်းမှန်အပြင်ဘက်တွင် နွေးထွေးသော နေရောင်ခြည်မှ ရွှေရောင်အလင်းများ ဖြာထွက်နေ၏။
တောက်ပသော ဒေသမှာ နွေးထွေး၍ မှောင်မိုက်သော နေရာများသည် အေးစက်နေမြဲပင်။
အန်လင်းပန်းခြံမှ ပန်းများပငိ မပွင့်သေးသည်ကို မည်သို့ နွေဦး ရောက်မည်နည်း။
လင်းချွမ် နေရခက်စွာ ရယ်မော၍
“စိတ်မပူပါနဲ့။ နွေဦးလောက်နဲ့ ဆွဲဆောင်လို့ မရပါဘူး။ အပြင်မှာ ရာသီဥတုလည်း အေးနေသေးတာကို။ မက်မွန်ပန်းတွေတောင် ပွင့်ချင်တိုင်း ပွင့်လို့ မရဘူး”
ကျန်းမှ
“ကျင်းခေတ် ထိုက်ယွမ်နှစ်တွေမှာ ဝူလင်းက တံငါသည်တစ်ယောက်က ငါးမျှားရင်း အသက်မွေးတယ်တဲ့။ ဒါပေမဲ့ စမ်းချောင်းတစ်လျှောက် လိုက်သွားရင်း လမ်းမကြီးကိုပြန်ဖို့ မေ့သွားပါလေရော…”
လင်းချွမ် အံ့ဩစွာဖြင့်
“ဘာကို ဆိုလိုချင်တာလဲ”