← Chapters

မစိုးရိမ်ဘူးလား

Vol. 30 Ch. 449

မစိုးရိမ်ဘူးလား

Vol. 30 Ch. 449

“နွေဦးမှာ မက်မွန်ပန်းတွေ ပွင့်မယ်လေ”

“အဲ့တာနဲ့ ဘာဆိုင်လို့လဲ”

“မက်မွန်ပန်းတွေ များလာရင် အဲ့ထဲမှာ နေနေတော့မှာပေါ့”

ကျန်း နှုတ်ခမ်းလေးစူကာ ပြော၏။ 

လင်းချွမ် အားရပါးရ ရယ်မောလျက်

“မင်းတစ်ယောက်တည်း အမွှေးဆုံး ပန်းကလေးပါကွယ်”

“ဒီလိုမှပေါ

ကျန်း တောက်ပစွာ ပြုံးသွား၏။ 

သူ နဂိုတည်းက သဝန်တိုလွန်းလျှင် ရှန်ချန်းချန်း၊ ရှချင်းချင်းတို့နှင့်ပင် ဤမျှခင်မည် မဟုတ်ချေ။ 

ကျန်း အမူအရာပြောင်းကာ ခပ်အေးအေးဖြင့်

“သူဌေး သူက ရှင့်သူငယ်ချင်းဆို။ ရှင့်ကို တွေ့ချင်လို့ မိုမြို့ကနေတောင် အဝေးကြီး လာရတာ။ သွားတွေ့သင့်တယ် မဟုတ်ဘူးလား”

“အတူ သွားကြမလား”

ကျန်းရှင်းရှင်း ခေါင်းယမ်းကာ နှာခေါင်းရှုံ့လျက်

“သူက ရှင့်ကိုတွေ့ချင်လို့ မန်နေဂျာရာထူးတောင် လက်ခံထားတာလေ။ ရှင့်ဘာသာ သွားပါ။ ကျွန်မနဲ့က နောက်လည်း တွေ့ရဦးမှာပဲ”

“ဒါဆို သူ့ကို နည်းပညာဌာနမန်နေဂျာ ခန့်တော့မယ်ပေါ့”

လင်းချွမ် မျက်ခုံးလေးပင့်ကာ မေး၏။ 

“ထိပ်တန်းဟက်ကာကို မန်နေဂျာရာထူးနဲ့ ခန့်ထားတာက အလကားခိုင်းသလို ဖြစ်မနေဘူးလား”

“အများကြီး အကျိုးရှိတာပေါ့”

လင်းချွမ် ရယ်မော၍ ပြောလိုက်သည်။ 

ထို့နောက် ကျန်းမှာ အင်တာဗျူးအခန်းထဲ ပြန်သွားပြီး လင်းချွမ်လည်း ကော်ရစ်တာဘက် လျှောက်လာသည်။ 

ထိုအခါ ထောင့်ချိုးတစ်နေရာတွင် အန်ဂျလီနာကို ခရီးဆောင်အိတ်ပေါ် မေးလေးထောက်လျက် တွေ့ရသည်။ 

ဘေးတိုက်ကြည့်လျှင်ပင် နှာတံမြင့်မြင့်၊ နှုတ်ခမ်းရဲရဲနှင့် မေးရိုးချွန်ချွန်တို့မှာ ထင်းနေပြီး ဓာတ်ပုံထဲကထက် ပိုလှလေ၏။ 

လင်းချွမ် သူ့ကို အပြင်၌ ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။ 

ကျန်းရှင်းရှင်းမှ သူ့နီးပါးလှသည်ဟု ဆိုခြင်းမှာ မလွန်ပေ။ 

သူ့အလှကြောင့် အခြား အင်တာဗျူး လာဖြေသူများလည်း တစ်ချက် တစ်ချက် လှမ်းငေးနေသည်ကို တွေ့ရသည်။ 

“ဟယ်လို အန်ဂျလီနာ”

လင်းချွမ် ရှေ့သို့လျှောက်လာရင်း ပြုံးကာ နှုတ်ဆက်လိုက်၏။ 

သူ့အသံကြောင့် အန်ဂျလီနာ ချက်ချင်း မော့ကြည့်လိုက်ပြီး ပြုံးကာ

“အိုင်ဒေါလ် ကျွန်မ ဒီမှာရှိမှန်း ဘယ်လိုလုပ် သိတာလဲ”

သူတို့ အင်တာနက်မှတစ်ဆင့် စာပို့ခြင်း၊ ဖုန်းပြောခြင်းတို့ဖြင့် ရင်းနှီးနေခဲ့ကြကာ ယခုလို အပြင်တွင် တိုက်ရိုက်တွေ့သောအခါ မတွေ့တာ ကြာသည့် သူငယ်ချင်းများ ပြန်ဆုံစည်းသကဲ့သို့ ဖြစ်နေသည်။ 

အမှန်တကယ်လည်း အကြောင်းအရာအမျိုးမျိုးဖြင့် ပတ်သက်ကာ အတော်လေး ခင်မင်နေကြသည်။ 

လင်းချွမ် ဝမ်းသာအားရဖြင့်

“မင်းက ကျွန်တော့်ကုမ္ပဏီထဲ ဝင်လာပြီး အလုပ်တောင် လျှောက်ထားတာကို။ ဒါလေးတောင် မသိရင် ကျွန်တော် တော်တော် ညံ့လို့ပေါ့”

“အိုင်ဒေါလ်ကတော့ အရမ်းတော်တာပဲ”

အန်ဂျလီနာ ပြုံး၍ ပြောသည်။ 

“ဟက်ကာနတ်ဘုရားဆိုတဲ့ နာမည်ပြောင်က အလကား ရထားတာမို့လို့လား။ ဒါနဲ့ ဟိုတယ်တောင် မဝင်ရသေးဘူးလား”

လင်းချွမ် ခရီးဆောင်အိတ်ကို လှမ်းယူပေးရင်း မေးလိုက်သည်။ 

အန်ဂျလီနာ မတ်တပ်ထရပ်၍ ရယ်မောကာ

“မနေ့ညကမှ လေယာဉ်စီးတာလေ။ အန်လင်းကို ရောက်တော့ အချိန်ကပ်နေတာနဲ့ တန်းပဲ လာလိုက်တော့တာ”

“ကြိုပြောတာ မဟုတ်ဘူး။ အင်တာဗျူးက အရေးမကြီးပါဘူး”

လင်းချွမ်မှ ပြော၏။ 

“ရှင့်ကို အံ့ဩသွားစေချင်လို့ပါ”

“တကယ်ကို အံ့ဩသွားပါတယ်ဗျာ”

လင်းချွမ်ပြုံး၍ ခရီးဆောင်အိတ်ယူကာ ထွက်ပေါက်ဘက် လျှောက်သွားသည်။ 

“လာ ဟိုတယ် ခေါ်သွားပေးမယ်”

“ကောင်းပါပြီ”

အန်ဂျလီနာမှာ အရပ်အတော်လေး ရှည်သော်လည်း လင်းချွမ်ထက်တော့ ခေါင်းတစ်လုံးမျှ နိမ့်သေး၏။ သို့သော် အလှမှာ ထင်ရှား၍ ခြေလှမ်းတိုင်း ရင်သပ်ရှုမောဖွယ် ဖြစ်နေသည်။ 

“သူဌေး”

ရှေ့တည့်တည့်မှ HR ဌာန၏ မန်နေဂျာကျောက် လှမ်းနှုတ်ဆက်ပြီး ဘေးတွင် အန်ဂျလီနာကို တွေ့ကာ အံ့ဩသွားသည်။ 

“အင်း မန်နေဂျာကျောက်”

လင်းချွမ် ခေါင်းငြိမ့်ပြ၍ အန်ဂျလီနာနှင့်အတူ ဓာတ်လှေကားထဲ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။ 

မန်နေဂျာကျောက်မှာ လက်သည်းကိုက်လျက် မျက်မှောင်ကြုတ်ရင်း သံသယများဖြင့် ကျန်ခဲ့၏။ 

ထို့နောက် အင်တာဗျူးအခန်းထဲ ပြန်သွားလေသည်။ 

…

မကြာမီ အင်တာဗျူးအားလုံးပြီးနောက် ကျန်းမှ လီချင်း စိတ်တိုင်းကျသူတစ်ဦးကို ရွေးခိုင်းလေသည်။ 

တစ်ဖက်တွင် မန်နေဂျာကျောက်မှာ ကျန်းကိုခေါ်၍ အစည်းအဝေးခန်းထဲ ရှိနေ၏။ 

“မန်နေဂျာကျောက် ဘာလို့လဲ”

ကျန်းမှ မေးလိုက်သည်။ 

“ဒါရိုက်တာကျန်း ကျွန်မ ပြောသင့် မပြောသင့် စဉ်းစားနေတာတစ်ခု ရှိတယ်”

“ကုမ္ပဏီအကြောင်းဆိုရင်တော့ ပြောသာပြောပါ။ ကျွန်မ ဖြေရှင်းလို့ ရမရ စီစဉ်လိုက်ပါမယ်”

“ကုမ္ပဏီအကြောင်းရယ်တော့ မဟုတ်ဘူး။ သူဌေးကို တွေ့လိုက်လို့”

“ကုမ္ပဏီမှာ သူဌေးကိုတွေ့တာ ပုံမှန်ပဲ မဟုတ်ဘူးလား”

“တွေ့တာက သူဌေးတင် မကဘူး။ အန်နာ… ဟိုလေ ခုနက အင်တာဗျူးတဲ့ မိန်းကလေး ချောချောလေးလေ”

မန်နေဂျာကျောက်မှ ခပ်တိုးတိုး ပြော၏။ 

“အန်ဂျလီနာလား”

“ဟုတ်တယ်”

“သူက သူဌေးရဲ့ စာဖတ်ပရိသတ်လေ။ သူတို့ချင်း သိပြီးသားတဲ့။ အဲ့လောက် မထူးဆန်းပါဘူး”

ကျန်းမှ လက်ယမ်းပြ၍ ပြုံးနေ၏။ 

“တိုက်ဆိုင်လိုက်တာ”

မန်နေဂျာကျောက် ရေရွတ်ရင်း ထပ်မေးပြန်သည်။ 

“ဒါရိုက်တာကျန်း ပြောပုံအရ သူ့ကို နည်းပညာ မန်နေဂျာခန့်မှာလား”

“သူ့အရည်အချင်းက မြင့်တယ်လေ။ အားလုံးထဲမှာ အတော်ဆုံးပဲ။ နည်းပညာဌာနခေါင်းဆောင်ထက်တောင် တော်နေသေးတယ်။ လီချင်းရွေးတဲ့ စာရင်းကို ကြည့်လိုက်ပါဦး”

ကျန်းမှ ပြော၏။ 

“ဒါရိုက်တာကျန်း အန်ဂျလီနာလို မိန်းမလှကို မစိုးရိမ်ဘူးလား”

မန်နေဂျာကျောက် ဘေးဘီကိုကြည့်၍ ပြောလေသည်။ 

“ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ သူဌေးက အဲ့လိုလူမျိုး မဟုတ်ဘူး။ အဲ့လိုမျိုး ဆက်ပြီး လျှောက်ပြောနေမယ်ဆိုရင် ပြန်တိုင်လိုက်မှာနော်”

ကျန်းမှ ပြုံး၍ ခြောက်လိုက်၏။ 

အသက် (၃၀) ဝန်းကျင် မန်နေဂျာကျောက်မှာ မိတ်ကပ် ခပ်ဖျော့ဖျော့ လိမ်း၍ ထက်မြက်သည့်ပုံစံ ပေါ်လေသည်။ 

သူ ချက်ချင်း ပြန်ဖြေရှင်း၏။ 

“ဒါရိုက်တာကျန်းရယ် သူဌေးနဲ့ ဒါရိုက်တာကျန်းကို အရမ်းသဘောတူလို့ပါ။ ပြန်မတိုင်ပါနဲ့နော်”

“ရှင်ပြောတာကို နားလည်ပါတယ်”

ကျန်းပြုံး၍

“အခု ဝန်ထမ်းအသစ်တွေ အများကြီး ရောက်လာတော့မှာ။ HR က အလုပ်ရှုပ်နေမှာ မဟုတ်ဘူးလား။ သွား သွား”

“ဟုတ်ကဲ့ပါ”

မန်နေဂျာကျောက် HR ရုံးခန်းဆီသို့ ခပ်သွက်သွက် ထွက်သွားလေသည်။ 

All Chapters