ဗေဒင်ကြည့်ပေးရမလား
Vol. 30 Ch. 450
“အန်လင်းမှာ ဘယ်လောက်ကြာကြာနေဖို့ တွေးထားလဲ”
ပေါင်းရင်ဟိုတယ်မှ ထွက်လာကာ လင်းချွမ် အန်ဂျလီနာကို စားသောက်ဆိုင်ဘက် ခေါ်လာသည်။ သူ ၇၂၀ ကုမ္ပဏီ အင်တာဗျူးသို့ တန်းလာခဲ့၍ ပေါင်မုန့်အနည်းငယ်သာ စားရသေးသည်။
စားသောက်ဆိုင်ထဲ၌။
အန်ဂျလီနာ ဆိုင်ထဲသို့ ဝေ့ဝဲကြည့်လိုက်သောအခါ ဝန်ထမ်းများမှအစ သူတို့ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေသည်အား တွေ့ရ၏။
သူ ပြုံးလျက်
“အန်လင်းမှာ အမြဲနေတော့မှာ”
လင်းချွမ် မျက်ခုံးပင့်လျက်
“အဖွဲ့အစည်းက သဘောတူလို့လား”
မြောက်ပိုင်းမှ ဟက်ကာအဖွဲ့ကို ဆိုလိုခြင်း ဖြစ်သည်။
အန်ဂျလီနာမှာ သစ်သားခုံကို လက်ထောက်လျက် ပြုံး၍
“သူတို့ သဘောမတူလည်း အလုပ်ထွက်ရုံပေါ့”
လင်းချွမ် လက်မထောင်ပြမိသည်။
ဒီလို ယုံကြည်ချက်မျိုးမှပေါ့။
သို့သော် လင်းချွမ် စိတ်ထဲ အတည်မယူပါ။
“အဖွဲ့က မင်းကို အဲ့လိုလွှတ်ပေးမှာ မဟုတ်ပါဘူး။ မင်းကို ဆွဲထားချင်လွန်းလို့ ညတွင်းချင်းတောင် လိုက်ခေါ်လောက်တယ်”
သူ အန်ဂျလီနာအကြောင်း နားလည်သလောက်တော့ ကားလ်ထက်တော့ အရည်အချင်း မနိမ့်ပေ။
ထိပ်တန်းဟက်ကာအဆင့်ထဲ ပါဝင်သည့်အပြင် ထပ်၍လည်း တိုးတက်နိုင်သေး၏။
ထို့ကြောင့် မြောက်ပိုင်းအဖွဲ့မှာ ထိုကစားသမားမျိုးကို လုံးဝ လွှတ်လိုက်မည် မဟုတ်ပါ။
“ရှင်က အဲ့လိုမျိုး ဖြစ်စေချင်တာ မဟုတ်ဘူးလား”
အန်ဂျလီနာ မျက်လုံးလေးများတောက်လျက် ပြန်မေးသည်။
လင်းချွမ် လက်ယမ်းပြကာ
“မြောက်ပိုင်းအဖွဲ့အထိပါ ရန်စဖို့ စိတ်ကူး မရှိပါဘူးဗျာ။ ရန်သူတွေ များလှပါပြီ”
အန်ဂျလီနာ၏ မျက်နှာလှလှလေး ချီလျက်
“အဲ့တာကြောင့် ရှင့်ကို ကာကွယ်ဖို့ ရောက်လာတာပေါ့”
လင်းချွမ် သူ့ကို ဂရုတစိုက်ကြည့်မိ၏။
အရပ် (၁၇၀) စင်တီဝန်းကျင် မြင့်ကာ ခြေတံလည်း ရှည်သောကြောင့် စားပွဲအောက်တွင် ထားရခက်နေသည်။ ကိုယ်လုံးကိုယ်ထည်မှာတော့ ရှန်ချန်းချန်းနှင့် တူ၏။
ထို့နောက် အန်ဂျလီနာ့လက်ဖဝါးအား သတိထားမိသွားသည်။
သူ့ညာဘက်လက်ညှိုးနှင့် လက်မအောက်ခြေနားတွင် အသားမာတစ်ခု ရှိနေသည်။
အသားမာမှာ အရမ်း မထူလှသော်လည်း ဟက်ကာတစ်ဦး၏လက်နှင့် မတူပေ။
ပုံမှန်အားဖြင့် အွန်လိုင်းစာရေးဆရာများ၊ ပရိုဂရမ်မာများ၊ ဟက်ကာများမှာ လက်မနှင့် လက်ကောက်ဝတ်တို့၌ နာကျင်တတ်ပါသည်။
ခုနကနေရာတွင် အသားမာမတက်တတ်ပေ။
“မင်းမှာ အရည်အချင်းတော်တော် ရှိတာပဲ”
လင်းချွမ်မှ ပြောလိုက်၏။
“ဒါပေါ့”
အန်ဂျလီနာ ဂုဏ်ယူစွာ ပြောသည်။
“ဒီမှာ အရိုးစွပ်ပြုတ် ရပါပြီ”
စားပွဲထိုးလေးမှ ပန်းကန်များ လာချလေသည်။
ဒီလိုမျိုး တိုက်ရိုက်ပြုတ်စားရတာမျိုး ပထမဆုံး စားဖူးတာပဲ”
အန်ဂျလီနာမှ ရေရွတ်လိုက်သည်။
မြောက်ပိုင်း၌လည်း ထိုစားနည်းမျိုး ရှိသော်လည်း သိပ်မထင်ရှားပေ။
“ဒီမှာတော့ ဒီလိုပဲ စားကြတာပဲ။ စမ်းကြည့်လေ။ မကြိုက်ရင် တခြားဆိုင် ခေါ်သွားပေးမယ်”
လင်းချွမ်မှ အိမ်ရှင်ပီသစွာ နွေးနွေးထွေးထွေး ပြောလေ၏။
“ကြိုက်မယ် ထင်ပါတယ်။ အရွက်တွေလည်း အများကြီးပဲ။ ဈေးကြီးမယ့်ပုံပဲ”
အန်ဂျလီနာ စားပွဲပေါ်မှ ဗော့ကာပုလင်းကို လက်ညှိုးထိုးကာ ပြုံးနေသည်။
“ကြိုက်ရင် ပြီးတာပါပဲ”
လင်းချွမ် ရယ်မော၍ ပြော၏။
မြောက်ပိုင်းသူ ပီသစွာဖြင့် အရက်ကြိုက်လေသည်။
လင်းချွမ်က
“အမှန်တော့ ဒီမှာ အထူးအနေနဲ့ တခြားရတာ ရှိသေးတယ်။ ကျွန်တော်ပဲ သိထားတာလေ။ စမ်းကြည့်ချင်လား”
အန်ဂျလီနာ စိတ်ဝင်စားသွားပြီး
“ဘာများလဲ”
လင်းချွမ် အသက်ဝအောင်ရှူ၍
“ရှေ့ဖြစ်ဟောလေ”
“ရှေ့ဖြစ်ဟောလား”
အန်ဂျလီနာ နားမလည်နိုင် ဖြစ်နေ၏။
လင်းချွမ် ခေါင်းငြိမ့်ပြ၍ ပြုံးကာ
“ကျွန်တော့် ဒုတိယဦးလေးက နာမည်ရှိတဲ့ ဗေဒင်ဆရာ တစ်ယောက်လေ။ ကျွန်တော် ငယ်ငယ်က သူ့ဆီက သင်ဖူးတယ်”
“ရှင်ပြောတာ ကြားဖူးသလိုပဲ။ ပြောပါဦး။ ကျွန်မရဲ့ ဘဝက ဘာဆက်ဖြစ်မလဲ”
“လက်ဖဝါးဖြန့်လိုက်။ ကျွန်တော် လက္ခဏာ ဖတ်ပြီး ဟောမှာ”
“ရော့”
အန်ဂျလီနာ ဘာမှ ထူးထူးခြားခြား မတွေးဘဲ လက်ဖြန့်ပေးလိုက်၏။
လင်းချွမ်ပင် ဤမျှလွယ်မည်မထင်၍ အနည်းငယ် အံ့ဩသွားသည်။
ဘေးဝိုင်းတွင် ထိုင်နေသော အမျိုးသားမှာလည်း ဗေဒင်ပညာ မသင်ခဲ့မိ၍ နောင်တရနေသည်။ မဟုတ်လျှင် သူ ယနေ့အထိ တစ်ကိုယ်တည်း ဖြစ်နေမည် မဟုတ်ချေ။
ဟူး…
လင်းချွမ် အန်ဂျလီနာ၏လက်ကို သေချာ ကြည့်နေသည်။
သူ အသားယူချင်၍ မဟုတ်ဘဲ ခုနက သံသယဝင်မိသည်အား အတည်ပြုရန် ဖြစ်၏။
အန်ဂျလီနာ၏လက်မှာ အရမ်း မနူးညံ့လှပေ။
လက်မနားတွင် အနည်းငယ် ကြမ်း၍ လက်သူကြွယ်တွင်လည်း ထို့အတူပင်။
လင်းချွမ် အန်ဂျလီနာကို ပြန်မော့ကြည့်ရင်း နားမလည်နိုင် ဖြစ်နေသည်။
“ဘာလို့လဲ”
အန်ဂျလီနာ ပြုံး၍ ပြန်မေး၏။
“မင်း အန္တရာယ်ရှိတဲ့ အရုပ်တွေနဲ့ ဆော့ရတာ ကြိုက်တာလား”
လင်းချွမ် ခဏစဉ်းစား၍ မေးလိုက်သည်။
“ရှင့်ဗေဒင်က တိကျလှချည်လား”
အန်ဂျလီနာ လက်ကို အမြန်ပြန်ရုတ်၍ လန့်သွားသည်။
သူ ငြင်းနေသည့်ပုံကြောင့် လင်းချွမ် ရယ်မောကာ
“ကျွန်တော် မင်းကို စတွေ့တုန်းက တောအုပ်ထဲက နတ်သမီးလေးလို့ ထင်ခဲ့တာ”
“အခုရော”
လင်းချွမ် သူ့ကိုငေးကြည့်ရင်း
“အခု ကြည့်ရတာက… ညဘက်တွေပဲ ထွက်လာတဲ့ မုဆိုးနဲ့ ပိုတူတယ်”
“ဒီလို ချီးကျူးပေးတာ ကျေးဇူးတင်ပါတယ်”
အန်ဂျလီနာမှာ ထိုနာမည်ပြောင်ကို သဘောကျသွား၏။
“အဲ့တော့ တကယ်ပဲ ကျွန်တော့်ကို ကာကွယ်ဖို့ ရောက်လာတာလား”
လင်းချွမ် စနောက်သလို မေးလိုက်သည်။
အန်ဂျလီနာမှာ မျက်ဝန်းများ တောက်လျက်
“ဒါပေါ့။ ရှင်က ကျွန်မရဲ့ အိုင်ဒေါလ်လေ။ သေချာပေါက် ကာကွယ်ပေးရမှာပေါ့”
“တိုက်ပွဲလာတယ်တောင် ထင်မိတာ”
လင်းချွမ် ရယ်မောကာ ပြော၏။
အန်ဂျလီနာ၏ လက်အခြေအနေအရ အန္တရာယ်ရှိ အရုပ် (၂) မျိုးကို ကျွမ်းကျင်စွာ ကစားတတ်ပုံ ရပါသည်။