အပင်တွေ ဘာဖြစ်လို့လဲ
Vol. 31 Ch. 465
“နည်းနည်းလား”
(၃) ယောက်သား မှင်တက်၍ ကြည့်နေမိသည်။
ဟီစုန်းနှင့် ဟူတာချန်းတို့ အချင်းချင်း လှည့်ကြည့်ကာ နားမလည်နိုင် ဖြစ်နေကြသည်။
နည်းနည်းသိတာက ဘာလဲ။
နားလည်တာလား မလည်တာလား။
ရှန်ချန်းချန်းလည်း ကြောင်တောင်တောင် ဖြစ်နေသည်။ ထို့နောက် စိတ်ထဲမှ တွေးနေမိ၏။
ရှင့်ရဲ့ ထိပ်တန်းအေးဂျင့်ကိုပြီးဖို့ တော်တော်ကြာကြာ အချိန်ယူပြီး ဖတ်လိုက်ရတာ။ ရှင့်နောက်ကြောင်း အကုန် မသိရင်တောင် သေချာပေါက် ကျွမ်းကျင် အေးဂျင့်ဆိုတာတော့ သေချာတယ်။
ဟီစုန်း တွေဝေနေသောကြောင့် ဟူတာချန်းမှ
“လင်းလည်း ရှိနေတုန်းလေးဆိုတော့ တစ်ချက် ကြည့်သွားပေးပါလား။ အကူအညီ ဖြစ်ရင် ဖြစ်သွားမှာပေါ့။ အဖွဲ့မှူးဟီ လင်းက ကျွန်တော်တို့ ရဲစခန်းရဲ့ ကံကောင်းလေးလေ”
ဟီစုန်း ဟူတာချန်း စကားကြောင်းနေသည်ကို သဘောပေါက်ကာ ချက်ချင်း ခေါင်းငြိမ့်၍
“အစ်ကိုလင်း ဒါဆို နည်းနည်း အကူအညီတောင်းမယ်နော်”
လင်းချွမ်မှ ပြုံးကာ
“အဖွဲ့မှူးဟီရယ် ရပါတယ်”
ထို့နောက် မူးယစ်တိုက်ဖျက်ရေးအဖွဲ့ဆီ ခေါ်သွားလေ၏။
သူတို့အဖွဲ့မှာ အန်လင်းရဲစခန်းလက်အောက်တွင် ရှိသော်လည်း ရုံးခန်းမှာ တသီးတသန့် ရှိသည်။
လင်းချွမ် ကော်ရစ်တာတစ်လျှောက် ဖြတ်၍ ဟီစုန်းနောက် လိုက်သွား၏။
အခန်းထဲ ရောက်သောအခါ တစ်ဖက်ခြမ်းတွင် မူးယစ်ဆေးအမျိုးမျိုးနှင့် သူတို့၏ အန္တရာယ်များ၊ ကာကွယ်ရန် ဗဟုသုတများ၊ ရလဒ်များ၊ စည်းမျဉ်းများ စသဖြင့် တွေ့ရသည်။
ခပ်လှမ်းလှမ်းတွင်မူ ပိတ်ကားတစ်ခုရှိနေပြီး မူးယစ်တိုက်ဖျက်ရေးအဖွဲ့ မှတ်တမ်းများကို ပြသနေသည်။
လင်းချွမ် စိတ်ဝင်တစားကြည့်နေသည်ကို တွေ့ကာ ဟီစုန်းမှ ရှင်းပြ၏။
“ဒါ ကျွန်တော်တို့ရဲ့ ကြော်ငြာလေ။ ဆက်သွားရင် ရုံးခန်း ရောက်ပြီ”
လင်းချွမ် ခေါင်းငြိမ့်ပြလိုက်သည်။
ရုံးခန်းထဲ ရောက်သည်နှင့် သူ့ရုံးအလုပ်များ လုပ်ခဲ့ချိန်ကို သတိရသွားသည်။
အေးဂျင့်တစ်ဦးအနေဖြင့် အချက်အလက်များ မပေါက်ကြားအောင် ထိန်းသိမ်းရသည်မှာ အရေးကြီးလှသည်။
သေးငယ်သော အပိုင်းအစလေးနှင့်ပင် အရေးကြီး အချက်အလက်ကို ရရှိနိုင်၏။
အေးဂျင့်လောကတွင် မထင်မှတ်ထားသော အရာအားလုံးမှာ သူတို့၏ လက်နက် ဖြစ်နိုင်ပါသည်။
ခလုတ်တစ်ခု။
ရေသန့်စက်။
လည်သာဖိနပ်ဒေါက်။
စသဖြင့် ရှိ၏။
လောကကြီးမှာ လှည့်ကွက်များ ပြည့်နေလေသည်။
လင်းချွမ်မှာ ထိုတိုက်ပွဲမျိုးစုံကို ကြုံဖူးပြီး ထိပ်တန်း လျှို့ဝှက်ချက်ိုလည်း ရယူဖူး၏။
ထိပ်တန်းအေးဂျင့်ဟူ၍ အလကား ဖြစ်လာခြင်း မဟုတ်ပေ။
သူ့နောက်ကွယ်တွင် နှစ်ပေါင်းများစွာ လေ့ကျင့်ရင်ဆိုင်ရင်း ဒုစရိုက်သမားများ၊ အေးဂျင့်များ၊ သူလျှိုများကို ကြုံတွေ့ရပါသည်။
ထို့ကြောင့် လင်းချွမ်တစ်ယောက် မူးယစ်နှိမ်နင်းရေးဌာန ရုံးခန်းထဲ ရောက်သည်နှင့် အသေးစိတ် လိုက်ကြည့်နေမိသည်။
ထို့အပြင် ပိတ်ကားပေါ် တွေ့ခဲ့သော ဗီဒီယိုကိုပါ ပြန်တွေးနေသေး၏။
ဟီစုန်း လင်းချွမ်အား လှည့်ကြည့်မိသည်။
သူ အမှန်တကယ် နားလည်မလည် မသိသော်လည်း ရောက်နေပြီဖြစ်၍ တပည့်တစ်ဦးကို ခေါ်ကာ လက်ကိုင်စစ်ဆေးရေးကိရိယာကို လင်းချွမ်အား ပေးလိုက်၏။
“လင်း ဒါနဲ့ဆိုရင် လျှပ်စစ်တွေ၊ လျှပ်စီး ဆက်သွယ်ပုံတွေကို စစ်ဆေးလို့ ရတယ်”
လင်းချွမ် ခေါင်းငြိမ့်ပြကာ လှမ်းယူ၏။
“ကွန်ယက် လုံခြုံရေးကိုရော စစ်ပြီးပြီလား”
သူ ချက်ချင်း လှမ်းမေးသည်။
ဟီစုန်း ခဏစဉ်းစား၍
“စစ်ပြီးပါပြီ”
ရှန်ချန်းချန်းမှ ဝင်သတိပေးလေသည်။
“လင်းချွမ် AW အဖွဲ့ကနေ ကျွန်မတို့စခန်းကို ဝင်တိုက်ခိုက်ပြီးနောက်ပိုင်း ၇၂၀ ကုမ္ပဏီက လုံခြုံရေး အကာအကွယ်ကိုပဲ သုံးနေတာပါ”
လင်းချွမ် အနည်းငယ် လန့်သွား၏။
ငါ့ကုမ္ပဏီက လုံခြုံရေးအကာအကွယ်ကို သုံးတာလား။
ဒါဆိုရင်တော့ လုံးဝ ဘေးကင်းပါတယ်။
လင်းချွမ် နေရခက်စွာ ပြုံးလျက်
“အကာအကွယ်ကို သေချာအောင်တော့ ထပ်မေးကြည့်လိုက်မယ်။ ကွန်ယက်ကနေ ပေါက်ကြားစရာတော့ မရှိပါဘူး”
ဟီစုန်းလည်း ပြုံး၍
“ကျွန်တော်တို့လည်း ၇၂၀ ကုမ္ပဏီရဲ့ လုံခြုံရေးအကာအကွယ်ကို ယုံပါတယ်”
လင်းချွမ် ခဏစဉ်းစားပြီးနောက် ဆက်၍ စစ်ဆေးလေသည်။
မူးယစ်တိုက်ဖျက်ရေးရုံးခန်းမှာ ကျယ်ဝန်းပြီး အလုပ်ခန်း၊ ပစ္စည်းပြခန်း၊ အစည်းအဝေးခန်းနှင့် နားနေခန်းငယ်ဟူ၍ ရှိပြီး ယခု ပစ္စည်းပြခန်းထဲ ရောက်နေကြသည်။
ထို့နောက် ကော်ရစ်တာလေးပေါ် ထွက်လာ၏။ ဘေးတစ်လျှောက်တွင် ပန်းပင်ငယ်များ စိုက်ပျိုးထားလေသည်။
တောင်ပိုင်းဒေသတွင် ဆောင်းရာသီအပူချိန်မှာ ထိုအပင်များကို ထိခိုက်မှု မဖြစ်စေပါ။
ပြတင်းပေါက်မှ နေရောင်ခြည်ကြောင့် ပို၍ပင် စိမ်းလန်းလာ၏။
လင်းချွမ် ငုတ်တုတ်ထိုင်လိုက်ပြီး စစ်ဆေးကြည့်နေသည်။
ထို့နောက် အပင်များနား ကပ်လာပြီး အိုးတစ်ခုချင်းစီမှ မြေသား၊ ခြောက်သွေ့မှုနှင့် ပွယောင်းမှုတို့ကိုပါ စစ်ဆေးလေ၏။
အပင်အမြင့်ကို လက်ဖြင့်ထွာတိုင်းခြင်း၊ အရွက်များပေါ်မှ ဖုန်မှုန့်များကိုလည်း သုတ်ကြည့်သေးသည်။
မိနစ်အနည်းငယ် ကြာသောအခါ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လာသည်။
ဟီစုန်း မျက်မှောင်ကြုတ်၍ နားမလည်နိုင် ဖြစ်နေ၏။ ထို့နောက် ဟူတာချန်းနှင့် ရှန်ချန်းချန်းတို့ကို လှမ်းကြည့်သောအခါတွင်လည်း အဖြေရပုံ မပေါ်ကြပေ။
ထို့ကြောင့် မနေနိုင်တော့ဘဲ လင်းချွမ်ကိုသာ မေးလိုက်သည်။
“လင်း ဘာလုပ်နေတာလဲ”
လင်းချွမ် တိုးတိုးနေရန် လက်ဖြင့် အမူအရာပြ၏။
အားလုံး မျက်မှောင်ကြုတ်နေကြသည်။
အပင်တွေမှာ ပြဿနာရှိလို့လား။
ရှန်ချန်းချန်း ငုတ်တုတ်ထိုင်လျက် အပင်များအား အနီးကပ်ကြည့်သော်လည်း ထူးခြားမှု မတွေ့ရပေ။
ထို့အပြင် စစ်ဆေးရေးကိရိယာမှလည်း အချက်ပေးမှု မရှိ။
ပုံမှန်ဟု ထင်ရသည်။
သူ တစ်ခုခု ပြောရန် ပြင်လိုက်စဉ် လင်းချွမ်မှ ခေါင်းယမ်းပြသောကြောင့် သူ မမေးဖြစ်တော့ပေ။
စိတ်ထဲတွင်တော့ မေးခွန်းများစွာဖြင့် ဖိစီးနေ၏။
ဟူတာချန်းနှင့် ရှန်ချန်းချန်းမှာလည်း မှုခင်းအဖွဲ့မှ ဖြစ်သောကြောင့် တရားခံ စစ်ဆေးရေးသာမက အခင်း စုံစမ်းရေးတွင်လည်း အရည်အချင်း ရှိပါသည်။
သို့သော် ယခုတော့ နှစ်ဦးလုံး လင်းချွမ်၏ အပြုအမူကို နားမလည်နိုင်စွာ ကြည့်နေရသည်။
လင်းချွမ် အပင်အိုးများကို စစ်ဆေးပြီးသောအခါ ရှေ့သို့ ဆက်လျှောက်သွားသည်။
အရှေ့တွင် အလုပ်ခန်း ရှိ၏။ အထဲတွင် စားပွဲများ၊ ထိုင်ခုံများကို နေရာတကျ သပ်ရပ်စွာ စီထားပြီး ကင်မရာ (၅) လုံးထက်မနည်း တပ်ဆင်ထားသောကြောင့် ထောင့်နားများပါမကျန် ကောင်းစွာ မြင်ရပါသည်။
လင်းချွမ် အခန်းထဲ ဝင်သွားပြီး စစ်ဆေးရေးကိရိယာကို ရှန်ချန်းချန်းအား ပေးလိုက်သည်။