← Chapters

နှစ်သစ်ကူး နီးလာပြီ

Vol. 31 Ch. 451

နှစ်သစ်ကူး နီးလာပြီ

Vol. 31 Ch. 451

ဓားနှင့် သေနတ်။

မှန်ပါသည်။ သူ သေနတ်ပစ်ရုံတင်မက ဓားကဲ့သို့ လက်နက်မျိုးကိုပါ လေ့ကျင့်ထားမှန်း သိသာ၏။

သူ့နောက်ကြောင်းမှန်မှာ ဟက်ကာတင် မဟုတ်ပေ။

“(၁၀) သန်းလောက်နဲ့။ အရမ်းကြီး စိတ်လှုပ်ရှားစရာ မရှိပါဘူး”

အန်ဂျလီနာ ပြုံး၍ ပြောလေသည်။

လင်းချွမ် နေရခက်စွာ ရယ်မောမိ၏။

အန်ဂျလီနာ၏ အရည်အချင်းဖြင့် ထိုငွေပမာဏကို ရင်မခုန်သည်မှာ ဖြစ်နိုင်ပါသည်။

ဟော့ပေါ့မှာ ပွက်ပွက်ဆူနေဆဲပင်။

လင်းချွမ် အမဲသားတစ်ပိုင်းကို အိုးထဲနှစ်၍

“တကယ် အံ့ဩအောင် လုပ်နိုင်တာပဲ”

အန်ဂျလီနာ အသီးအရွက်များ ယူစားရင်း ရယ်မောကာ

“ရှင်ကမှ ထင်ထားတာထက် ပိုကြမ်းနေတာပါ”

“တကယ်လား”

“ဟုတ်တယ်လေ။ ရှင်ဆိုရင် ဗေဒင်တောင် ဟောတတ်သေးတယ်”

နှစ်ယောက်သား ပြုံးလိုက်မိကြ၏။

ထို့နောက် နေ့လယ်စာကို ဆက်စားကြလေသည်။

အန်ဂျလီနာ၏ လည်ပိတ်ဆွယ်တာအင်္ကျီလေးမှာ အသားနံ့များ စွဲနေသော်လည်း သူ တစ်ချက် နမ်းကြည့်၍ ပေါ့ပေါ့ပါးပါး ရှိနေ၏။

ထို့နောက် ဗော့ကာတစ်ခွက် မော့ကာ လင်းချွမ်ကိုလည်း သောက်မလားဟူသည့် အမူအရာ ပြသည်။

လင်းချွမ်မှာ အသာလက်ယမ်းပြလေသည်။

သူ အမှန်တော့ သောက်ချင်နေသော်လည်း အိုင်ဒေါလ် တစ်ယောက်အနေဖြင့် မူးသွားပါက ရှက်စရာ ကောင်းလှ၏။

ထို့အပြင် ကားမောင်းရဦးမည် ဖြစ်သည်။

အန်ဂျလီနာနှင့် နေ့လယ်စာအတူစားရင်း လင်းချွမ် သူ့ကို စသိစဉ်ကလို နတ်သမီးမဟုတ်မှန်း သိလာ၏။

သူ အရက်ကို ခုံမင်စွာ သောက်တတ်ပြီး ဟော့ပေါ့ ကောင်းကြောင်းလည်း အဆက်မပြတ် ချီးကျူးလေသည်။ လင်းချွမ်ရှေ့တွင် ရိုးရှင်း၍ ဟန်ဆောင်မှု ကင်းလှ၏။

သူ လင်းချွမ်ကို မိတ်ဆွေအစစ်ဟု သတ်မှတ်ထား၍ ဖြစ်ပါသည်။

အင်တာနက်၌သာ အလုပ်လုပ်ရသူများမှာ အပေါင်းအသင်း နည်းတတ်၏။ သို့သော် ထိုသို့သော ပုဂ္ဂိုလ် (၂) ဦး တွေ့သောအခါ အချစ်ရေးနှင့် မပတ်သက်ဘဲ စိတ်တူကိုယ်တူနှင့် ပျော်ရွှင်တတ်ပါသည်။

ဆောင်းရာသီ၌ နေစောစောဝင်လေ့ရှိပြီး ခပ်မြန်မြန် မှုန်မှိုင်းလာ၏။

ဟော့ပေါ့စားခြင်းလည်း ပြီးဆုံးသွား၍ နှစ်ယောက်သား မြစ်ကမ်းဘေးတွင် လေညင်းခံရင်း လမ်းလျှောက်ကြသည်။

ညနေစောင်းမှ ညအချိန်ဆီသို့ အလွယ်တကူ ရောက်ရှိသွား၏။

ဆောင်းညမှာ အေးမြသော်လည်း အလုပ်မှအပြန် လမ်းလျှောက်သူများ ပိုပိုတိုးလာသည်။

ထိုထဲတွင် တိုက်ဆိုင်စွာဖြင့် လင်းချွမ် အသိနှင့် တွေ့လေ၏။

“မင်္ဂလာပါ သူဌေး”

HR မန်နေဂျာ ကျောက်ရှောင်းရင် ဖြစ်သည်။

“မန်နေဂျာကျောက်ရော လေညင်းလာခံတာလား”

“ဟုတ်တယ် ညနေတိုင်း ဒီမှာ လမ်းလျှောက်နေကျလေ”

သူ ပြုံး၍ ပြောလိုက်၏။

သူ့မျက်နှာတွင် မိတ်ကပ်မကူထား၍ ညာဘက်ပါး၌ မှဲ့ခြောက်အချို့ ပေါ်နေသည်ကို တွေ့ရသည်။

ထို့နောက် နှုတ်ဆက်စကားပြော၍ ထွက်သွားလေသည်။

အဟက်!

အန်ဂျလီနာမှ ရယ်မောမိ၏။

“ဘာလို့ ရယ်တာလဲ”

လင်းချွမ် လှည့်မေးလိုက်သည်။

“ရှင့်ဝန်ထမ်းတွေနဲ့ သိပ်အဆက်အဆံ မရှိဘူးမလား”

“စာအုပ်ရေးတာနဲ့ အလုပ်တော့ ရှုပ်နေတာ”

“အဲ့တာကြောင့်ပေါ့”

အန်ဂျလီနာမှ ဆက်ရှင်းပြလေသည်။

“အဲ့ဒီမန်နေဂျာကျောက်နဲ့ ကျွန်မတို့တွေ့တာ (၂) ခါရှိပြီ။ ရှင် အမြဲတမ်း မေ့မေ့သွားတယ်လေ”

“ဘာကိုလဲ”

လင်းချွမ် နားမလည်နိုင်စွာ မေး၏။

“ကျွန်မ HR ဌာနကနေ စာရပြီးပြီ။ မနက်ဖြန် အလုပ်စလုပ်ရတော့မှာ။ အဲ့တာ ရှင် ကျွန်မကို မိတ်မဆက်သင့်ဘူးလား”

လင်းချွမ် ထိုအခါမှ ရယ်မော၍

“အခုတစ်လော အလုပ်တွေ ရှုပ်နေတာ ဦးနှောက်က လစ်နေတာ။ မော်ဂန်အုပ်စုနဲ့ ပိုင်ရှန်အုပ်စုကိစ္စတွေရော ရှင်းရဦးမယ်လေ”

လင်းချွမ် ထိုကိစ္စများကိုသာ အမြဲ ခေါင်းထဲ ထည့်ထားရ၏။

ဟောက်၊ ဟောတို့နှင့်လည််း အမြဲမပြတ် ဆက်သွယ်ကာ ရှေ့ဆက်မည့် လမ်းကြောင်းကို ပြင်ဆင်နေရလေသည်။

ကျန်းဘေးတွင် စောင့်ရှောက်လျက် အစီအစဉ်များ ဆွဲနေ၏။

နှစ်သစ်ကူးမှာလည်း နီးကပ်လာလေပြီ။

ယုချင်း မကြာခင် ရောက်လာတော့မည် ဖြစ်၏။

“ကျွန်မ ကူညီပေးစရာ လိုသေးလား”

အန်ဂျလီနာမှ ဂရုတစိုက် မေး၏။

လင်းချွမ် ခေါင်းယမ်းပြလိုက်ပြီး

“နည်းပညာ မန်နေဂျာအဖြစ်သာ ကောင်းကောင်း လုပ်ပါ။ ကျန်တာ ကျွန်တော့်ဘာသာ ရှင်းလိုက်ပါမယ်”

သူ အန်ဂျလီနာကို ပြဿနာများထဲ ဆွဲမထည့်ချင်ပါ။

မြောက်ပိုင်းအဖွဲ့၏ အဓိကအဖွဲ့ဝင်တစ်ဦး ဖြစ်သော သူ့ကို စောင့်ကြည့်နေသူ များ၏။

သူ ပါဝင်လျှင် ပိုရှုပ်သွားနိုင်သည်။

လင်းချွမ် နောက်ဆက်တွဲကို ဆက်ပင် မတွေးရဲပါ။

ထို့နောက် သူ အန်ဂျလီနာကို ဟိုတယ်ဝင်ပို့ကာ အိမ်ပြန်လာခဲ့သည်။

နောက်တစ်နေ့။

အန်ဂျလီနာမှာ ၇၂၀ ကုမ္ပဏီတွင် နည်းပညာ မန်နေဂျာအဖြစ် တရားဝင် တာဝန်ထမ်းဆောင်လေသည်။

သူ စရောက်သည်နှင့် ကုမ္ပဏီထဲမှ လူလွတ် အမျိုးသားဝန်ထမ်းများ လှုပ်လှုပ်ရှားရှား ဖြစ်နေကြ၏။

ကျန်းရှင်းရှင်းမှာ သူ့ထက်မလျော့အောင် လှသော်လည်း သူဌေးကတော်ဖြစ်၍ မည်သူမျှ မကပ်ရဲခဲ့ကြပေ။

ထို့အပြင် ယခု အန်ဂျလီနာမှာ သွေးမတူ၍ ပိုအထူးအဆန်း ဖြစ်နေကြသည်။

(၃) ရက်မျှအကြာမှ အားလုံး ကျင့်သားရ၍ အလုပ်ကို အာရုံစိုက်နိုင်ကြတော့သည်။

“မင်္ဂလာပါ အန်ဂျလီနာ”

မန်နေဂျာကျောက်မှ စာရွက်စာတမ်းများ လက်မှတ်ထိုးခိုင်းရန် ရောက်လာ၏။

အန်ဂျလီနာ သူ့ခုံတွင် ထိုင်လျက် ပြုံးပြကာ

“ကျေးဇူးပါ မန်နေဂျာကျောက်”

မန်နေဂျာကျောက်မှာ အန်ဂျလီနာနှင့် သူဌေးတို့ ခင်မင်ကြောင်း သိနေ၍ သူလည်း ရင်းနှီးချင်သောကြောင့်

“ကြည့်ရတာ ကျွန်မထက် ငယ်မယ့်ပုံပဲနော်။ လီနာလို့ပဲ ခေါ်လို့ရလား”

“ရတာပေါ့”

အန်ဂျလီနာ ခေါင်းငြိမ့်ပြ၍ စာရွက်များ လက်မှတ်ထိုးပေးနေသည်။

“လီနာ စိတ်မရှိရင် ကျွန်မတို့သူဌေးနဲ့ ဘယ်လို ခင်ကြတာလဲ မေးလို့ရလား”

“ဪ ကျွန်မက သူ့စာဖတ်ပရိသတ်လေ”

ထိုအခါမှ ကျောက်ရှောင်းရင် သဘောပေါက်သွားပြီး

“သူဌေးက နာမည်ကြီး စာရေးဆရာလို့တော့ ကြားပေမဲ့ သူ့စာတွေ တစ်ခါမှ မဖတ်ဖူးသေးဘူး”

အန်ဂျလီနာ သူ့ကိုပြုံးကြည့်၍

“သူ့စာအုပ်တွေက အစ်မနဲ့ ကိုက်မယ်မထင်ဘူး”

“ဟုတ်လား”

ကျောက်ရှောင်းရင် သူ့ကိုကြည့်၍

“ရဲမေချောချောလေးတွေလည်း သူ့ပရိသတ်လို့ ကြားဖူးတယ်။ သူတို့တောင် ဖတ်တတ်ရင် ကျွန်မလည်း ဖတ်လို့ရမယ် မဟုတ်ဘူးလား။ လီနာ ညွှန်းပေးကြည့်လေ”

အန်ဂျလီနာ သူ့အနားကပ်၍ ခပ်တိုးတိုးဖြင့်

“သူဌေးက မှုခင်းဝတ္ထုတွေ ရေးတာ”

“ဒါ ဒါဆို…”

“ဖတ်ချင်ရင် ဒါရိုက်တာကျန်းဝတ္ထုကို ဖတ်။ သူ့စာအုပ်လည်း ကောင်းတယ်”

“ဒါရိုက်တာကျန်းရော ဝတ္ထုရေးတာလား”

“ဒါပေါ့။ ဆေးနတ်ဘုရားတဲ့။ အရှေ့တောင်အာရှမှာ တော်တော် ပေါက်တယ်”

“ဒါဆို ရှာဖတ်ကြည့်ဦးမှပဲ”

မန်နေဂျာကျောက် ပြုံးရွှင်စွာပြော၍ ထွက်သွားလေသည်။

အန်ဂျလီနာ သူ့ကို မျက်မှောင်ကြုတ်ကာ ငေးကြည့်နေမိ၏။

တစ်ခုခုတော့ ထူးဆန်းနေသည်။

All Chapters