← Chapters

ဇာတ်သိမ်းကောင်း ကြည့်ချင်တယ်

Vol. 31 Ch. 452

ဇာတ်သိမ်းကောင်း ကြည့်ချင်တယ်

Vol. 31 Ch. 452

နယ်စပ်၊ ပိုင်ရှန် အုပ်စု။

ကျားကြီးဟု အမည်ရသော BM ဝက်ဘ်ဆိုဒ်မှလူသည် အနက်ရောင်ကုတ်အင်္ကျီနှင့် ဦးထုပ် ဝတ်ဆင်ထားပြီး လမ်းထောင့်နားမှ လမ်းလျှောက်လာ၍ အရိပ်နှင့်ပင် ရောနေသည်။ လမ်းမီးရောင်ရှိသော နေရာ၌ ဖျတ်ခနဲ တွေ့မှ မျက်လုံးတစ်ဝိုက် အရေးအကြောင်းများ ကြားရှိ စူးရဲသော မုဆိုးအကြည့်များကို မြင်ရလေသည်။

ထို့နောက် အဆောက်အဦထဲ အမြန်ဝင်ကာ အပေါ်ဆုံးထပ်အထိ ဓာတ်လှေကားနှင့် တက်သွား၏။

ဒေါက် ဒေါက် ဒေါက်…

သူ အပေါ်ဆုံးထပ်မှ အခန်းတံခါးအား ခပ်ဖြည်းဖြည်း ခေါက်လိုက်သည်။

ကျွီ-

တံခါးဖွင့်သံကြားရပြီး ခပ်လှလှ အမျိုးသမီးတစ်ဦး ထွက်လာကာ

“အစ်ကိုဟူ ဝင်ခဲ့လေ”

ကျားကြီး ခေါင်းငြိမ့်ပြ၍ အခန်းထဲ ဝင်သွား၏။

အထဲရောက်သည်နှင့် မူးနောက်စရာ အလင်းရောင်များကြားတွင် ခြင်္သေ့ရုပ်တုကြီး (၂) ခုနှင့်အတူ အခြားကမ္ဘာထဲ ရောက်သွားသလို ခံစားလိုက်ရသည်။

ထိုနေရာမှာ ရုံးခန်း မဟုတ်ပေ။

ပါတီခန်း ဖြစ်၏။

ကြည်လင်သောမှန်ဖြင့် ပြုလုပ်ထားသည့် နံရံများ၊ တောက်ပသည့် မီးဆိုင်းများ၊ ကြီးမားသော ပိတ်ကားနှင့် ထောင့်နားတွင် ခမ်းနားကြီးကျယ်သည့် အပြင်ဘက် ရေကူးကန်တို့ကို တွေ့ရသည်။ ထိုထဲတွင် အမိုက်စား မိန်းကလေးများ ပျော်ရွှင်စွာ ဆော့ကစားနေကြ၏။

ကျားကြီး အပြင်ဘက် ထွက်လိုက်ပြီး အသက် (၅၀) ဝန်းကျင်၊ နဖူးပြောင်ပြောင်၊ ဗိုက်ရွှဲရွှဲနှင့် မိန်းမလှ (၂) ယောက် ရံ၍ ထိုင်ခုံတွင် မှီနေသော အမျိုးသားထံသို့ လျှောက်လာသည်။

“သူဌေးကျောက်”

ကျားကြီးမှာ (၂) မီတာအကွာမှ ကိုယ်ကိုကိုင်း၍ နှုတ်ဆက်လိုက်သည်။

ထိုလူသည် လက်ထဲမှ ဝိုင်ခွက်ကို မွှေ့နေချိန် ဘေးမှ မိန်းမလှ (၂) ဦးမှာ အလိုက်တသိ ထထွက်သွားကြ၏။

“ဘယ်လိုလဲ ကျားကြီး”

“ဒီတစ်လော လင်းချွမ်ကတော့ ဘာလှုပ်ရှားမှုမှ မရှိပါဘူး။ အလုပ်နဲ့ အိမ်ပါပဲ”

ကျားကြီး ရှေ့တစ်လှမ်းတိုးလာကာ

“ဒါပေမဲ့ သူ့ကုမ္ပဏီမှာ ကျွန်တော်တို့ စီစဉ်ထားတဲ့သူကို မခန့်လိုက်ဘူး။ မြောက်ပိုင်းအဖွဲ့က မိန်းကလေး အရွေးခံလိုက်ရတယ်”

“ဪ”

သူဌေးကျောက် ဘာမှဆက်မပြောဘဲ စိုက်ကြည့်နေ၍ ကျားကြီး ရင်တုန်သွားသည်။

“ကျွန်တော်စီစဉ်ထားတဲ့ တစ်ယောက်ကလည်း တကယ့် ထိပ်တန်းအဆင့်ပါ။ ဒါပေမဲ့ ရုတ်တရက်ကြီး မြောက်ပိုင်းအဖွဲ့က မိန်းကလေး ပေါ်လာတာ။ သူက လင်းချွမ်နဲ့ ခင်ပြီးသားထင်တယ်”

“အဲ့တော့ မင်းတာဝန် ကျရှုံးသွားတယ်လို့ ပြောချင်တာလား”

သူဌေးကျောက်အသံမှာ တည်ငြိမ်နေဆဲပင်။

“၇၂၀ ကုမ္ပဏီမှာ ဘာမှ စမလှုပ်ရှားရသေးပါဘူး။ ကျွန်တော့်ကို အချိန် နည်းနည်းပဲ ထပ်ပေးပါ။ သူတို့ကုမ္ပဏီကို လုံးဝ ဖျက်ဆီးပစ်ပါ့မယ်”

သူဌေးကျောက်မှာ ရယ်မောလျက်

“အချိန်က ဘယ်လောက်လိုတာလဲ”

“(၂) လ မကျော်စေရပါဘူး”

“ကြာလွန်းတယ်ကွာ”

သူဌေးကျောက် မတ်တပ်ထရပ်ကာ ကျားကြီးအနား လျှောက်သွားပြီး

“လင်းချွမ်ကို လူတိုင်း စောင့်ကြည့်နေတာ သိတယ်မလား။ (၂) လအတွင်း အားလုံး ပြောင်းလဲသွားနိုင်တယ်”

“တစ်လ။ တစ်လအတွင်း ကုမ္ပဏီကို ဆွဲချပြီး လင်းချွမ်ကို လုံးဝ ထိန်းချုပ်နိုင်အောင် လုပ်ပါ့မယ်”

ကျားကြီး အမြန် ထပြော၏။

သူဌေးကျောက်ပြုံး၍ သူ့ပုခုံးကို ပုတ်ကာ

“လင်းချွမ်ကိုင်ထားတဲ့ လက်နက်နည်းပညာကို ငါတို့ အရေးတကြီး လိုအပ်နေတာ မင်းလည်း သိသားပဲ။ ငါတစ်ယောက်တည်းရဲ့ ဆန္ဒမဟုတ်ပါဘူး။ အားလုံးရဲ့ ဆန္ဒပါ”

သူပြောသည့် အားလုံးမှာ ပိုင်ရှန်အုပ်စုနောက်မှ လက်နက်ကိုင်များကို ဆိုလိုမှန်း ကျားကြီး ကောင်းကောင်း သဘောပေါက်ပါသည်။

သူ သက်ပြင်းချ၍

“သူဌေးကျောက် စိတ်အေးအေးထားပါ။ တာဝန် အောင်မြင်အောင် ဆောင်ရွက်ပါမယ်လို့ အာမခံပါတယ်”

“မင်းရဲ့ ဒေါ်လာ (၁၀) သန်းကိစ္စရော။ ဘာဆက်ဖြစ်သွားပြီလဲ”

“ထိပ်တန်း လုပ်ကြံသူ (၇) ယောက်နဲ့ ဆက်သွယ် ပြောဆိုထားပြီးပါပြီ။ ဒီထဲက (၃) ယောက်ကိုခန့်ပြီး ဆက်စီစဉ်ဖို့ တွေးထားပါတယ်”

သူဌေးကျောက် ကျေနပ်သွားပုံဖြင့်

“ကောင်းကောင်း လုပ်နေသားပဲ”

“တခြား ခိုင်းစရာများရှိသေးလား သူဌေးကျောက်”

သူဌေးကျောက် ပြုံး၍

“၇၂၀ ကုမ္ပဏီထဲကကိစ္စမှာတော့ အများကြီး လိုသေးတယ်။ လင်းချွမ် ယုံတယ်ဆိုတဲ့ နည်းပညာ မန်နေဂျာကို လှုပ်ရှားကြည့်လို့ ရမယ်ထင်တယ်”

ကျားကြီးလန့်သွားပြီးမှ ပြုံးကာ

“သူဌေးကျောက်က အရမ်းတော်လွန်းပါတယ်။ ဒီလို ပြောပြပေးတာ ကျေးဇူးပါ”

သူဌေးကျောက် ပြုံး၍ သူ့ပုခုံးကိုပုတ်ကာ မိန်းမလှလေးများအား လက်ယပ်ခေါ်လိုက်သည်။

ကျားကြီးလည်း ဦးညွှတ်နှုတ်ဆက်ကာ ချက်ချင်း ထွက်သွားတော့၏။

သူဌေးကျောက်မှာ ပိုင်ရှန်အုပ်စု၏ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ကျားဖြန့်အဖွဲ့မှာ သူ့လက်အောက်တွင် ရှိ၏။

သို့သော် မထင်မှတ်စွာဖြင့် အဖမ်းခံလိုက်ရလေသည်။

ဤသို့ဖြင့် လင်းချွမ်အကြောင်း စသိပြီးနောက် လက်နက်ထုတ်လုပ်ရေးကိစ္စပါ သတင်းကြားလေ၍။

နောက်ကွယ်မှ လက်နက်ကိုင်များမှလည်း နည်းပညာအသစ်များအတွက် ဖိအားပေးသောကြောင့် ယခုလို စီစဉ်ရခြင်း ဖြစ်သည်။

ကျားကြီး ချက်ချင်း အိမ်သို့ပြန်လာခဲ့သည်။

အိမ်နံရံ၌ ဓာတ်ပုံတစ်ခု ချိတ်ထားပြီး သူနှင့် သူဌေးပေါင်တို့၏ပုံ ဖြစ်သည်။

ကျားကြီးမှာ သူဌေးပေါင်မျက်နှာကို ပွတ်လျက်

“အစ်ကို ကျွန်တော် လူသတ်သမားတွေကို ရှာတွေ့ပြီ။ ဒီတစ်ခါတော့ သေချာပေါက် လက်တုံ့ပြန်ပေးမယ်”

အချိန်ခဏကြာမှ စိတ်ပြန်စုစည်းကာ စကားပြောစက်အား ထုတ်လိုက်သည်။

“အစ်ကိုဟူ”

တစ်ဖက်မှ သတင်းပေး၏အသံ ထွက်လာ၏။

“အဆင်ပြေရဲ့လား”

ခပ်မှိန်မှိန် မီးရောင်ကြားမှ ညမှောင်မှောင်တွင် ကျားကြီးမှာ စီးကရက်ကို ခပ်ကြမ်းကြမ်း ရှိုက်လျက်

“အဆင်ပြေပါတယ် အစ်ကိုဟူ ဘာကိစ္စရှိလို့လဲ”

တစ်ဖက်မှအသံမှာ လေးစားသံ ပါ၏။

“၇၂၀ ကုမ္ပဏီက နည်းပညာမန်နေဂျာအသစ်လေ။ သူ့အကြောင်း ဘယ်လောက် သိလဲ”

“သိထားသလောက်တော့ မိန်းကလေးနာမည်က အန်ဂျလီနာတဲ့။ သူက လင်းချွမ်ရဲ့ အမာခံ စာဖတ်ပရိသတ်လေ။ အရင်လည်း ခဏခဏ ဆက်သွယ်ဖူးလို့ ရင်းနှီးနေကြတယ်တဲ့။ သူ့ပထမဆုံး အင်တာဗျူးမှာတင် လင်းချွမ်ကိုယ်တိုင် ခေါ်ထုတ်သွားပြီး ဟော့ပေါ့ဆိုင်မှာ ကောင်းကောင်း ကျွေးတာ”

“မင်းမှာ ဓာတ်ပုံရှိလား”

“ရှိတယ်။ အခု ပို့ပေးလိုက်မယ်နော်”

သတင်းပေးမှ ချက်ချင်း ဓာတ်ပုံပို့ပေးလေသည်။

ပုံထဲတွင် လူ (၂) ယောက် ပါဝင်ပြီး လင်းချွမ်နှင့် အန်ဂျလီနာတို့ နည်းပညာအကြောင်း ဆွေးနွေးနေကြခြင်းဖြစ်သည်။

ကျားကြီးမှာ အန်ဂျလီနာကိုကြည့်၍ မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်ပြီး

“သူက တကယ်လှတာပဲ”

သူတွေ့ဖူးသည့် သူဌေးကျောက်၏ မိန်းမငယ်လေးများထက်ပင် များစွာ သာလေ၏။

“ဒီလောက်လှတဲ့ မိန်းကလေးကိုကွာ။ လင်းချွမ် တကယ် သေသင့်တယ်”

“အစ်ကိုဟူ လင်းချွမ်ကို သတ်မှာလား”

သတင်းပေးမှ နားလည်မှုလွဲ၍ ပြန်မေးသည်။

“မင်းက တစ်မျိုး။ တုံးလိုက်တာ။ လင်းချွမ်ကို အရှင်လိုချင်တယ်။ ဒီမိန်းကလေးရောပဲ။ ငါ့ရှေ့ ခေါ်ခဲ့”

ကျားကြီးမှ သူဌေးပေါင်ဓာတ်ပုံကို လှမ်းကြည့်ရင်း အံကြိတ်ကာ ပြော၏။

“ကောင်းပါပြီ”

ကျားကြီး ခဏစဉ်းစား၍

“အန်ဂျလီနာနဲ့ ပိုရင်းနှီးအောင် လုပ်ထား။ ကျန်းရှင်းရှင်းထက် ပိုလွယ်မယ့်ပုံပဲ”

“ဟုတ်ကဲ့ပါ”

“မင်းတို့ အန်လင်းမှာ အသင့်ပြင်ထားလိုက်တော့။ အချိန်ကျရင် စမယ်”

ကျားကြီးမှ ထပ်မှာလိုက်သည်။

…

ထိုအချိန်တွင်။

အရှေ့တောင်အာရှ ညဘက်။

မော်ဂန်အုပ်စု၊ အရှေ့တောင်အာရှ ရုံးခွဲ။

ရုံးခန်းထဲတွင် ယုချင်းတစ်ယောက် လက်ပိုက်ရင်း ထိုင်နေပြီး

“လူးကပ်စ် မင်းရဲ့ခြေထောက်အခြေအနေနဲ့ တာဝန်ထမ်းဆောင်ဖို့ အဆင်မပြေသေးဘူး။ ရုံးမှာပဲ နေခဲ့ပြီး လင်းချွမ်ကိုအရှင်ဖမ်းဖို့ စောင့်နေ”

လူးကပ်စ်မှာ ဝှီးချဲမလိုတော့သော်လည်း တုတ်ကောက်ကို အားကိုးနေရဆဲ ဖြစ်၏။

သူ မကျေမနပ်ကြည့်၍

“ကျွန်တော်လည်း ဇာတ်သိမ်းကောင်းကို ကြည့်ချင်တယ်လေ”

လင်းချွမ် ဒုက္ခပေးသည့်ကိစ္စ များပြီဖြစ်၍ သူကိုယ်တိုင် ဖိနပ်ဖြင့်ကန်၍ ဖမ်းချင်ပါသည်။

“သေချာအောင် ထပ်မေးရဦးမယ်။ အန်လင်းမှာ အရေးကြီးကိစ္စတွေ အားလုံး စီစဉ်ပြီးပြီလား”

ယုချင်းမှ အေးစက်စက် ပြော၏။

လူးကပ်စ် ခေါင်းငြိမ့်ပြလျက်

“ပြောထားတဲ့လက်နက်တွေ အားလုံး ပြင်ဆင်ထားပါတယ်။ ကျွန်တော် ဟန်မြစ်အပိုင်းမှာ လုပ်ငန်းတွေလုပ်နေတာ ကြာလှပြီ။ ယုံလိုက်စမ်းပါ”

ယုချင်း ပြုံးလျက်

“လင်းချွမ်က အရမ်းတော်တယ်လို့ ကြားတယ်နော်။ မင်းအဖွဲ့ကလူတွေကို သေချာမှာထားဦး”

“အားလုံးက ကျွမ်းကျင်အဆင့်တွေပါ။ အေးဆေးပဲ”

ယုချင်း ကျေနပ်သွားသည်။

ထိုစဉ် တံခါးခေါက်သံကြားရပြီး အတွင်းရေးမှူးလေးမှ ဟောက်နှင့် ဟောတို့ကို ခေါ်လာ၏။

ထိုနှစ်ဦးမှာ မော်ဂန်ရုံးထဲ ပထမဆုံး ရောက်ဖူးခြင်း ဖြစ်ပြီး အလွန်တုန်လှုပ်နေမိသည်။

“ကျန်းရှင်းရှင်းကို အခြေအနေ သေချာလားလို့ စာပို့ပြီး ထပ်မေးလိုက်”

ယုချင်းမှ ခိုင်းလေသည်။

သေချာမှ သူတို့ ခရီးစထွက်မည် ဖြစ်၏။

အတွင်းရေးမှူး ပြင်ဆင်ပေးသည့်ဖုန်းဖြင့် စာပို့လိုက်ပြီး ကျန်းရှင်းရှင်းမှ ချက်ချင်း စာပြန်လာ၏။

နှစ်သစ်ကူးရက်တွင် သေချာပေါက် တွေ့ဖြစ်သည် ဟူ၍ပင်။

ယုချင်းပြုံး၍ စိတ်ထဲ၌ တွေးနေမိသည်။

“လင်းချွမ် ငါတို့ရဲ့ ရန်ညှိုးအဟောင်းတွေရော၊ အသစ်တွေရောကို ဒီတစ်ခါ ချေလိုက်ကြတာပေါ့”

All Chapters