ခံနိုင်ရည်အပေါ် မူတည်တယ်
Vol. 31 Ch. 453
အန်လင်း၊ ထိုညဉ့်နက်ချိန်။
ကောင်းကင်တွင် ကြယ်ရောင်စုံများ ပျံ့ကျဲလျက် အေးစက်သော လမင်းမှာ ငွေရောင်အလင်းများ ပေးရင်း တိတ်ဆိတ်သောညကို လွှမ်းခြုံထား၏။
ညခင်းလေမှာ မြောက်ဘက်မှ တောင်ဘက်ဆီသို့ တိုက်ခတ်နေပြီး သစ်ရွက်ချင်း ရိုက်ခတ်သံများမှလွဲ၍ အတော်လေး ငြိမ်သက်နေသည်။ လမ်းတစ်ဖက်ခြမ်းမှ သစ်ပင်များမှာတော့ လေနှင့်အတူ ယိမ်းနွဲ့ရင်း ခြောက်ခြားစရာညကို ကြက်သီးထစေရန် ပိုထောက်ပံ့နေလေ၏။
လင်းချွမ် ပြတင်းပေါက်ဘေးတွင် ထိုင်လျက် လက်ထဲ၌ လက်ဖက်ရည်တစ်ခွက် ကိုင်ထားသည်။
သူ့မျက်ဝန်းများမှာ တည်ငြိမ်၍ တစ်ခုခု တွေးနေပုံ ရ၏။
ယခု ဒီဇင်ဘာလ (၂၉) ရက် ဖြစ်နေလေပြီ။
နှစ်ကုန်ဖြစ်သောကြောင့် ကုမ္ပဏီ စာရင်းဇယားများ အနှစ်ချုပ်ရင်း ကျန်းတစ်ယောက် ဧည့်ခန်းထဲတွင် ဖိုင်များစွာဖြင့် အလုပ်ရှုပ်နေသည်။
ဆေးနတ်ဘုရားဝတ္ထုကိစ္စများကိုတော့ လင်းချွမ်ကိုသာ အားလုံး ပုံအပ်ထား၏။
လင်းချွမ်မှာ လက်ဖက်ရည်လေး သောက်ရင်း ဆိုဖာဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာကာ စားပွဲပေါ်၌ လက်ဖက်ရည်ခွက်အား ချလိုက်သည်။
“ရှင်းရှင်းရဲ့ စာအုပ်ကလေ ယုညီအစ်မနဲ့ ပတ်သက်ရမယ့်ကံကို ပါတာထင်တယ်”
ခရမ်းရောင် ညအိပ်ဂါဝန်လေး ဝတ်ဆင်ထားသော ကျန်းမှာ ဖိုင်များ ဘေးချ၍ လင်းချွမ်အား လှည့်ကြည့်ကာ
“ကျွန်မ စရေးတုန်းက ရှင့်ကို အံ့ဩအောင် လုပ်ချင်ခဲ့တာ။ ကျွန်မလည်း ဝတ္ထုရေးနိုင်ပါတယ်ပေါ့။ သူတို့ပါ အဲ့လိုကြီး ပါလာမယ်လို့ မထင်ထားခဲ့ဘူး”
လင်းချွမ် ပြုံး၍
“ဒီတစ်ခါ အောင်မြင်ရင် ကောင်းကောင်း လိုက်ကျွေးရမယ်နော်”
“အခုထိ ဘာမှန်း မသိသေးပါဘူး။ ယုချင်းတို့ ကိစ္စတွေလည်း စောင့်ကြည့်ရဦးမယ်။ လမ်းတစ်ဝက်နဲ့ ရှန်ပိန်ဖောက်မနေနဲ့ဦး။ အဲ့တာ နိမိတ်မကောင်းဘူး”
ကျန်းမှ စိုးရိမ်တကြီး ပြောလိုက်သည်။
“လမ်းတစ်ဝက်မှာ ရှန်ပိန်ဖောက်တာ မဟုတ်ပါဘူး။ ယုံကြည်ချက် ရှိတာ။ နောက်ပြီး ဒီကိစ္စက (၈၀) ရာခိုင်နှုန်းလောက် အောင်မြင်ပြီးနေပါပြီ”
လင်းချွမ် ရယ်မောကာ ပြော၏။
“(၈၀) ရာခိုင်နှုန်းလား”
ကျန်း မှင်တက်၍ သူ့ကို ငေးကြည့်နေသည်။
လင်းချွမ် လျှို့ဝှက်စွာ ပြုံးလျက်
“မနက်ဖြန် သိရမှာပေါ့”
“မနက်ဖြန်က (၃၀) ရက်နေ့ပဲ ရှိသေးတယ်လေ။ နှစ်ကူးရက်မှ ချိန်းထားတာ မဟုတ်ဘူးလား”
ကျန်း သူကိုယ်တိုင် အယ်ဒီတာနဲ့ ပြောထားသည်မှာ နှစ်ကူးရက်တွင် အန်လင်းသို့ လာကြမည် ဖြစ်သည်။
လင်းချွမ် ခေါင်းယမ်းပြ၏။
ယခု အိမ်ထဲတွင် သူတို့ (၂) ယောက်တည်း ရှိသောကြောင့် သတင်းပေါက်ကြားစရာ မရှိပေ။
ထို့နောက် ဆက်၍
“နှစ်ကူးရက်ဆို နောက်ကျလွန်းတယ်။ ယုညီအစ်မက သာမာန် မဟုတ်ဘူး။ အဲ့နေ့မှ တွေ့မယ်လို့ ပြောထားပေမဲ့ သူ ချက်ချင်း လှုပ်ရှားလာမှာ သေချာတယ်”
“အဲ့တော့ ဒီရက်ပိုင်း အန်လင်းကို လာကြတော့မယ်ပေါ့”
ကျန်း ချက်ချင်း သဘောပေါက်သွားသည်။
လင်းချွမ် ခေါင်းငြိမ့်ပြကာ
“ဟောနဲ့ဟောက်လည်း အဆက်အသွယ် လုံးဝ ပြတ်နေတယ်။ သူတို့ လမ်းမှာ လာနေကြပြီတောင် ထင်တယ်”
ကျန်း မျက်မှောင်လေးကြုတ်၍ စိုးရိမ်သွား၏။
သူ လင်းချွမ်အနား ချက်ချင်း တိုးကပ်သွားသည်။ သူကိုယ်တိုင် ကြောက်နေခြင်းထက် စိတ်ပူခြင်း ဖြစ်၏။
လင်းချွမ်၏ အစီအစဉ် အတိအကျကို မသိသော်လည်း ယုချင်းမှာ ယုခီခီထက် အန္တရာယ်များပြီး လက်နက်များ ပါနိုင်သည်။
လင်းချွမ်တစ်ယောက် ရှေးဟောင်းပစ္စည်းဆိုင်၌ တိုက်ခိုက်ရင်း ဓားအနည်းငယ်ရှသည်ကိုပင် သူအတော်လေး တုန်လှုပ်ခဲ့ရသည်။
လင်းချွမ်မှ သူ့ကိုပုန်းနေခြင်းက အကောင်းဆုံး အကူအညီဖြစ်သည်ဟု မပြောထားလျှင် ရုပ်ရှင်များထဲကလို ရှေ့မှ ရူးရူးမိုက်မိုက် ပြေး၍ ကာကွယ်မိပေမည်။
သို့သော် ထိုသို့ပြုမူမိပါက သေချာပေါက် တရားခံများထံ အဖမ်းခံရပြီး ဓားစာခံအဖြစ် လင်းချွမ်ကို ပြန်ခြိမ်းခြောက်ကြပေမည်။
ယခုအဖွဲ့၌ သေနတ်များပါနိုင်ပြီး ဓားထက် များစွာ အန္တရာယ် ပိုရှိ၏။
သူ့စိုးရိမ်နေသော အမူအရာကြောင့် လင်းချွမ် အလိုက်တသိဖြင့် ဖက်ထားလိုက်သည်။
“ရှင်းရှင်း စိတ်လျှော့ပါကွယ်။ ဒါက အဲ့လောက်ကြီး အန္တရာယ်မများပါဘူး”
ကျန်း သူ့နှုတ်ခမ်းလေးကို အသာတို့၍
“ရှင်ပြောတဲ့ အန္တရာယ်က ကျွန်မသိထားတဲ့ အန္တရာယ်နဲ့ တူရဲ့လား”
“ဘာလို့ မတူရမှာလဲ”
“စီချွမ်ရဲ့ အပျော့ဆုံးအစပ်နဲ့ ဒီမြို့က အစပ်ဆုံးနဲ့ တူသလိုလား”
လင်းချွမ် ရယ်မောလိုက်မိသည်။
ထို့နောက် လက်ဖက်ရည်တစ်ကျိုက်မော့၍ ကျန်းကို သောက်မလားဟု မေးငေါ့ပြ၏။
ကျန်း တစ်ငုံယူသောက်လေသည်။
လင်းချွမ်မှ
“ခုနကပြောတဲ့ အစပ်အရသာကိစ္စမှာဆိုရင် အမှန်တော့ ခံနိုင်ရည်အပေါ် မူတည်တာလေ။ စီချွမ်ရဲ့ အပျော့ဆုံးက အန်လင်းရဲ့ အစပ်ဆုံးလောက် ရှိပေမဲ့ စီချွမ်သားတွေကို ဘေးဥပါဒ် မဖြစ်စေဘူးမလား”
ကျန်း နားမလည်နိုင်သလို မျက်မှောင်လေး ကြုတ်နေ၏။
လင်းချွမ် ဝေ့ဝိုက်မနေတော့ဘဲ
“ဘာပဲဖြစ်ဖြစ် ကို့ဆံချည်တစ်မျှင်တောင် မထိခိုက်ခဲ့စေရဘူးလို့ ကတိပေးတယ်နော်”
ကျန်း မျက်လုံးလေးများ တောက်လျက်
“ဒါဆို အခု စရေကြည့်ထားရမလား”
လင်းချွမ် မျက်လုံးပြူးကာ ရုတ်တရက် မှင်တက်နေပြီးမှ ပြုံးမိသွားသည်။
ကျန်းရှင်းရှင်းလည်း ရယ်မောနေ၏။
လေးနက်သော စကားဝိုင်းမှာ ကျန်း၏ဟာသကြောင့် တဖြည်းဖြည်း ပေါ့ပါးသွားရသည်။
“ကဲပါ။ ကို အစီအစဉ် စရတော့မယ်”
“ဟင်”
ကျန်းအနေဖြင့် လင်းချွမ် ချက်ချင်း လှုပ်ရှားမည်ဟုတော့ မထင်ထားချေ။
လင်းချွမ် ဝရံတာဘက် လှမ်းကြည့်လိုက်သောအခါ အပြင်ဘက်တွင် ပိန်းပိတ်အောင် မှောင်လျက် တောင်တန်းကြီးများလည်း ပျောက်ကွယ်နေကြသည်။ ထိုသို့ မြူဆိုင်း၍ လျှို့ဝှက်သော အမှောင်ထုထဲတွင် မည်သို့သော သတ္တဝါများ ပုန်းကွယ်နေမည်နည်း။
“လေပြင်းတဲ့ ညမှောင်မှောင်က ကစားပွဲအတွက် အကောင်းဆုံးပဲ”