← Chapters

လှည့်စားခြင်း

Vol. 31 Ch. 456

လှည့်စားခြင်း

Vol. 31 Ch. 456

ကျန်းပြောင် ယုချင်းအကြောင်း ဖတ်ရင်း ရင်တဒိတ်ဒိတ် ခုန်လာ၏။

“အကြီးအကဲကျုံကို အကူအညီတောင်းမှ ဖြစ်မယ်။ အန်လင်းရဲစခန်းတစ်ခုတည်းနဲ့ ယုံကြည်ချက် မရှိဘူး”

ကျန်းပြောင် လေးနက်စွာ ပြောသည်။

ယုရှန်လည်း ခေါင်းငြိမ့်၍ ထောက်ခံ၏။

ယခုတစ်လော အန်လင်း၌ အခြားမှုခင်းများလည်း စုံနေသောကြောင့် အတော်လေး ခေါင်းကိုက်နေလေပြီ။

ထို့နောက် ကျန်းပြောင် အခန်းထဲ၌ပင် အကြီးအကဲကျုံအား ချက်ချင်း ဖုန်းခေါ်လိုက်သည်။

သူ ကိစ္စအစအဆုံး ကြားပြီးနောက် လင်းချွမ်အတွက် အင်အားများ တိတ်တဆိတ် ပို့ပေးလေ၏။

ဟန်မြစ်အပိုင်းနှင့် အန်လင်းမှာ နီးသောကြောင့် အကူတပ်ဖွဲ့မှာ ချက်ချင်း ရောက်လာကြသည်။

ထိုအခါမှ ကျန်းပြောင် သက်ပြင်းချနိုင်ပြီး ပြုံး၍

“ဒါတွေအားလုံး လင်းချွမ် ကျေးဇူးကြောင့်ပါပဲ”

လင်းချွမ် လက်ယမ်းပြကာ နေရခက်နေသည်။

ဟူတာချန်းမှ လက်ဖက်ရည် လိုက်ဖြည့်ပေးလိုက်ပြီး ကျန်းပြောင်အားကြည့်၍

“ဒါရိုက်တာကျန်း ဒီတာဝန်အသေးစိတ်က ဘယ်လိုလဲ”

ကျန်းပြောင် လက်ဖက်ရည်တစ်ကျိုက်သောက်ကာ မျက်မှောင်ကြုတ်၍ လင်းချွမ်အား လှမ်းကြည့်သည်။

လင်းချွမ် ပြုံးကာ

“ဒါရိုက်တာကျန်းက နားလည်တာပဲ။ ဟုတ်ပါတယ်။ ကျွန်တော့်မှာ အကြံရှိပြီးသားပါ”

“ပြောပါဦး”

ကျန်းပြောင် လက်ပြလိုက်၏။

လင်းချွမ် ခဏစဉ်းစားပြီးမှ

“သူတို့ရဲ့ အဓိကပစ်မှတ်က ကျွန်တော်ပဲ။ အဲ့တာကြောင့် ဒီအခွင့်အရေးမှာ ထောင်ချောက် ဆင်မလို့ပါ”

“ထောင်ချောက်လား”

အားလုံး အံ့ဩစွာ ကြည့်လိုက်မိသည်။

လင်းချွမ်မှ ဆက်ရှင်းပြ၏။

“ယုချင်းက အယ်ဒီတာတစ်ယောက်ကို အသုံးချပြီး ရှင်းရှင်းနဲ့ နှစ်သစ်ကူးရက်မှာ တွေ့ဖို့ ချိန်းထားတာလေ။ ဒါပေမဲ့ သူ အန်လင်းကို စောလာပြီး ချက်ချင်း လှုပ်ရှားမယ်လို့ သေချာတယ်။ အဲ့တာကြောင့် ကျွန်တော့်အခြေအနေကို ကြိုစုံစမ်းပြီးသား ဖြစ်မှာပဲ။ ကျွန်တော်က သံသယဝင် မခံရအောင် ပုံမှန်အတိုင်းနေပြီး သူ့အကွက်သူ ပိုယုံကြည်ချက်ရှိလာအောင် လုပ်ရမယ်။ မနက်ဖြန် ကျွန်တော် အလုပ်သွားမှာဆိုတော့ ၇၂၀ ကုမ္ပဏီမှာ လှုပ်ရှားလိမ့်မယ်”

ကျန်းပြောင် မျက်မှောင်ကြုတ်မိကာ

“လင်း သူ အန်လင်းကို လာတဲ့အချိန် ဒါမှမဟုတ် နိုင်ငံထဲ ဝင်တဲ့အချိန်မှာ တစ်ခါတည်း ဖမ်းရင်ရော”

ဟူတာချန်းမှလည်း

“ဟုတ်တယ် လင်း။ ငါးစာချတဲ့နည်းက အရမ်း အန္တရာယ်များတယ်”

ရှန်ချန်းချန်းနှင့် ကျန်းရှင်းရှင်းလည်း ထောက်ခံသလို ကြည့်နေ၏။

သူတို့ စိုးရိမ်နေမှန်းသိ၍ လင်းချွမ်မှ

“အရမ်း စိတ်ပူနေကြတာကိုး။ ၇၂၀ ကုမ္ပဏီဆိုတာ ကျွန်တော့်ပိုင်နက်လေ။ ကျွန်တော့်နေရာကိုလာပြီး ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ”

“ဒါပေမဲ့…”

ရှန်ချန်းချန်း ချက်ချင်း ငြင်းချင်၏။

သို့သော် လင်းချွမ် လက်ပြ၍ ဖြတ်ပြောလေသည်။

“ရဲမေရှန် ကျွန်တော်တို့က ကြိုစီစဉ်ထားပြီးသားလေ။ ကိုယ့်အိမ်ကွင်းမှာဆိုတော့ ယုခီခီကို ဖမ်းတုန်းကထက်တောင် စိတ်ချရသေးတယ်”

သူ့စကားကြောင့် အားလုံး ငြိမ်သွား၏။

ထိုအခါ လင်းချွမ်မှဆက်၍ ပြောလေသည်။

“၇၂၀ ကုမ္ပဏီပတ်လည်မှာ စီစီတီဗွီတွေ၊ အချက်ပြစနစ်တွေ အားလုံး တပ်ထားပြီးပြီ။ လှေကားတွေ၊ ဓာတ်လှေကားတွေက အစ။ သံသယရှိတဲ့သူ ပေါ်လာတာနဲ့ ချက်ချင်း သိရမှာပဲ။ အဲ့အခါ ချက်ချင်း လှုပ်ရှားပေါ့။ ယုချင်း ကျွန်တော့် မျက်နှာတောင် တွေ့လိုက်ရမှာ မဟုတ်ဘူး။ အဲ့တာဆို ရပြီလား”

ဟူတာချန်း မျက်လုံးအရောင်လက်၍

“ဒါလည်း ကောင်းတာပဲ။ ဒီအမှုပြီးရင် ကျွန်တော်တို့ ရဲစခန်းမှာလည်း တပ်ပေးပါဦး”

“ရဲစခန်းမှာ ဘယ်သူက ပြဿနာရှာရဲမှာမို့လို့လဲ”

လင်းချွမ် အံ့ဩစွာ ပြန်မေးလိုက်သည်။

ဟူတာချန်း ရယ်မော၍ ကျန်းပြောင်အား ကြည့်ကာ

“ဘာပဲဖြစ်ဖြစ် စိတ်ချရတာပေါ့ဗျာ”

ထိုသို့ အချက်ပေးစနစ်များ တပ်ထားလျှင် သံသယရှိသူကို ပိုမြန်မြန် သိနိုင်ပြီး အချက်အလက် ပေါက်ကြားခြင်း မရှိနိုင်တော့ပေ။

သို့သော် လင်းချွမ်မှာ ရဲစခန်းမှ ဝန်ထမ်း မဟုတ်ပေ။

စည်းမျဉ်းများအရ လင်းချွမ်အား ထိုသို့ တပ်ဆင်ခိုင်းခွင့် မရှိ။

ကျန်းပြောင် ခဏစဉ်းစား၍ ခေါင်းငြိမ့်ကာ

“လင်းပြောတဲ့ အစီအစဉ်က အဆင်ပြေမယ် ထင်ပါတယ်။ သတိကြိုထားရအောင် ၇၂၀ ကုမ္ပဏီအောက်မှာ ရဲတပ်ဖွဲ့ ပြင်ထားရမယ်။ ခြင်တစ်ကောင်တောင် လွတ်လို့ မဖြစ်ဘူး။ ရဲမေရှန် ဘယ်လိုလဲ”

သူ ရှန်ချန်းချန်း၏အမြင်ကို မေးလိုက်သည်။

ရှန်ချန်းချန်း အားလုံးကို ဝေ့ကြည့်ပြီးမှ ခေါင်းငြိမ့်၍

“ကန့်ကွက်စရာ မရှိပါဘူး”

“မိန်းကလေးကျန်းရော”

ကျန်းပြောင် ထပ်မေး၏။

ကျန်းရှင်းရှင်း သူ့ကိုလှမ်းကြည့်၍

“လင်းချွမ်ပြောတဲ့အတိုင်း လိုက်နာပါမယ်”

“ကောင်းပြီ။ ဒါဆို အစီအစဉ်အတိုင်း ဆက်သွားမယ်”

ဤသို့ဖြင့် ရဲစခန်းထဲတွင် ပို၍ အလုပ်ရှုပ်သွားကြသည်။

…

ထိုအချိန်တွင်။

အပြာရောင် ကောင်းကင်ပြင်၌ ဝဲပျံနေသော လေယာဉ်တစ်စင်းပေါ်တွင် ယုချင်းနှင့်အဖွဲ့တို့ ပါလာကြ၏။

သူတို့ နယ်စပ်မြို့ကို အရင်လာပြီးမှ အန်လင်းသို့ တစ်ဆင့် ထွက်ခွါမည် ဖြစ်သည်။ ဤနည်းလမ်းက ပို၍ စိတ်ချလုံခြုံ၏။

“ခေါင်းဆောင် အန်လင်းမှာ အားလုံး အသင့်ဖြစ်နေပြီလို့ သတင်းရပါတယ်။ နှစ်သစ်ကူးနေ့အတွက် အခုတည်းက ကြိုပြင်ခိုင်းထားတာပါ”

တပည့်တစ်ဦးမှ ယုချင်းအနားကပ်၍ ရိုသေစွာ ပြော၏။

ယုချင်း လက်ယမ်းပြကာ

“နှစ်သစ်ကူးနေ့ကို မစောင့်ဘူး”

တပည့်ဖြစ်သူမှာ စွံ့အသွားသည်။

ယုချင်းမှာ ပြုံးလျက်

“ငါတို့ ဒီလိုပြောသွားလို့ လူးကပ်စ် အပါအဝင် အားလုံးက နှစ်သစ်ကူးနေ့မှာ လှုပ်ရှားမယ်လို့ ထင်နေမှာပဲ။ ဒါပေမဲ့ ဒါ အားလုံး ရှုပ်ထွေးအောင် တမင် လုပ်လိုက်တာ။ အခု ငါ့အကြံ အောင်မြင်သွားပြီ”

“ရှုပ်ထွေးအောင်လား”

ယုချင်းမှာ တည်ငြိမ်စွာဖြင့်

“ဟုတ်တယ်။ လင်းချွမ် မော်ဂန်အုပ်စုထဲဝင်ပြီး ခိုးနားထောင်နိုင်သေးလားဆိုတာ မသေချာဘူးလေ။ အဲ့တာကြောင့် လှည့်စားလိုက်တာ”

တပည့်လေးမှာ လက်မထောင်ပြ၍

“တော်လိုက်တာဗျာ”

ယုချင်း လက်လေးများပိုက်လျက် ပြုံးရွှင်နေ၏။

ယခု တာဝန်အတွက် သူ ယုံကြည်ချက်အပြည့် ရှိနေပါသည်။

“ဒါဆို ဘယ်အချိန်စမှာလဲ”

တပည့်မှ ပြန်မေး၏။

ထိုတပည့်မှာ ယုချင်းနှင့် နှစ်ပေါင်းများစွာ အတူ ရှိခဲ့သောကြောင့် လုံးဝ ယုံကြည်ရပါသည်။

ယုချင်း ရယ်မောလျက်

“မနက်ဖြန်”

“မနက်ဖြန် စလှုပ်ရှားမှာလား။ အရမ်း မလောလွန်းဘူးလား။ ခရီးပန်းတာနဲ့ဆိုရင် အဆင်မပြေမှာ စိုးရတယ်”

ယုချင်းမှာ ဂရုမစိုက်သလို ရယ်မောလျက်

“အဆင်မပြေဘူးတဲ့လား။ လင်းချွမ်က တစ်ယောက်တည်း။ ငါတို့ဘက်မှာ အများကြီးလေ။ ရုတ်တရက် တိုက်ခိုက်ခြင်းက သူ့အတွက် အံ့ဩစရာ ဖြစ်လာမှာ”

“ဒါဆို ပြေးပေါက်လည်း ချက်ချင်း စီစဉ်ထားလိုက်ပါမယ်”

ယုချင်း ခေါင်းငြိမ့်ပြ၍

“ဒီည ပင်ပန်းလိမ့်မယ်။ အခင်းနေရာကို ၇၂၀ ကုမ္ပဏီမှာ ရွေးထားတယ်။ မင်း လင်းချွမ် အဝင်အထွက်ကို စောင့်ကြည့်နေ”

All Chapters