နောက်ပြန်ဆုတ်မယ်
Vol. 31 Ch. 457
နောက်တစ်နေ့၊ မနက်စောစော အချိန်။
ပထမဆုံးနေရောင်ခြည်မှ အရှေ့စူးစူးမှ ပေါ်ထွက်လာပြီး ကောင်းကင်ပြာကြီးမှာ တဖြည်းဖြည်း ခရမ်းရောင်၊ လိမ္မော်ရောင်၊ အနီရောင်တို့ဖြင့် စုံလင်သွား၏။ မြူနှင်းမှုန်များမှာတော့ ဇာပုဝါ ကာရံထားသကဲ့သို့ရှိပြီး တောင်တန်းများအပေါ်မိုး၍ ကျရောက်နေသောကြောင့် အိပ်မက်ဆန်ဆန် ရီဝေဝေ နေသည်။
လင်းချွမ်မှာ တက်ကြွစွာ နိုးထလာပြီး အဝတ်လဲ၍ လိုက်ကာကို ဆွဲဖယ်လိုက်သည်။
ထိုအခါ သူ့မျက်နှာပေါ်သို့ နေခြည်နုနု ကျရောက်လာပြီး မျက်စိရှေ့တွင် အန်လင်းမြစ်ကို ကျောက်စိမ်းရောင် မြက်ခင်းနှင့် မြူခိုးများ ရစ်သိုင်းထားသည်ကို တွေ့ရ၏။
နားထဲတွင်လည်း ပုံမှန်ကြားနေကျ ကားဟွန်းသံအချို့ ဆူညံစွာ ဝင်လာသည်။
ကျန်းမှာ အရင်နေ့များကဲ့သို့ပင် စီးပွါးရေး လုပ်ငန်းရှင် အမျိုးသမီးကဲ့သို့ မီးခိုးရောင် စကတ်ရှည်နှင့် ကုတ်အင်္ကျီတို့ကို စတိုင်ကျကျ ဝတ်စားထားသည်။ မျက်နှာလေးမှာ မိတ်ကပ်ပါးပါးဖြင့် ပိုကျက်သရေ ရှိနေ၏။
လင်းချွမ် ထိုကဲ့သို့ပင် ကုတ်အင်္ကျီနှင့် ခန့်ခန့်ညားညား ပြင်ဆင်ထားသည်။
ကျန်း သူ့အနား လျှောက်လာပြီး အင်္ကျီကို သပ်ရပ်အောင် ပြင်ပေး၍
“ဒီနေ့ ဂရုစိုက်နော်”
လင်းချွမ် ကျန်းနှာခေါင်းလေးကို အသာဆွဲ၍ ရယ်မောကာ
“အမှန်တော့ သူတို့ကို မျှော်နေခဲ့တာ”
“မျှော်တယ်လား”
ကျန်း အံ့ဩစွာ ပြန်ပြောသည်။
တစ်ဖက်အဖွဲ့မှာ သူ့ကိုဖမ်းရန် လာခြင်းကို မျှော်နေသည်လား။
သူဌေးရဲ့ အတွေးအခေါ်က ဘယ်လိုတွေလဲ။
“မျှော်လို့ မရဘူးလား”
လင်းချွမ်ပြုံးကာ ပြော၏။
“ရှင်က မျှော်သင့်လို့လား”
ကျန်းမှလည်း မေးခွန်းကို ပြန်ပတ်၍ မေး၏။
“စဉ်းစားကြည့်နော်။ ကိုက လူဟောင်းတွေနဲ့ ပြန်တွေ့ပြီး ကိုယ်တိုင် လက်ရဖမ်း၊ ရဲစခန်း ပို့ပေးရမှာကို။ ရန်သူကို နိုင်တဲ့ ခံစားချက်မျိုးကို မျှော်ရမယ် မဟုတ်ဘူးလား”
လင်းချွမ် ရယ်မော၍ ပြောလိုက်သည်။
“အဲ့လိုတော့လည်း ဟုတ်ပါတယ်”
ကျန်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဆက်ပြော၏။
“ဒါပေမဲ့ အရမ်း အန္တရာယ်များလွန်းတယ် မဟုတ်ဘူးလား”
လင်းချွမ် သူ့ကို ခေါင်းလေး အသာပုတ်၍
“မစိုးရိမ်ပါနဲ့။ ကို မသေချာရင် ဘာမှ မလုပ်ဘူး”
“တော်သေးတာပေါ့”
ကျန်း ရယ်မောကာ ပြန်နောက်လိုက်သည်။
“ကဲ သွားရအောင်”
နှစ်ယောက်သား ကျုံချန်းအဆောက်အဦရှိရာသို့ ထွက်လာခဲ့ကြတော့သည်။
၇၂၀ ကုမ္ပဏီ။
အရာအားလုံး ပုံမှန်အတိုင်း လည်ပတ်နေ၏။
မြောက်လေ၏ အမြဲစိမ်းလန်းနေသော တောင်ပိုင်းမြက်များပေါ်သို့ ဖြတ်သန်း တိုက်ခတ်သွားသံ၊ မနက်စာ အော်ရောင်းသံ၊ လမ်းလျှောက်သွားသူများ၏ စကားသံများ အားလုံးကို လင်းချွမ် ဂရုတစိုက် ကြားနေသည်။
သူ ကုမ္ပဏီ၏ အဓိကဝင်ပေါက်မှ ဝင်လာပြီး ဝန်ထမ်းများကလည်း တက်ကြွစွာ နှုတ်ဆက်လေသည်။
ထိုထဲတွင် အန်ဂျလီနာလည်း ပါ၏။
အန်ဂျလီနာမှာ သူ့ခြေတံသွယ်သွယ် ထင်ရှားစေသည့် ဂျင်းဘောင်းဘီပြာ အကြပ်လေးနှင့် အသားရောင် လည်ပိတ်ဆွယ်တာအား ဝတ်ဆင်ထားသည်။ အသားအရည်မှာ အင်္ကျီကို ဟပ်၍ ဖြူဖွေးနေပြီး ဆံပင်ရွှေရောင်၊ မျက်ဆံအညိုဖျော့တို့မှာ သူ့အလှကို ပိုထင်ရှားစေသည်။
လင်းချွမ်ကို တွေ့သောအခါ သူ လှမ်းပြုံးပြ၏။
“အိုင်ဒေါလ်နဲ့ ဒါရိုက်တာကျန်း”
လင်းချွမ် ခေါင်းငြိမ့်ပြကာ
“အန်ဂျလီနာ မောနင်းပါ”
ကျန်းလည်း ပြုံးပြလိုက်သည်။
အန်ဂျလီနာ သူတို့ကိုကြည့်ရင်း တစ်ခုခု ထူးခြားသလို ခံစားရသောကြောင့် ဘေးဘီကိုကြည့်၍ ဘယ်သူမျှ မရှိမှ အနားကပ်ကာ
“ဒီနေ့ တစ်ခုခု ရှိနေတယ်မလား”
လင်းချွမ် မျက်ခုံးပင့်ပြ၍
“ရုံးခန်းထဲမှ ပြောကြတာပေါ့”
ကျန်းလည်း အန်ဂျလီနာ ရိပ်မိသည်ကို အံ့ဩသွားသည်။
ထို့နောက် (၃) ဦးသား ရုံးခန်းထဲ ဝင်လာလိုက်ပြီး ကျန်းမှ ကော်ဖီ ပြင်ပေးလေသည်။
အန်ဂျလီနာ ပြုံး၍ ကျေးဇူးတင်ကြောင်း လှမ်းပြော၏။
လင်းချွမ်မှာ သူ့မျက်နှာချင်းဆိုင်တွင် ထိုင်လျက်
“မင်း တစ်ခုခု သိထားတယ် ထင်တယ်”
အန်ဂျလီနာမှာ ကော်ဖီနွေးနွေးအား တစ်ငုံသောက်ပြီးမှ
“ရှင်တို့ လုပ်ငန်းစဖို့ ပြင်နေတာလား”
လင်းချွမ်နှင့် ကျန်းရှင်းရှင်းတို့ အချင်းချင်းကြည့်ကာ အံ့ဩသွားကြသည်။ သို့သော် အန်ဂျလီနာ သိနေမှန်း နားလည်လိုက်ပြီး လင်းချွမ် အမှန်အတိုင်း ပြောလိုက်၏။
“မင်း သိနေတာလား”
အန်ဂျလီနာ ခေါင်းငြိမ့်ပြ၍
“အောက်ထပ်မှာ အရပ်ဝတ်နဲ့ ရဲတွေ တွေ့တယ်လေ”
“သူတို့ကို ရဲမှန်း ဘယ်လိုလုပ် သိတာလဲ”
ကျန်း အံ့ဩစွာ ဝင်မေး၏။
“ကျွန်မနဲ့ လိုက်ခဲ့”
အန်ဂျလီနာ ကျန်းကိုလက်ဆွဲ၍ ပြတင်းပေါက်နား ခေါ်သွားသည်။
လင်းချွမ်လည်း အနောက်မှ လိုက်သွား၏။
အန်ဂျလီနာမှ လမ်းဘေးဘက်တွင် လမ်းလျှောက်နေသူအချို့ကို လက်ညှိုးထိုးပြသည်။
ကျန်းမှ
“သူတို့က ဘာလို့လဲ”
အန်ဂျလီနာ ပြုံး၍
“ဒီရာသီဥတုမှာ အဘိုးကြီးတွေလည်း မဟုတ်ဘူး။ တစ်ယောက်ဆို တော်တော်ငယ်သေးတယ်။ အဲ့လိုလူတွေက ကုမ္ပဏီနားမှာ လျှောက်သွားနေတာ ပုံမှန် မဟုတ်ဘူးလေ”
သူ့လက်ညှိုးအတိုင်း လင်းချွမ်တို့ လိုက်ကြည့်မိသည်။
“ဟိုနားမှာ ရပ်ထားတဲ့ ကားထဲမှာဆိုရင် လူငယ်စုံတွဲ ထိုင်နေတယ်လို့ ထင်ရပေမဲ့ နှစ်ယောက်ကြား ဆက်ဆံရေး မရှိဘူး။ တစ်ခုခုကိုပဲ စောင့်နေသလိုလို။ မနက်စာရောင်းတဲ့ ဈေးသည်ဆို ဈေးဝယ်လာရင် အမူအရာက ဗရုတ်သုတ်ခပဲ။ အဲ့တော့ ဒါတွေကို ကြည့်ရင် သူတို့က ရဲဝန်ထမ်းတွေပဲ။ ရှင်တို့သာ ဒီနေ့ လှုပ်ရှားဖို့ စီစဉ်ထားတာမျိုး မရှိရင် သူတို့က ရှင့်ကို ဖမ်းဖို့ လာကြတာ”
လင်းချွမ် လေးစားစွာ လှမ်းကြည့်ရင်း မျက်လုံးအရောင်လေး တောက်၍ ခေါင်းငြိမ့်ပြ၏။
“မင်းက တကယ် အမြင်စူးရှတာပဲ”
အန်ဂျလီနာ ရယ်မော၍
“ကျွန်မအထင် မှန်နေပုံပဲ”
လင်းချွမ် ခေါင်းငြိမ့်ပြသည်။
အန်ဂျလီနာမှ ဆက်၍
“ဒီလိုတာဝန်က သိသာလွန်းတယ်လေ။ ကျွန်မတောင် မြင်တာပဲ။ ရန်သူလည်း နည်းနည်းလောက်ပဲ သတိထားတတ်တဲ့သူဆိုရင်တောင် ရှင်တို့ ကျရှုံးပြီ”
“ဒါဆို မင်းအမြင်မှာ ဘယ်လို လုပ်သင့်လဲ”
အန်ဂျလီနာ၏ အတွေ့အကြုံ၊ ဗဟုသုတများမှာ သာမာန်မဟုတ်မှန်း နားလည်၍ လင်းချွမ်မှ ပြန်မေးလိုက်၏။
အန်ဂျလီနာ ခဏစဉ်းစား၍
“သူတို့ကို အရင်ဆုံး ဖယ်ရမယ်”
“အဲ့တာ အန္တရာယ်မများဘူးလား”
ကျန်းမှ စိုးရိမ်တကြီး ဝင်ပြောသည်။
အန်ဂျလီနာ ပြုံးကာ
“ဒါရိုက်တာကျန်း အရမ်းစိတ်မပူပါနဲ့။ ခဏနောက်ဆုတ်ပြီး ပုန်းနေခိုင်းရုံပါ။ တချို့ရဲတွေကို ကုမ္ပဏီထဲ ဖြန့်ဝင်ပြီး စောင့်ခိုင်းလို့လည်း ရတယ်။ အဲ့တာဆို အတွင်းရောအပြင်ပါ ညှပ်ပြီးဖမ်းရင် သေချာပေါက် မလွတ်တော့ဘူးပေါ့”
ထိုအခါမှ ကျန်း စိတ်အေးသွားပြီး
“ဒီအစီအစဉ်လည်း မဆိုးပါဘူး”
ထို့နောက် အားလုံး လင်းချွမ်ကို လှည့်ကြည့်၍ ဆုံးဖြတ်ချက်ကို စောင့်နေသည်။
သို့သော် လင်းချွမ်ပြုံး၍ အကြံအား ငြင်းလိုက်၏။
“နောက်ဆုတ်နေတာတော့ ကောင်းပေမဲ့ ကုမ္ပဏီထဲ ပေးဝင်ထားတာက ပိုသံသယဖြစ်စရာ ကောင်းလိမ့်မယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေက လုံးဝ သာမာန်လူတွေလေ။ စပ်စုချင်တဲ့ သဘာဝ ရှိကြတယ်။ နောက်ပြီး ဒီမှာ လှုပ်ရှားမယ်ဆိုရင် ရန်သူက ကုမ္ပဏီအတွင်းပိုင်းကို နားလည်ထားရမှာပဲ။ အဲ့တော့ ကုမ္ပဏီထဲကလူကနေ သတင်းပေါက်နိုင်တယ်။ ဒါမှမဟုတ် သူတို့လူ ရှိနေပြီးသားလားတောင် မသိဘူး”