← Chapters

ရောက်လာပြီ

Vol. 31 Ch. 458

ရောက်လာပြီ

Vol. 31 Ch. 458

လင်းချွမ်အနေဖြင့် အရာရာ ကြိုတွေး၍ အဆိုးဆုံးအခြေအနေအတွက်ပါ ပြင်ဆင်ထားသည်။

“အဲ့လိုလည်း ဖြစ်နိုင်တယ်နော်”

အန်ဂျလီနာမှ ထောက်ခံ၏။

“ဒါဆို ပိုကောင်းတဲ့အဖြေ ရှိတာလား”

ကျန်းမှ လှမ်းမေးသည်။

လင်းချွမ် အမျိုးသမီး (၂) ဦးကို ဝေ့ဝဲကြည့်၍ ပြုံးကာ

“အစကတော့ အဖြေမရှိပေမဲ့ အခု ရှိသွားပြီ”

ဟင်…

မိန်းကလေးများ အံ့ဩမှင်တက်၍ လှမ်းကြည့်ကြ၏။

လင်းချွမ် အန်ဂျလီနာကိုကြည့်၍ ပြုံးကာ

“အန်ဂျလီနာ မင်းက အမြင်စူးရှတော့ ဘယ်သူက သံသယဖြစ်စရာကောင်းလဲ ပိုသိမှာပဲ။ အဲ့တာကြောင့် စီစီတီဗွီအပိုင်း တာဝန်ယူပေးပါ။ မင်း အကဲခတ်တတ်တာနဲ့ဆို ပိုမြန်မြန်သိပြီး ရဲတွေလည်း မြန်မြန် လှုပ်ရှားနိုင်လိမ့်မယ်”

အန်ဂျလီနာ မျက်လုံးအရောင်လေး လက်၍

“စီစီတီဗွီလား”

“ဟုတ်တယ်”

“ကောင်းတယ်။ ဒါ ကျွန်မ ကျွမ်းကျင်တဲ့အပိုင်းပဲ”

“ကျွန်မကရော”

ကျန်း မဝံ့မရဲလေး မေးလိုက်သည်။ သူလည်း ကူညီချင်သော်လည်း အခြေအနေ ပိုဆိုးသွားမည်လည်း စိတ်ပူ၏။

“ဒါရိုက်တာကျန်းက ကျွန်မနဲ့အတူတူ စောင့်ကြည့်နော်။ အဲ့တာမှ တစ်ခုခုဆို ကာကွယ်ပေးနိုင်မှာ”

အန်ဂျလီနာမှ ရင်းနှီးစွာ ပြောလိုက်သည်။

ကျန်း လင်းချွမ်အား လှည့်ကြည့်၍ အဆုံးအဖြတ် တောင်းလေသည်။

လင်းချွမ် လုံးဝ သဘောတူပါသည်။

သူ အန်ဂျလီနာကို ယုံကြည်ပြီး သူနှင့်ဆိုလျှင် ရှင်းရှင်းအား စိတ်ချရပါသည်။ ထိုအခါ ယုချင်းအမှုတွင် ပို၍ အာရုံစိုက်နိုင်၏။

ချက်ချင်းပင် လင်းချွမ်သည် ရှန်ချန်းချန်းထံ ဖုန်းခေါ်၍ အခြေအနေအား ပြောပြလိုက်သည်။

ရှန်ချန်းချန်းလည်း အဖွဲ့ဝင်တစ်ဦးအနေဖြင့် အမြန်ဆုံး ဆောင်ရွက်လေသည်။

ဤသို့ဖြင့် မြောက်လေတိုက်ခတ်ရင်း နံနက်ခင်းမှ နေ့လယ်အချိန်သို့ လျင်မြန်စွာ ရောက်လာ၏။

ထမင်းစားချိန်ပြီးသောအခါ အိပ်ငိုက်ရန် အကောင်းဆုံးဖြစ်ပြီး တစ်ရုံးလုံး တိတ်ဆိတ်နေကြသည်။

ထိုစဉ် မန်နေဂျာကျောက်၏ ဒေါက်ဖိနပ်သံကို ကျယ်လောင်စွာ ကြားနေရသည်။

အားလုံး စောင့်ဆိုင်းနေရသောကြောင့် စိတ်လှုပ်ရှားနေ၏။

အချိန် (၄) နာရီ ကျော်လွန်သွားပြီဖြစ်သော်လည်း ပစ်မှတ်မှာ မပေါ်လာသေးပေ။ အားလုံး ရင်ထဲတွင် စိုးရိမ်စိတ်များ ဖြစ်လာကြသည်။

ကျန်းမှာ ရေသာ တစ်ခွက်ပြီးတစ်ခွက် သောက်နေ၏။

လင်းချွမ်ကတော့ မုန်တိုင်းများစွာကို ကြုံဖူးသောကြောင့် အတော်လေး တည်ငြိမ်နေသည်။ ကုမ္ပဏီမှ စီစီတီဗွီများကို စိုက်ကြည့်ရင်း အာရုံပြုနေလေ၏။

အန်ဂျလီနာလည်း အဝင်အထွက်အားလုံးကို သေချာ ကြည့်နေသည်။

ရုတ်တရက်။

လူတစ်ယောက် ပေါ်လာသည်။

အသက် (၃၀) ဝန်းကျင် အမျိုးသားတစ်ဦး ဖြစ်ပြီး အနက်ရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ကာ လက်များမှာ ဘောင်းဘီအိတ်ထဲ ထည့်၍ ကျုံချန်းအဆောက်အဦကို ခဏခဏ လှမ်းကြည့်နေသည်။

“သူလျှို ပေါ်လာပြီ”

အန်ဂျလီနာမှ ထပြောသည်။

လင်းချွမ်နှင့် ကျန်းတို့ ရုတ်တရက် နိုးနိုးကြားကြား ဖြစ်သွားသည်။

အန်ဂျလီနာ တစ်နေရာကို လက်ညှိုးထိုးပြ၍

“ကုမ္ပဏီရဲ့ အနောက်မြောက်ဘက်၊ လမ်းအလယ်နားမှာ”

လင်းချွမ် ချက်ချင်း လှမ်းကြည့်လိုက်ရာ အန်ဂျလီနာ ပြသောလူကို တွေ့ရ၏။

“သူ့ကို သူလျှိုမှန်း ဘယ်လိုသိလဲ”

ကျန်းမှ စိတ်ဝင်တစား မေး၏။

ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးမှာ လုပ်ငန်းမစတင်မီ အခြေအနေကို လာကြည့်ခြင်း ဖြစ်သည်။

လင်းချွမ်မှ ရှင်းပြလေသည်။

“ရှင်းရှင်း သူ့ပုံစံကို ကြည့်လိုက်”

အမျိုးသား၏ မျက်နှာကို သေချာမမြင်ရသော်လည်း လမ်းလျှောက်ပုံကို တွေ့ရ၏။

တိုက်ဆိုင်စွာဖြင့် ရုတ်တရက် စီစီတီဗွီရှေ့ကို လမ်းကူးလာပြီး မျက်နှာကို လက်ဖြင့် ကာလိုက်သည်။

ကျန်း ထိုအခါမှ ပိုသတိထားမိသွားသည်။

“သူ လူမမြင်အောင် ကွယ်လိုက်တာလား”

လင်းချွမ် ရှန်ချန်းချန်းတို့အား အချက်ပေးစာ အမြန်ပို့ပြီးမှ ကျန်းကို ပြန်ဖြေ၏။

“ဟုတ်တယ်။ ကို့အထင် သူ ကင်မရာတွေကို သတိထားမိပြီးသားပဲ။ ဒါပေမဲ့ သူ မရှောင်နိုင်တဲ့ တစ်ခုတော့ ရှိတာဆိုတော့ လှိုင်းတစ်ခုခုနဲ့ ဖြတ်ချမယ် ထင်တယ်”

“အိုင်ဒေါလ်က အရမ်းတော်တာပဲ”

အန်ဂျလီနာ လက်မထောင်ပြကာ ပြော၏။

လင်းချွမ် ပြုံး၍ ကျန်းရှင်းရှင်းအား ဆက်ရှင်းပြလေသည်။

“ကြည့်လိုက်။ သူ့ကုတ်အင်္ကျီမှာ ဖောင်းနေတယ်။ အထဲမှာ လှိုင်းဖြတ်ချနိုင်တဲ့ ပစ္စည်းတစ်ခုခု ပါပုံပဲ”

လင်းချွမ် ထိုအပိုင်းကိုတော့ အတော်လေး ကျွမ်းကျင်ပါသည်။

ထိုလူမှာ ကုမ္ပဏီလမ်းဘက် ရောက်လာပြီး ကင်မရာများ၌ မပေါ်အောင် ထိန်း၍ လျှောက်လာသည်။

လုံခြုံရေးပင် သူ့ကို သတိမထားမိချေ။

သူ ထောင့်နားတွင် ရပ်၍ ကြည့်နေစဉ် စက်ဘီးဖြင့် မုန့်လာပို့သော ကောင်လေး ရောက်လာ၏။

ထိုကောင်လေးမှာ ချက်ချင်း မဝင်သေးဘဲ လုံခြုံရေးနှင့် စကားပြောရင်း ဆေးလိပ်အတူ သောက်နေသည်။

သို့သော် မကြာမီ လုံခြုံရေးအစောင့်မှာ စားပွဲပေါ် မူးလဲကျသွား၏။

“အသင့်ပြင်ထားတော့”

နောက်ပိုင်းအခြေအနေများမှာ ကင်မရာထဲ မပေါ်တော့၍ လင်းချွမ်မှ ရှန်ချန်းချန်းတို့ကို သတိပေးကာ ပြောလိုက်သည်။

ယုချင်းမှာ လျှော့တွက်၍မရပေ။

ကံကောင်းစွာဖြင့် လုံခြုံရေးနေရာတွင် ဟူတာချန်း သရုပ်ဆောင်နေခြင်း ဖြစ်သည်။

သူ ဆေးလိပ်မီးညှိလိုက်သော်လည်း မဖွာထားသောကြောင့် ဟန်ဆောင်အိပ်ပျော်နေခြင်းပင်။

မုန့်လာပို့သော ကောင်လေးမှာ အဆင်ပြေပြီအမှတ်ဖြင့် စကားပြောစက်မှ နိုင်ငံခြား ဘာသာစကားနှင့် တစ်ခုခု လှမ်းပြောသည်။

ရုံးခန်းထဲ၌ လင်းချွမ်တစ်ယောက် မစောင့်နိုင်တော့ဘဲ စိတ်လှုပ်ရှားနေပြီ ဖြစ်၏။

မကြာမီ ထင်ထားသည့်အတိုင်း ကျုံချန်းအဆောက်အဦ ကားပါကင်သို့ ကား (၃) စီး ဝင်လာ၏။

ထို့နောက် ယုချင်း ဦးဆောင်သော လူအချို့ ဆင်းလာကြလေသည်။

တပည့်တစ်ဦးမှ

“၇၂၀ ကုမ္ပဏီက (၁၆) ထပ်မှာ။ ဓာတ်လှေကားပဲ စီးသွားမလား”

ယုချင်း သူ့ကို ပြန်လှည့်ကြည့်၍

“ဓာတ်လှေကားစီးရင်း မိသွားရင်ရော။ ပြေးပေါက်တောင် မရှိဘူး ဖြစ်မှာပေါ့။ လှေကားကနေ သွားမယ်”

အားလုံး မျက်နှာပျက်သွားကြသည်။

သူတို့ ယခုလေးတင် လေယာဉ်ဆိုက်၍ တန်းလာကြပြီး (၁၆) ထပ်သို့ တက်ရဦးမည်။

သို့သော် အမြင့် သိပ်မရှိ၍ ထင်သလောက် မပင်ပန်းခဲ့ပေ။

“ဟူ ဟူ စတော့မယ်”

လင်းချွမ် ဟူတာချန်းအား စကားပြောစက်မှ လှမ်းပြောသည်။

ဟူတာချန်း ထိုအခါမှ ချက်ချင်း ထထိုင်၍

“လင်း ကျွန်တော် လာပြီ”

“သူတို့ လှေကားက တက်လာပြီ။ ဓာတ်လှေကားမှာ အသင့်ပြင်ထား။ ရှန်ချန်းချန်းက လှေကားပေါက် အားလုံးမှာ စောင့်နေတယ်။ အခု အကုန် ပိတ်ထားပြီးပြီ။ ပြေးပေါက် မရှိတော့ဘူး”

လင်းချွမ်မှ ပြောလိုက်၏။

All Chapters