စစ်ဆေးမှုကို ကူညီပေးပါ
Vol. 31 Ch. 460
“အပေါ် ဆက်တက်ကြ”
ယုချင်း အထပ်တစ်ခုမှ တံခါးကို ဆွဲဖွင့်ကြည့်သော်လည်း မပွင့်သောကြောင့် မျက်မှောင်ကြုတ်၍ အမြန်လှမ်းပြောသည်။
သူ ဒီနေ့ ကံဆိုးနေပါသည်။
အပေါ်သို့ (၂) လှမ်းမျှ တက်ပြီးနောက် အသံချဲ့စက်မှာ အသံထွက်ပေါ်လာပြီး လှေကားတစ်လျှောက် ပဲ့တင်ထပ်နေ၏။
ယုချင်း အပေါ်သို့ လှမ်းကြည့်ရင်း ရင်တုန်လာသည်။
လှေကားခွင်၌ ပိတ်မိနေလေပြီ။
“လက်နက်ချပြီး ချက်ချင်း အညံ့ခံပါ”
အပြင်မှအသံ ထပ်ကြားရပြီး ယုချင်း အလွန် တုန်လှုပ်လာ၏။
“ဆက်သွားမယ်”
ယုချင်းအနေဖြင့် ထွက်ပြေးရန် မဖြစ်နိုင်တော့သောကြောင့် လင်းချွမ်ကို သွားရှာကာ ဓားစာခံပြုလုပ်မည့် မျှော်လင့်ချက်သာ ရှိတော့သည်။
သို့သော် ထိုအကြံမှာ မကြာမီ ချက်ချင်း ပျောက်ကွယ်သွားရ၏။
ဘုံး ဘုံး!
မျက်ရည်ယိုဗုံး (၂) လုံး လှေကားခွင်ထဲ ဝင်လာပြီး စက္ကန့်ပိုင်းအတွင်း မီးခိုးငွေ့များ လုံးတက်လာ၏။
ပြင်းထန်သော ဓာတုပစ္စည်းများမှာ အရေပြား၊ မျက်လုံးနှင့် အသက်ရှူလမ်းကြောင်းထဲ ချက်ချင်း စိမ့်ဝင်သွားတော့သည်။
ယုချင်း မျက်လုံးမှိတ်၍ နှာခေါင်းနှင့် ပါးစပ်များ အမြန် အုပ်ထားလိုက်သော်လည်း လည်ချောင်းနှင့် မျက်လုံးများမှာ မီးစနှင့် ထိုးသကဲ့သို့ အလွန်ပူလောင်ကာ မျက်ရည်များ အဆက်မပြတ် စီးကျလာလေ၏။
တစ်ယောက်ပြီးတစ်ယောက် အတုံးအရုန်းနှင့် ဖရိုဖရဲ ဖြစ်နေကြသည်။
သူတို့တွင် အပေါ် ဆက်တက်မလား အောက်ဆင်းမလား ရွေးချယ်စရာ (၂) မျိုး ရှိပြီး လမ်းတိုင်းတွင် ရဲများ စောင့်နေပြီး ဖြစ်၏။
“လှေကားက လူကြီးမင်းတို့ နားထောင်ပါ။ ခင်ဗျားတို့ကို ဝိုင်းထားပြီးပါပြီ။ လက်နက်ချပြီး ချက်ချင်း အညံ့ခံပါ”
ထိုအသံမှာ တရစပ် ထွက်ပေါ်လာပြီး ယုချင်း အတော် တုန်လှုပ်နေလေပြီ။
“မလှုပ်နဲ့”
ရှန်ချန်းချန်း ဦးဆောင်သော လက်နက်အပြည့်ဖြင့် တပ်ဖွဲ့မှာ အခန်းထဲ ဝင်လာသည်။
သူ ယုချင်းခါးအား ပစ်စတိုဖြင့် ထောက်လျက် ခေါင်းအစ ခြေအဆုံး ကြည့်ကာ
“မင်းက ယုချင်းလား”
ယုချင်း မျက်လုံးများ မှိတ်လျက်ပင် အသံလာရာကို နားစွင့်၍ အင်္ဂလိပ်လို ပြန်ပြော၏။
“ဘာတွေ ပြောနေတာလဲ”
သူ တရုတ်စကားကို နားလည်သော်လည်း ပြန်မပြောတတ်ပေ။
“ငါ မင်းကို ဖမ်းမိသွားပြီ။ အရင်တစ်ခါ မင်းညီမကို ဖမ်းတုန်းကလည်း ငါပါတယ်လေ”
ရှန်ချန်းချန်း အင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြောလိုက်သည်။
ယုချင်း အမူအရာ ချက်ချင်း ပြောင်းသွားပြီး
“အဲ့တာဆို မင်းပေါ့။ ရှန်ချန်းချန်း”
“မှတ်မိနေပေးတာ ဂုဏ်ယူမိပါတယ်”
ရှန်ချန်းချန်း ပြုံး၍ ပြောလိုက်၏။
“ငါ လင်းချွမ်ကို တွေ့ချင်တယ်”
ယုချင်း အံကြိတ်လျက် အော်သည်။
သူ အရှုံးကို လက်မခံနိုင်သေးပေ။
အစီအစဉ်တကျ တစ်ခုပြီးတစ်ခု အသေးစိတ် ပြင်ဆင်ကာ မိုင်ပေါင်းထောင်ချီ ဖြတ်သန်း၍ လာတိုက်ခိုက်သော်လည်း မထင်မှတ်စွာဖြင့် လျှို့ဝှက်ချက် ပေါက်ကြားသွား၏။ လင်းချွမ်၏ ထောင်ချောက်တွင် မိသွားမည်ဟု လုံးဝ မထင်ထားချေ။
“လင်းချွမ်က ရှင့်ရှေ့မှာ ရပ်နေတယ်လေ”
ရှန်ချန်းချန်း ယုချင်းအား သေနတ်ထောက်လျက် ခေါ်ထုတ်လာပြီး ကားပါကင်နေရာသို့ပင် ရောက်လာလေပြီ။
“ဘယ်မှာလဲ”
သူ မျက်လုံး ကြိုးစားဖွင့်၍ ဟိုဟိုဒီဒီ လှည့်ကြည့်သည်။
“မင်္ဂလာပါ ရန်သူဟောင်းကြီး”
တည်ငြိမ်သော အသံတစ်ခု ပေါ်လာ၍ လှည့်ကြည့်လိုက်သော်လည်း နေရောင်စူးစူးနှင့် မျက်ရည်ယိုဓာတ်ငွေ့အရှိန်ကြောင့် မျက်ရည်များ တွေတွေကျလျက် ရှိသည်။
သူ လင်းချွမ်ကို ပထမဆုံး တွေ့ဖူးခြင်း ဖြစ်၏။
နောက်ဆုံးလည်း ဖြစ်နိုင်ပါသည်။
ထိုစဉ် လင်းချွမ်မှာ ပြုံး၍ ကြည့်နေ၏။
ယုချင်း မျက်ရည်များကြားမှ အေးစက်စွာ မေးလိုက်သည်။
“ငါ့အစီအစဉ်ကို ဘယ်လို သိသွားတာလဲ”
“ခန့်မှန်းကြည့်တာပါ”
“ခန့်မှန်းတယ်လား”
ယုချင်း မျက်မှောင်ကြုတ်သွား၏။
“ဟုတ်တယ်။ မင်းတို့ ဒီနေ့ လာမယ်ထင်လို့။ အဲ့တာကြောင့် မိတ်ဆွေတွေကို ခေါ်ထားလိုက်တာ။ သူတို့လည်း အရမ်း တက်ကြွနေတယ်လေ”
လင်းချွမ် ခပ်ပေါ့ပေါ့ပါးပါး ပြောလေသည်။
မော်ဂန်အုပ်စု၏ အရေးပါသော ပုဂ္ဂိုလ်ဖြစ်ပြီး အရှေ့အလယ်ပိုင်း လက်နက်လောကတွင် နံပါတ်တစ် ဖြစ်သူကို ဖမ်းရသည်ထက် စိတ်လှုပ်ရှားစရာကိစ္စ မရှိတော့ချေ။
သူတင်မက ဟူတာချန်းလည်း အောင်မြင်မှုကို ဂုဏ်ယူစွာ ခံစားနေ၏။
လင်းချွမ်စကားကြောင့် သူ ရုတ်တရက် နားလည်သွားရသည်။
ကံကိုသာ ပုံအပ်ရတော့မည်။
“သူ့ကို ခေါ်သွားလိုက်”
လင်းချွမ်မှ ခေါင်းဆောင်အနေဖြင့် ရှန်ချန်းချန်းတို့အား ပြောလိုက်သည်။
“ကောင်းပါပြီ”
ရှန်ချန်းချန်း ချက်ချင်း ပြန်ဖြေ၏။
ထို့နောက် ယုချင်းတို့အား ရဲကားများတွင် တင်လိုက်သည်။
ရှန်ချန်းချန်း ရုတ်တရက် လှည့်ကြည့်၍
“ဒါနဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်က ကျွန်မနော်”
“သိပါတယ်”
လင်းချွမ် ရယ်မောကာ ပြန်ဖြေလိုက်လေ၏။
“အဲ့တာဆို ကျွန်မက အမိန့်ပေးတဲ့သူပေါ့”
ရှန်ချန်းချန်း ရယ်မော၍ ပြန်နောက်လိုက်သည်။
“သေချာလို့လား”
လင်းချွမ် ပြန်မေး၏။
“လင်းချွမ် ရှင့်ကို နိုင်ငံတကာပြစ်မှုကျူးလွန်ခြင်း သံသယရှိလို့ ကျွန်မတို့နဲ့ လိုက်ခဲ့ပါ”
လင်းချွမ် မျက်လုံးပြူးကာ
“ဒါ တရားခံကို ပြောတဲ့လေသံပဲ”
“ဒါဆို ရှင်က ဘာမှမပတ်သက်ဘူးလား”
အမှုရှင်းပြီးပြီဖြစ်၍ အချင်းချင်း ရယ်မော စနောက်နေကြသည်။
လင်းချွမ် ခေါင်းယမ်းလျက်
“အမှန်က အမှုစစ်ဆေးတဲ့နေရာမှာ ကူညီပေးဖို့ လိုက်ခဲ့ပေးပါဆိုပြီး ကျွမ်းကျင်စုံထောက်ကို အကူအညီတောင်းတဲ့လေသံ ဖြစ်ရမှာ”
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ အမှုကို ကူညီစစ်ဆေးပေးပါနော်။ ဒီနေ့ အများကြီး ကြိုးစားခဲ့ပါတယ်။ ရှင်အတော်ဆုံးပါပဲ”
“ဒီလိုမှပေါ့”
လင်းချွမ် ရယ်မောကာ ရဲကားပေါ် တက်လိုက်သွားလေသည်။
“အရမ်းကြီးတော့ မမျှော်လင့်ထားနဲ့။ သူ ဘာမှ ထုတ်ပြောမှာ မဟုတ်ဘူး”
လင်းချွမ် ရဲစခန်းထဲ ရောက်သောအခါ ရှန်ချန်းချန်းအား သတိပေးလိုက်သည်။
“အဖမ်းတောင် ခံရပြီးပြီကို။ လက်လျှော့လိုက်ရတော့မှာ မဟုတ်ဘူးလား”
ရှန်ချန်းချန်း မျက်မှောင်ကြုတ်လျက် ပြန်ပြော၏။
“သူ ပတ်သက်နေတဲ့အမှုတွေက အများကြီးပဲ။ အန်လင်းရဲစခန်းတစ်ခုတည်းနဲ့ ကိုင်တွယ်လို့ မရဘူး”
လင်းချွမ် ပြုံး၍ ရှင်းပြသည်။
“စစ်ဆေးခန်းမှာ ရသလောက် သက်သေယူပြီး တင်ပြလိုက်ရုံပဲ။ အထက်က ကြည့်လုပ်လိမ့်မယ်ပေါ့”
“သူ့ကို ဘယ်လောက်မေးနိုင်မလဲပဲ ကြည့်ကြသေးတာပေါ့”
လင်းချွမ် ပြုံး၍ မယုံနိုင်စွာ ပြောလိုက်သည်။
ထို့နောက် အပြင်ဘက်တွင် လက်ဖက်ရည်သောက်ရင်း ထိုင်စောင့်နေပြီး တစ်နာရီခန့်အကြာတွင် ရှန်ချန်းချန်း ပြန်ထွက်လာသည်။
သူ့ပုံမှာ စိတ်ပျက်လက်ပျက်ဖြင့်
“ရှင်ပြောတာ မှန်တယ်။ ယုချင်း စကားတစ်လုံးမှ ဟမလာဘူး”
ဟူတာချန်းမှ လင်းချွမ်ကိုကြည့်ကာ
“လင်းက ယုချင်းနဲ့ ခဏခဏ ထိပ်တိုက်တွေ့ဖူးတယ်လေ။ သူ့ကို စကားပြောလာအောင် လုပ်လို့ရမယ့်နည်းလမ်း မရှိဘူးလား”