ခင်လို့ရလား
Vol. 31 Ch. 461
ရှန်ချန်းချန်းနှင့် ဟူတာချန်းတို့ နှစ်ယောက်သား လင်းချွမ်အား မျှော်လင့်တကြီး ကြည့်နေကြသည်။
ယုချင်း၏ ရန်သူအရင်းအနေဖြင့် လင်းချွမ်မှာ ယုချင်းပါးစပ်ပွင့်လာစေကာ မော်ဂန်အုပ်စု သက်သေများ ထွက်လာရန် ပြုလုပ်နိုင်မည်ဟု တွေးနေ၏။
လင်းချွမ်လည်း သူတို့၏ စိတ်အားတက်ကြွမှုနှင့် ဆန္ဒ ပြင်းပြမှုတို့ကို ခံစားမိပါသည်။ ကျွမ်းကျင် သစ္စာရှိ ရဲဝန်ထမ်းများအနေဖြင့် မော်ဂန်အုပ်စုကို ဖျက်ဆီးချင်မိမည်မှာ ပုံမှန်ပင်။
ကံကောင်းစွာဖြင့် လင်းချွမ်သည်လည်း မော်ဂန်အုပ်စုကို ဖြုတ်ချချင်သူ ဖြစ်၏။
နှစ်ဖက်စလုံး အရမ်း နားလည်အောင် ပြောနေရန် မလိုပေ။
လင်းချွမ် ခဏစဉ်းစား၍
“ရှင့်ရဲ့ အပြစ်သားအတွေ့အကြုံတွေနဲ့ရော စဉ်းစားပေးလို့ မရဘူးလား”
သူ့ကို စစ်ဆေးခန်းထဲ ပို့စဉ်က ခံစားချက်ကို ပြန်မေးနေခြင်း ဖြစ်သည်။
တရားခံနှစ်ဦးကို ဖမ်းမိပြီး ရဲများမှ တစ်ခန်းစီ ထိန်းသိမ်းထားသည် ဆိုကြပါစို့။
သက်သေအလုံအလောက် ရရှိစေရန်မှာ ရဲများမှ အမှန်အတိုင်း ဖြေဆိုလျှင် အလဲအလှယ်ရမည့် အချက်များကို ပြန်ပြောပေးရမည်။
ရဲများနှင့် ပူးပေါင်း၍ ဝန်ခံသူကို ချက်ချင်း လွှတ်ပေးမည် ဖြစ်ပြီး ကန့်လန့်တိုက်သူမှာ အပြစ်ကြီး ခံရမည်စိုးလျှင် ချက်ချင်း ဝန်ခံခြင်းကိုသာ ရွေးချယ်ကြပေမည်။
“ဒီနည်းလမ်းက ယုချင်းအတွက်တော့ မသင့်တော်ဘူး။ သူ့အယုံကြည်ရဆုံး လက်ထောက်က သူ့အကြောင်း အသိဆုံးပဲ။ ဒါပေမဲ့ သူတို့ ရထားတဲ့ သက်သေနဲ့ မလုံလောက်ဘူး”
ရှန်ချန်းချန်းမှ ဝင်ပြောသည်။
လင်းချွမ် နားထောင်ရင်း ပြုံးလျက်
“လူးကပ်စ်ပါ အတူတူ အဖမ်းခံရရင် ဒီထက် လွယ်မှာပဲ”
သူ လူးကပ်စ်အကြောင်း အနည်းငယ် နားလည်ထားပါသည်။ လူးကပ်စ် ပါလျှင် ပိုအဆင်ပြေနိုင်၏။
“ရှင်ပြောတဲ့ လူးကပ်စ်က အခု အရှေ့တောင်အာရှမှာလေ”
ရှန်ချန်းချန်း နားမလည်နိုင်စွာ ပြောလိုက်သည်။
လူးကပ်စ်မှာ ရုတ်တရက် ရောက်မလာနိုင်ချေ။
“ဒါဆို ယုချင်း စကားပြောလာမလားလို့ ကျွန်တော်ပဲ စမ်းကြည့်ရမှာပေါ့”
လင်းချွမ် မျက်လုံးတစ်ဖက် မှိတ်ပြသည်။
“ကိုယ်တိုင် သွားမလို့လား”
ရှန်ချန်းချန်းနှင့် ဟူတာချန်းတို့ အချင်းချင်း ကြည့်လိုက်မိ၏။
ဟူတာချန်း မျက်မှောင်ကြုတ်ကာ အမြန်စဉ်းစားပြီးနောက်
“စစ်ဆေးရေးအခန်း အပြင်ဘက်မှာ ဧည့်တွေ့အနေနဲ့ တွေ့ပေါ့”
“ကောင်းပါပြီ”
လင်းချွမ် ခေါင်းငြိမ့်ပြသည်။
မကြာမီ ယုချင်းအား စားပွဲတစ်လုံးသာရှိသော တိတ်ဆိတ်သည့်အခန်းထဲ ခေါ်လာသည်။
လင်းချွမ်မှာ အခန်းထဲတွင် ထိုင်နေပြီး တောက်ပသော အလင်းရောင်နှင့် နံရံမှ ပန်းချီကားများကြောင့် နွေးထွေးသော ခံစားချက်ကို ရလေ၏။
“ရှင်က ကျွန်မကို တွေ့ချင်တယ်လား”
ယုချင်း မျက်မှောင်ကြုတ်ကာ လင်းချွမ်ကို ကြည့်နေသည်။
ရှန်ချန်းချန်း၊ ဟူတာချန်းနှင့် အဖွဲ့တို့မှာ အပြင်ထွက်နေပေးကာ နှစ်ယောက်တည်း ထားခဲ့သည်။
လင်းချွမ် စားပွဲပေါ် လက်တင်၍ ပြုံးကာ
“မင်းလည်း ငါ့ကို တွေ့ချင်နေတယ်မလား”
ယုချင်း လက်ထိတ်ခတ်ထားသော လက်နှစ်ဖက်ကို မြှောက်၍ ဝဲကျနေသော ဆံနွယ်အချို့ကို သပ်တင်ကာ ပြုံးလိုက်သည်။
“ရှင့်ကို တွေ့ချင်တယ်လား။ ဒီလို အရှုံးသမားပုံနဲ့လေ”
“မင်းကိုယ်မင်း အရှုံးသမားလို့ ထင်နေတာလား”
လင်းချွမ် သူ့ကိုစိုက်ကြည့်ရင်း ပြော၏။
ယုချင်း ချက်ချင်း မျက်နှာထားတင်းသွားသည်။
တည်ငြိမ်သောအမူအရာထိန်းရန် ကြိုးစားသော်လည်း စိတ်မထိန်းနိုင်တော့ပေ။
“ရှင်က အောင်နိုင်သူဆိုတော့ စိတ်ထဲ ဘယ်ရှိမလဲ”
“ကျွန်တော် ဒီကို မိတ်ဆွေတစ်ယောက်အနေနဲ့ လာတာပါ”
လင်းချွမ် ပြန်ပြောလိုက်သည်။
ယုချင်း ရုတ်တရက် မှင်တက်ကာ ရင်တစ်ချက် ခုန်သွားပြီး မျက်မှောင်ကြုတ်နေ၏။
“မိတ်ဆွေလား”
လက်နက်ဝိဇ္ဇာဝတ္ထု ဖတ်စဉ်က သူ လင်းချွမ်ကို အမှန်ပင် မိတ်ဆွေတစ်ယောက်ကဲ့သို့ သဘောထားမိသည်။
သို့သော် စိတ်ထဲတွင် အလွန်ရှုပ်ထွေးခဲ့၏။
ဖြစ်နိုင်လျှင် သူ လင်းချွမ်နှင့် ရင်းနှီးကာ မိတ်ဆွေ ဖြစ်ချင်ပါသည်။
ယခုတော့ နှစ်ယောက်သား နေရခက်နေရသည်။
“ကျွန်တော်တို့ မိတ်ဆွေ မဖြစ်နိုင်ဘူးလား”
လင်းချွမ် ပြန်မေး၏။
သူ လူးကပ်စ်နှင့် ယုချင်းတို့စကားကို ခိုးနားထောင်ပုံအရ ယုချင်းမှာ သူ့ပရိသတ်ဖြစ်ကြောင်း သိထားပါသည်။
အခြားကိစ္စများ မရှိခဲ့လျှင် အမှန်ပင် ခင်မင်နိုင်၏။
“ခင်လို့ရလား”
ယုချင်း အမူအရာပြောင်းသွားပြီး ရေရွတ်မိသည်။
လင်းချွမ် ဝတ္ထုအကြောင်း စပြောလေသည်။
“ယုချင်း ကျွန်တော်က မစ္စတာလင်းဆိုတာ သိတယ်မလား”
“ရှင်လား”
ယုချင်း လင်းချွမ်အား ငေးကြည့်နေသည်။
လင်းချွမ် ခေါင်းငြိမ့်ပြလျက်
ဟုတ်တယ်။ ကျွန်တော်ပဲ။ ခင်ဗျားလိုပဲလေ။ လက်နက်လောကမှာ အရမ်းရုန်းကန်ပြီးမှ နည်းနည်း အောင်မြင်လာတာပါ”
မီးရောင်မှာ စူးရှသောကြောင့် ယုချင်း မျက်လုံးကို အသာပွတ်မိ၏။
ထို့နောက် ဝတ္ထုထဲမှ မစ္စတာလင်းအဖြစ် မြင်ယောင်လာသည်။
သူ အရင်တွေ့ဖူးသော လင်းချွမ်နှင့် လုံးဝ မတူတော့ပေ။
လင်းချွမ်မှာ နေရောင်ခြည်ကဲ့သို့ နွေးထွေး၍ သန့်ရှင်းကြည်လင်သော လူငယ်လေးဖြစ်သော်လည်း စာအုပ်ထဲမှ မစ္စတာလင်းမှာမူ သူ့ပုံစံနှင့် အတော်လေး တူ၏။
ယခုတွေ့နေရသူမှာ သူ အလွန်တွေ့ချင် ခင်ချင်ခဲ့သည့် မစ္စတာလင်း ဖြစ်လေသည်။