ဝန်ခံပြီ
Vol. 31 Ch. 462
လင်းချွမ် ပြုံး၍ ဆက်ကြည့်နေသည်။
ယုချင်း မနေနိုင်တော့ဘဲ
“ရှင် ဘယ်လိုလုပ် ပြောင်းလဲသွားတာလဲ”
ယုချင်း တွေဝေနေလေပြီ။ သူ တွေဝေလေ ပြဿနာမှာ ပိုရှင်းရလွယ်လေ ဖြစ်၏။
ထို့ကြောင့် လင်းချွမ်မှ
“လူတိုင်းမှာ မမြင်ရတဲ့ တစ်ဖက်ခြမ်းဆိုတာ ရှိတယ်လေ။ ခင်ဗျားမှာလည်း ရှိတာပဲမလား”
“ကျွန်မမှာလား”
ယုချင်း မှင်တက်နေမိသည်။
“အမှန်တော့ ယုချင်းလည်း ကျွန်တော့်လိုပါပဲ။ လမ်းမှားကို လျှောက်မိလို့သာ။ ဒါမှမဟုတ် မွေးတည်းက ဒီလမ်းကို လျှောက်ရမယ်လို့ ပါလာတာလည်း ဖြစ်မှာပေါ့။ ယုချင်း တွေးဖူးလား။ ခင်ဗျား တကယ်ပဲ လက်နက်ရောင်းသူ ဖြစ်နေတာကို သဘောကျလားလို့လေ”
လင်းချွမ် နူးညံ့တည်ငြိမ်စွာ မေးလိုက်သည်။
မစ္စတာလင်းစကားကြောင့် သူ့အတွေးများ တုန်လှုပ်သွားပြီး ရေရွတ်မိ၏။
“ကျွန်မ ကြိုက်လား။ မသိဘူး”
“မသိဘူးဆိုရင် ကြိုက်မကြိုက် ဘယ်လိုပြောမလဲ”
“မကြိုက်တော့ရော ဘာတတ်နိုင်မှာလဲ”
ယုချင်းပြုံး၍ စိတ်ပျက်လက်ပျက် ပြော၏။
“မကြိုက်ရင် အခုအခြေအနေကို ပြောင်းလဲလို့ ရနိုင်တာပေါ့”
“ကျွန်မရဲ့ အပြစ်တွေနဲ့ အမှန်အတိုင်း ဝန်ခံရင်တောင် သေဒဏ်ပဲမလား”
လင်းချွမ် ခေါင်းငြိမ့်ပြကာ
“ဟုတ်တယ်။ သေဒဏ်ပဲ။ ခင်ဗျားညီမအတွက် သုံးခဲ့တဲ့ သိပ္ပံနည်းပညာ တီထွင်မှုကလည်း သေဒဏ် ဆိုင်းငံ့ရုံပဲ”
ယုချင်း မျက်နှာကျက်ကို ငေးကြည့်ရင်း
“အဲ့တော့ ရှင်က အခု မစ္စတာလင်းအနေနဲ့ ကျွန်မကို လာရှာတာ ဘာအတွက်လဲ။ ကျွန်မအကြောင်း သိတဲ့အတိုင်းပဲ မော်ဂန်အုပ်စုအကြောင်း ဘာမှ ထုတ်ပြောမှာ မဟုတ်ဘူး”
“ကျွန်တော် မစ္စတာလင်း ဟုတ်တာ မဟုတ်တာကို ယုံစရာ မလိုပါဘူး။ ဒါပေမဲ့ လင်းချွမ်ဆိုတာကတော့ ကျွန်တော့်အိပ်မက်ထဲမှာပဲ”
လင်းချွမ်မှ ဆက်၍
“ကျွန်တော် ဒီနေ့ လာတွေ့တာက ကျွန်တော့်ရဲ့ ရန်သူရော၊ မိတ်ဆွေရော ဖြစ်တဲ့သူတစ်ယောက်ကို ဘဝရဲ့ နောက်ဆုံးအချိန်မှာ နှလုံးသားထဲက ဖြူစင်တဲ့ အပိုင်းလေးကို တွေ့သွားစေချင်တာ”
“ဖြူစင်တဲ့ အပိုင်းလား”
ယုချင်း ရယ်မောလျက်
“ကျွန်မနှလုံးသားက ဒါမျိုးတွေ ရှောင်ထားတာ ကြာပြီ။ ရှာစရာ မလိုပါဘူး”
လင်းချွမ် ခေါင်းယမ်းကာ
“ဒါဆို လက်နက်ဝိဇ္ဇာကို ဖတ်ပြီး ဘာလို့ ဆင်တူတယ် ထင်ရတာလဲ”
ယုချင်း တိတ်ဆိတ်နေမိ၏။
သူ့အပြစ်ရှိစိတ်များကို ထိုစာအုပ်ဖြင့် ချေဖျက်နိုင်သကဲ့သို့ တွေးခဲ့မိသည်။
သို့သော် ယခုလို လင်းချွမ်နှင့် စကားပြောရင်း အမှန်တရားကို မြင်လာသည်။
နာကျင်မှုမှာ ပြင်ပဒဏ်ရာ၌ နာကျင်မှုထက် အဆပေါင်းများစွာ ခံရခက်၏။
“ဒီလို နာကျင်မှုတွေနဲ့ လောကကြီးထဲက ထွက်သွားမလို့လား”
လင်းချွမ် ထပ်မေးလိုက်၏။
“ကျွန်မက ဘာတတ်နိုင်ဦးမှာမို့လို့လဲ”
ယုချင်းမျက်နှာမှာ စိတ်ပျက်လက်ပျက်ဖြစ်ကာ လက်ထိတ်ခတ်ထားသော လက်များ သတိလက်လွတ် လှုပ်ရှားမိသည်။
“နှစ်သိမ့်ဖို့ လိုနေတာ”
“သွားစမ်းပါ”
ယုချင်းအတွေးများ ရှုပ်ထွေးလာပြီး
“ဘာမှ မလိုအပ်ဘူး။ ကျွန်မလုပ်ရပ်တွေကို မှန်တယ် မှားတယ်လို့ ခွဲခြားပေးစရာ မလိုဘူး”
လင်းချွမ် သူ့အတွက် ရေတစ်ခွက်ငှဲ့ပေးကာ ရှေ့တိုးပေးလိုက်ပြီး
“ဟုတ်လား”
ယုချင်း သူ့ရှေ့မှ ရေခွက်ကိုကြည့်ရင်း စိတ်များ ပြန်လည် တည်ငြိမ်လာ၏။
မစ္စတာလင်းရှေ့တွင် ဟန်မဆောင်နိုင်မှန်း သိနေသည်။ အဘယ်ကြောင့်ဆိုသော် မစ္စတာလင်း၏ အဆုံးသတ်မှာ သူ့ဆန္ဒအတိုင်း မဖြစ်ခဲ့ပေ။
သူ ယခုလိုရက်ရောက်လာမည်ကို ကြိုတွေးမိခဲ့နိုင်သော်လည်း ဤမျှမြန်မည်ဟုတော့ မထင်ချေ။
လင်းချွမ် ဆက်မပြောဘဲ ငြိမ်နေ၏။
ယုချင်းလည်း တိတ်ဆိတ်နေသည်။
နှစ်ယောက်သား အတော်ကြာအောင် ထိုင်နေပြီးနောက် ယုချင်း နှလုံးခုန်သံများ ပုံမှန် ပြန်ဖြစ်ကာ လင်းချွမ်လည်း ခပ်ဖြည်းဖြည်း မတ်တပ်ထရပ်လိုက်သည်။
“ခင်ဗျားကိုယ်တိုင် ဖြူစင်တဲ့အပိုင်းလေးကို ရှာတွေ့သွားပြီးပြီ ထင်တယ်”
ယုချင်း ခေါင်းမော့၍ လင်းချွမ်အား လှမ်းကြည့်ကာ သက်ပြင်းချလိုက်သည်။
“အချိန်ကျရင် ကျွန်တော် လိုက်ပို့ပါမယ်”
လင်းချွမ် ထိုသို့ပြောကာ အခန်းထဲမှ ထွက်သွားတော့သည်။
ယုချင်းလည်း ခပ်တွေတွေ ငေးရင်း ကျန်ခဲ့၏။
လင်းချွမ် အခန်းအပြင်ရောက်သည်နှင့် ရှန်ချန်းချန်းနှင့် ဟူတာချန်းတို့ အားတက်သရော စောင့်နေကြသည်။
“ဘယ်လို ဖြစ်သွားပြီလဲ”
ရှန်ချန်းချန်းမှ မေးလိုက်၏။
လင်းချွမ် နာရီကိုလှမ်းကြည့်ပြီးနောက်
“နောက် (၁၀) မိနစ်လောက်ဆို အထဲဝင်ပြီး ပြန်စစ်မေးကြည့်လိုက်။ အကုန်လုံး အသေးစိတ် ဝန်ခံလိမ့်မယ်”
“ဘာလို့ (၁၀) မိနစ် စောင့်ရတာလဲ”
ရှန်ချန်းချန်း အံ့ဩစွာ မေးလိုက်သည်။
“သူ့ကို စိတ်ငြိမ်အောင်ပါ”
လင်းချွမ်ပြုံး၍
“ကျွန်တော် ရေဆာနေလို့ ရဲမေရှန် ရေတစ်ခွက်လောက် တိုက်ပါဦး”
ရှန်ချန်းချန်း သူ့ကိုကြည့်ကာ
“အထဲမှာတုန်းက ရှင့်အတွက် ရေပြင်ပေးထားတယ်လေ။ ဘာလို့ မသောက်တာလဲ”
“ယုချင်းကို တိုက်လိုက်တာ”
ရှန်ချန်းချန်း ရယ်မောမိလေသည်။ ထို့နောက် လင်းချွမ်အတွက် ရေနွေးတစ်ခွက် ငှဲ့ပေးလေ၏။
(၁၀) မိနစ်အကြာတွင် ရှန်ချန်းချန်းနှင့် ဟူတာချန်းတို့ အခန်းထဲ ပြန်ဝင်သွားကြသည်။
ရှန်ချန်းချန်းမှ ဦးဆောင်မေးမြန်းပြီး ဟူတာချန်းက လိုက်ရေးမှတ်လေသည်။
အမှန်တော့ အခြားဝန်ထမ်းငယ် လုပ်ရမည့်တာဝန် ဖြစ်သော်လည်း ဟူတာချန်း မစောင့်နိုင်တော့ဘဲ ယုချင်း ဝန်ခံသည်ကို ကြည့်ချင်သောကြောင့် လိုက်လာခြင်း ဖြစ်၏။
ပုံမှန်အားဖြင့် တရားခံတိုင်း ဆိတ်ဆိတ် နေတတ်ကြသော်လည်း ယုချင်းမှာ အတော်လေး ခက်ခဲသူ ဖြစ်လေသည်။
ထိုပုဂ္ဂိုလ်မျိုးမှာ မည်သို့ပင်ဖြစ်စေ သေဒဏ်ကျခံရမည် ဖြစ်သောကြောင့် ဝန်ခံလည်း သက်ညှာမှု မရှိပါ။
ယခုတော့ လင်းချွမ်၏နည်းလမ်း အသုံးဝင်မဝင် စောင့်ကြည့်ရတော့မည်။
“နာမည်”
ရှန်ချန်းချန်းမှ လုပ်ရိုးလုပ်စဉ်အတိုင်း မေး၏။
“ယုချင်း”
သူ ခပ်တိုးတိုးဖြေသော်လည်း မျက်လုံးအရောင်များ တောက်နေသည်။ တစ်ခုခုကို ရှာတွေ့ထားသလို ဖြစ်၏။
ရှန်ချန်းချန်း အံ့ဩသွားကာ ဟူတာချန်းအား လှည့်ကြည့်မိသည်။
ခုနအထိ တစ်လုံးမှ မထွက်ခဲ့ပေ။
ထို့နောက် ဆက်၍
“အသက်”
“(၂၈)”
သူ့အသံမှာ ဘာမှ ဂရုမစိုက်သလိုပင်။
“လိင်အမျိုးအစား”
“မ”
“နိုင်ငံသား”
ယုချင်း ရှန်ချန်းချန်းအား စိုက်ကြည့်၍
“အရှေ့အလယ်ပိုင်းမှာဆို ယုချင်း၊ ပြင်သစ်မှာ လီယာ၊ အရှေ့တောင်အာရှမှာဆို ခရစ်စတီးနား”
နိုင်ငံသား စုံလှ၏။
သူ အမှန်တကယ် ဝန်ခံရန် တွေးထားပုံ ရသည်။
ဟူတာချန်းလည်း အတော်လေး အံ့ဩနေသည်။
သူ တကယ်ပဲ လင်းချွမ် မြှူဆွယ်မှုအောက် ကျရောက်သွားခြင်းလား။
ဟူတာချန်း ရှန်ချန်းချန်းအား မျက်လုံးဖြင့် အချက်ပြသည်။
သူ ချက်ချင်း သဘောပေါက်ကာ ဆက်မေး၏။
“အလုပ်အကိုင်”
ယုချင်း ခဏစဉ်းစားလိုက်ပြီး
“မော်ဂန်အုပ်စု ရုံးချုပ်မှာတော့ ဒါရိုက်တာချုပ်နဲ့ လက်နက်ရောင်းဝယ်ရေး ဥက္ကဋ္ဌပေါ့။ အရှေ့အလယ်ပိုင်းမှာဆိုရင် မော်ဂန်အုပ်စု ကိုယ်စားလှယ်၊ အာရှ-ပစိဖိတ်အပိုင်းမှာ ဒုအထွေထွေမန်နေဂျာ။ အားလုံးက အဓိက ရာထူးတွေပေါ့။ တခြား အသေးလေးတွေတော့ သေချာ မမှတ်မိတော့ဘူး”
ရှန်ချန်းချန်း သက်ပြင်းချလိုက်၏။ ထို့နောက် ယုချင်းကို ကြည့်ကာ မယုံကြည်နိုင် ဖြစ်နေသည်။
ဘုရားရေ။ သူ တကယ် ဝန်ခံနေပြီပဲ။
လင်းချွမ် ဘာလုပ်လိုက်လို့ အဲ့လောက် လွယ်လွယ် ဝန်ခံရတာလဲ။