အကူအညီတောင်းလိုက်
Vol. 31 Ch. 464
“စိတ်ချင်းဆက်တာလား”
ရှန်ချန်းချန်း မျက်မှောင်ကြုတ်ကာ အံ့ဩနေသည်။
“ရှင်က တရားခံရဲ့စိတ်ကို ဘယ်လိုလုပ် နားလည်တာလဲ။ ဒီနေ့ ယုချင်းလိုပေါ့။ အဲ့တာ ဘယ်လို ပြောတာလဲ”
“ဒီမေးခွန်းက
လင်းချွမ် ခဏရပ်သွား၏။
ရှန်ချန်းချန်း ရှေ့သို့ကိုင်းကာ မျက်လုံးလေးဝိုင်း၍ ကြည့်နေသည်။
လင်းချွမ် ခေါင်းယမ်း၍
“ဒီမေးခွန်းအတွက် အဖြေက အရမ်းရှုပ်တယ်။ ပြီးတော့ ရဲမေရှန်က ပြစ်မှု မကျူးလွန်ဖူးတော့ နားလည်မှာမဟုတ်ဘူး”
“ဘာကို ရှုပ်မှာလဲ။ လာနောက်မနေနဲ့”
ရှန်ချန်းချန်း ပြောနေရင်း ရုတ်တရက်
“ရှင် ခုနက ပြစ်မှုမှ မကျူးလွန်ဖူးတာ ဘယ်နားလည်မှာလဲလို့ ပြောလိုက်တာလား”
လင်းချွမ် သူ့ကိုယ်သူ စိတ်ထဲမှ ကျိန်ဆဲမိ၏။
သွားပြီ။ စကားမှားထွက်သွားတယ်။
“အာ အဲ့တာက စိတ်ကူးယဉ်ကြည့်တာမျိုးပါ။ အရမ်းကြီး မတွေးပါနဲ့”
ရှန်ချန်းချန်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြုံးကာ
“ရှင်က ယုချင်းကို နားလည်တဲ့ပုံပဲ”
လင်းချွမ် ချက်ချင်း လက်ယမ်းကာ
“ကျွန်တော် လေ့လာနေတဲ့အပိုင်းနဲ့ သက်ဆိုင်လို့ပါ”
ရှန်ချန်းချန်း ပြုံးကာ
“လေ့လာနေတာလား။ နောက်ဆုံးတော့ သရုပ်မှန် ပေါ်လာပြီပဲ။ ဝန်ခံလိုက်။ ရှင် ပြစ်မှုတစ်ခုခု ကျူးလွန်ဖူးတယ်မလား”
လင်းချွမ် ခေါင်းယမ်းကာ တိတ်ဆိတ်နေသည်။
ရှန်ချန်းချန်း ရယ်မောလျက်
“ကျွန်မစကားတွေက ရင်ထဲရောက်သွားပြီလား”
“နည်းနည်းမှ မနီးစပ်ဘူး”
လင်းချွမ် ပြန်ဖြေလိုက်၏။
ဟွန့်!
ရှန်ချန်းချန်း နှုတ်ခမ်းလေးစူလျက် သူ့အတွက်သူ ထင်ကွမ်ရင်လက်ဖက်ရည် ဖျော်လိုက်သည်။
“အလကား လက်ဖက်ရည် ဖျော်ပေးမိတာပဲ”
“အလကားတော့ မဟုတ်ပါဘူး။ အနည်းဆုံး ကျွန်တော့်ကို ညစာ လိုက်ကျွေးခွင့် ရပြီလေ”
လင်းချွမ် ရယ်မောကာ ထပ်စလေ၏။
ရှန်ချန်းချန်း လက်သီးလေးဆုပ်ပြ၍ မကျေမနပ် ကြည့်နေလေသည်။
…
တစ်ဖက်တွင်။
ဟူတာချန်း ပြုံး၍ ဧည့်ခန်းထဲမှ ထွက်လာ၏။
မော်ဂန်အုပ်စု၏ ယုချင်းကို ဖမ်းမိနိုင်ခဲ့သောကြောင့် ဒီနှစ်သို့ နောက်နှစ်အတွက် အမှတ်ကောင်းလေပြီ။
လင်းချွမ်က တကယ် တရားခံဖမ်းနိုင်တာပဲ။
“ငါ အဖွဲ့မှူးဟူအနေနဲ့ ဘဝအသစ် စနိုင်တော့မယ်ကွ”
ဟူတာချန်း ပြုံးရွှင်နေလေသည်။
“ဘာတွေ ပျော်နေတာလဲ အဖွဲ့မှူးဟူရဲ့”
တစ်ဖက်တွင် အပျော်ရှိသလို တစ်ဖက်တွင် ဝမ်းနည်းစရာများ ရှိ၏။
မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ ဟီစုန်းမှ လှမ်းမေးခြင်း ဖြစ်သည်။
ဟူတာချန်း သူ့ပုခုံးကို ပုတ်လျက်
“အဖွဲ့မှူးဟူ လူငယ်လေးတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကတော့ တကယ် အံ့မခန်းပဲ”
“ဟုတ်လား။ ဘယ်လိုလဲ”
ဟီစုန်း ရယ်မောလျက်
“ဟိုတစ်ခါ ဒါရိုက်တာကျန်းပြောတာတောင် မဖြေရှင်းရသေးဘူး။ နည်းပညာဝန်ထမ်းတွေနဲ့ ပြောရဦးမယ်”
“အခုထိလား”
ဟူတာချန်း အံ့ဩစွာ မေးလိုက်သည်။
ဟီစုန်း စိတ်ပျက်လက်ပျက်ဖြင့်
“အထဲက မူးယစ်အဖွဲ့တစ်ခုလုံးကိုလည်း စစ်ဆေးပြီးပြီ။ ဘာမှ သံသယဖြစ်စရာ မတွေ့ရဘူး။ ထူးဆန်းတယ်မလား”
“ထူးဆန်းတယ်”
ဟူတာချန်း ခေါင်းငြိမ့်လျက်
“နည်းနည်း ထပ်စဉ်းစားကြည့်ရမယ်”
“ဟုတ်တယ်”
ဟီစုန်း သက်ပြင်းချကာ
“ခုနက လူငယ်လေးတွေ တော်တယ်ဆိုတာ ကျွန်တော့်ကို ပြောတာတော့ မဟုတ်ဘူးမလား”
“မင်းလည်း ပါတာပေါ့ကွာ”
“အဖွဲ့မှူးဟူရယ် ဒဲ့သာပြောပါ။ ကျွန်တော် နားလည်ပါတယ်”
ဟူတာချန်း ဘေးဘီကိုကြည့်ပြီးနောက် သူ့ကို ထောင့်နားဆီ ခေါ်သွား၍
“အေးပါ။ အမှန်အတိုင်းပြောမယ်။ ငါတို့ မှုခင်းအဖွဲ့က နိုင်ငံတကာအမှုကြီးတစ်ခုကို ကိုင်နိုင်ခဲ့တယ်”
ဟီစုန်း လက်မထောင်ပြ၍
“တော်လိုက်တာ အဖွဲ့မှူးဟူရယ်”
ဟူတာချန်း လက်ယမ်းပြကာ
“အမှန်တော့ ငါက အသက်ကြီးနေပါပြီ။ ဒီအတိုင်း နာမည်ခံရုံပဲ”
“အဲ့တာဆို ကောင်းကင်က ဖန်ဆင်းပေးလိုက်တာလား”
“အဲ့လိုပဲ ပြောရမှာပေါ့”
“အဖွဲ့မှူးဟူရယ် ကျွန်တော့်ကို ပိုသိချင်လာအောင် လုပ်နေတယ်။ ဘယ်လူငယ်က အဲ့လောက် တော်တာလဲ”
“ဘယ်သူလို့ ထင်လဲ”
ဟီစုန်း ခဏငြိမ်သွားပြီးနောက် နေရောင်ခြည်ကဲ့သို့ နွေးထွေးပြီး ရုပ်ဖြောင့်ဖြောင့် လူငယ်လေးအား တွေးမိသည်။
“အားကျလိုက်တာဗျာ”
ဟူတာချန်း ရယ်မောလျက် အကြံတစ်ခု ရသွားပြီး
“ဟေ့ ငါ တစ်ခု တွေးမိပြီ။ မင်းတို့အမှုကို သူ့ကို ပြောကြည့်ပါလား”
ဟီစုန်း အမူအရာပြောင်းသွားပြီး
“အင်း လက်နက်တွေ၊ မူးယစ်ဆေးတွေအကြောင်းတော့ နားလည်ပေမဲ့ စုံစမ်းရေးနဲ့ မရင်းနှီးဘူးမလား”
“အဲ့တာတွေ အသာထားစမ်းပါ။ ဒီအတိုင်း ပြောကြည့်လိုက်။ စမ်းကြည့်လို့ ပိုရှုံးစရာမှ မရှိတာ”
“ဟုတ်တယ်နော်”
“တစ်ခု ထပ်ပြောရဦးမယ်”
ဟူတာချန်း ဂုဏ်ယူစွာဖြင့်
“ဖမ်းလာတဲ့ထဲက အဓိကတရားခံက ဘယ်လိုမေးမေး လုံးဝ ဝန်မခံဘဲ ငြိမ်နေတာလေ။ လင်းချွမ်နဲ့လည်း စကားပြောပြီးရော အားလုံး ဝန်ခံတော့တာပဲ”
“မှတ်ဉာဏ်ကို တစ်ခုခု လုပ်လိုက်တာလား”
“နေပါ။ ငါတို့ဆီ အဲ့တာမျိုးမှ မရှိတာ”
ဟူတာချန်း ရယ်မော၍
“လင်းချွမ် စကားနည်းနည်းပြောရုံနဲ့ လှုပ်ရှားလာတာ”
“သူ တော်တာသိပေမဲ့ အဲ့တာကတော့ ထူးဆန်းလွန်းတယ်”
“အဖွဲ့မှူးဟီ ငါ ဘာသဘောပေါက်သွားလဲ သိလား”
“ဘာလဲ”
“လူတွေက သူတို့ နားလည်နိုင်တာထက် ကျော်လွန်နေရင် မတွေးတတ်တော့ဘူးတဲ့။ အဲ့တာကြောင့် ဘာမှတွေးမနေနဲ့။ ဒီအတိုင်း အကူအညီ တောင်းလိုက်။ အဆင်မပြေလည်း ထားလိုက်ပေါ့”
ဟီစုန်း ခေါင်းငြိမ့်လျက်
“ဒါဆိုလည်း ပြောကြည့်တာပေါ့။ သူ အခုထိ ရဲစခန်းမှာပဲလား”
“ဟုတ်တယ်။ ဧည့်ခန်းမှာ ရှန်ချန်းချန်းနဲ့ စကားပြောနေတယ်”
“ကောင်းပါပြီ။ ကျွန်တော် သွားတွေ့လိုက်မယ်”
ထိုစဉ် တိုက်ဆိုင်စွာဖြင့် လင်းချွမ်တို့လည်း အခန်းထဲမှ ထွက်လာ၏။
“အစ်ကိုလင်း”
ဟီစုန်း ပြုံး၍ နှုတ်ဆက်လိုက်သည်။
“အဖွဲ့မှူးဟီပါလား”
လင်းချွမ် ပြန်ပြုံးပြ၏။
“လင်းရေ အဖွဲ့မှူးဟီက မေးစရာရှိလို့တဲ့”
ဟူတာချန်းမှ စကားစပေးလိုက်သည်။
“အစ်ကိုလင်း ကျွန်တော် တိုက်ရိုက်ပဲ ပြောပါ့မယ်”
“ဟုတ်ကဲ့ ပြောပါ”
“အစ်ကိုလင်း အချက်အလက်ပေါက်ကြားမှုတွေ၊ ဒေတာ စုစည်းမှုတွေအကြောင်း ဘယ်လောက် နားလည်လဲဗျ”
လင်းချွမ် မျက်မှောင်ကြုတ်ပြီးနောက် ခပ်ဖြည်းဖြည်း ပြန်ပြောလိုက်သည်။
“နည်းနည်း သိပါတယ်”