သူလည်း လုပ်ကြံသူပဲ
Vol. 32 Ch. 480
ခရိုနေး ကျန်းမင်ကို တစ်ချက်ပြန်ကြည့်ကာ ရုတ်တရက် အရင်ရုပ်ကို ပြန်ဖမ်းမိသွားသည်။ ထို့နောက် မဲ့ပြုံးပြုံးလျက်
“အဲ့တော့ မင်းပေါ့ ရန်သူဟောင်းကြီး။ အခု ဖမ်းမိသွားတော့ အိပ်မက်တွေ ပြည့်သွားပြီပေါ့လေ။ မင်း စာရေးဆရာလေးကို ကျေးဇူးတင်သင့်တယ်”
ကျန်းမင် မကျေမနပ်ဖြင့်
“မင်းကို ဒီလိုတွေ့ရမယ်လို့ မထင်ထားမိဘူး။ အဲ့ကလေးကို တကယ် ကျေးဇူးတင်သင့်တာပဲ”
ခရိုနေး တိတ်ဆိတ်နေ၏။
လက်ထိတ်ခတ်ထားသော လက်များမှာ စားပွဲအောက်တွင် ပုန်းကွယ်လျက်။
သူ အားလုံးကို ဝေ့ဝဲကြည့်ပြီးနောက်
“ငါကိုယ်တိုင်လည်း အဲ့ကောင်လေးလက်ထဲ အဖမ်းခံရမယ်လို့ မထင်ထားဘူး”
“အခု အဖမ်းခံရမှတော့ ကောင်းကောင်း ပူးပေါင်းလိုက်တော့”
ကျန်းမင် သူ့ကိုစိုက်ကြည့်ကာ ပြော၏။
ရှန်ချန်းချန်းနှင့် ဟူတာချန်းတို့လည်း ငေးကြည့်နေကြသည်။
ခရိုနေး ရယ်မောနေသည်။
“ဘာရယ်တာလဲကွ”
ကျန်းမင် ပြန်မေး၏။
“ငါ့အကြောင်း ဒါမှမဟုတ် လုပ်ကြံသူတွေအကြောင်း ကောင်းကောင်း မသိဘူးပဲ။ လင်းချွမ်ကိုယ်တိုင် ဖမ်းတာတောင် ငါ့သူဌေး ဘယ်သူလဲ မမေးခဲ့ဘူး။ အဲ့တာတွေ ကွာလို့ မင်း ငါ့ကို မမိတာပေါ့”
ခရိုနေးမှာ လှောင်ပြုံး ပြုံးနေ၏။
လုပ်ကြံသူအကြောင်း ဘာမှမသိသူများ ဝင်စစ်ဆေးနေသည်အား လှောင်ခြင်း ဖြစ်သည်။
ရှန်ချန်းချန်း၊ ဟူတာချန်းနှင့် ကျန်းပြောင်တို့ အချင်းချင်း ကြည့်ကာ မျက်မှောင်ကြုတ်နေကြ၏။
ယခုနေရာမှာ တရားဝင်စစ်ဆေးခြင်း မဟုတ်သေးဘဲ သာမာန် စကားပြောမေးမြန်းရုံ ဖြစ်ပါသည်။
ကျန်းမင် ဆက်၍
“ကြည့်ရတာ မင်း အဖမ်းခံလိုက်ရတဲ့ အကြောင်းအရင်းကို သုံးသပ်မိပြီးပြီ ထင်တယ်”
ခရိုနေး ရယ်မော၍
“ဘာမှ အရမ်း သုံးသပ်နေစရာ မလိုပါဘူး။ သိသာနေတာပဲကို”
“ဒါဆိုလည်း နားထောင်ကြည့်ရအောင်”
ကျန်းမင် စကားထောက်လိုက်၏။
ခရိုနေး ခပ်တည်တည်ဖြင့်
“တခြားပစ်မှတ်တွေသာဆိုရင် မင်း စုံထောက် ကျန်းမင် ဆိုရင်တောင်မှ ငါ လုံးဝ ရှုံးမှာ၊ အဖမ်းခံရမှာ မဟုတ်ဘူး”
ခရိုနေးမှ ယုံကြည်ချက်အပြည့်ဖြင့် ပြောနေ၍ ကျန်းမင် မျက်မှောင်ကြုတ်နေမိ၏။
သူတို့ချင်း တစ်ခါ ထိပ်တိုက်တွေ့စဉ်က မဖမ်းနိုင်ခဲ့သည်မှာတော့ အမှန်ပင်။
“အဲ့တော့ မင်းပြိုင်ဘက်က အင်အား အရမ်းကြီးနေလို့ပေါ့။ မင်းညံ့လို့ မဟုတ်ဘူးပေါ့လေ”
ရှန်ချန်းချန်းမှ ပထမဆုံး စပြောလာသည်။
“မဟုတ်လို့လား”
ခရိုနေး ဝန်ခံပါသည်။
“အင်း…”
ရှန်ချန်းချန်း တွေဝေလျက် မည်သို့ ပြန်ဖြေရမည်မသိ ဖြစ်နေ၏။
သူ လင်းချွမ် အရည်အချင်းရှိသည်ကို သိပါသည်။
သို့သော် အင်္ဂလန်မှ ထိပ်တန်းလုပ်ကြံသူကို အလွယ်တကူ ဖမ်းနိုင်မည်ဟုတော့ မထင်ထားချေ။
ရန်သူကိုယ်တိုင်မှ ချီးကျူးစကား ပြောနေရလေသည်။
ကျန်းမင်မှ
“ခရိုနေး ငါ မင်းအကြောင်းသိတယ်။ တော်ရုံလူကို မင်းထက် တော်တယ်လို့ လွယ်လွယ် တွေးမယ့်သူ မဟုတ်ဘူးလေ”
“ဒါပေမဲ့ ငါ မငြင်းပါဘူး။ သူက တကယ် အင်အားကြီးတာ”
“ဘယ်လောက်တောင်မို့လို့လဲ”
ကျန်းမင် ထပ်မေးလိုက်သည်။
ခရိုနေး မျက်မှောင်ကြုတ်လျက် ခဏစဉ်းစားပြီးနောက်
“ငါက အင်္ဂလန်ရဲ့ လူသတ်ဘုရင်ဆိုရင် သူကတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူသတ်ဘုရင်ပဲ။ တခြားသူတွေ အားလုံးထက်လည်း သာတယ်”
စစ်ဆေးရေးအခန်းထဲ၌ တိတ်ဆိတ်သွား၏။
တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့လား။
တခြားလူတွေ အားလုံးထက်လား။
ရှန်ချန်းချန်း သက်ပြင်းခိုးချမိသည်။
ကျန်းမင် မျက်မှောင်ကြုတ်လျက်
“ဘာလို့ သူ့ကို အဲ့လို ပြောနိုင်ရတာလဲ။ ငါ သိထားသလောက်တော့ သူက စာရေးဆရာပဲ”
“စာရေးဆရာတဲ့လား”
ခရိုနေး မှင်တက်သွားပြီးမှ ခေါင်းယမ်း၍ ရယ်မောကာ
“စာရေးဆရာတစ်ယောက်ဆီမှာ အရှုံးပေးရမယ်လို့ တစ်ခါမှ မတွေးထားဘူး”
“မင်း ငါ့မေးခွန်းကို မဖြေရသေးဘူးနော်”
ကျန်းမင် ထပ်ပြော၏။
ခရိုနေး လက်မြှောက်လိုက်သောအခါ လက်ထိပ်သည် မီးရောင်ကြောင့် လက်ခနဲ ဖြစ်သွားသည်။
သူ ခေါင်းကုတ်လျက်
“စာရေးဆရာဆိုတာ ဒီအတိုင်း ဟန်ဆောင်တာ နေမှာပေါ့။ သူ့သရုပ်မှန်က လုပ်ကြံသူပဲ။ စွမ်းရည်ပြည့်ဝတဲ့ ကျွမ်းကျင် လုပ်ကြံသူ”
ခရိုနေး သေချာ ပြောပြ၏။
ရှန်ချန်းချန်းပင် ရင်ခုန်သံ မြန်လာသည်။
ကျွမ်းကျင်တဲ့လား။
လင်းချွမ်၏ ကျွမ်းကျင်လှသော လုပ်ကြံသူဟူသည့် ဝတ္ထုတော့ ရှိပါသည်။
ထိုထဲတွင် သေနတ်၊ တိုက်ခိုက်ခြင်း၊ အခင်း ရှင်းလင်းရေး၊ လူသတ်ရန် ကြံစည်ခြင်း၊ စောင့်ကြည့်ခြင်း စသဖြင့် အသေးစိတ် ရေးထား၏။
ယခုတော့ ထင်ရှားသည့် ခရိုနေးကိုယ်တိုင်က ထုတ်ပြောနေ၏။
တွေးလေ တွေးလေ ရှုပ်ထွေးလေ ဖြစ်နေသည်။
လင်းချွမ်က တကယ့် လုပ်ကြံသူတော့ မဟုတ်ဘူးမလား။
ကျန်းမင် မျက်မှောင်ကြုတ်ကာ
“မင်း ငါတို့ကို တမင်အာရုံလွှဲနေတာမလား။ အဲ့ကောင်လေးကို စစ်ဆေးစေချင်လို့”
ခရိုနေး နှာခေါင်းရှုံ့ကာ
“ငါ အမှောင်လောကမှာ ရှင်သန်ပေမဲ့ ငါ့နည်းလမ်းတွေက စည်းမျဉ်းရှိတယ်။ သူ့ကိုတော့ တကယ် ချီးကျူးရမှာမို့လို့ပါ”
“ခရိုနေး သူလည်း လုပ်ကြံသူလို့ ခုနက ပြောလိုက်တာလား”
ဟူတာချန်းမှ မေးလိုက်၏။
“ဒါပေါ့။ ကျွန်တော့်အထင်ပါ”
ခရိုနေး ရှင်းပြသည်။
“ထင်တစ်လုံးနဲ့ လူတစ်ယောက်ကို လုပ်ကြံသူလို့ ပြောလို့ရမလား”
ဟူတာချန်း ထပ်ဖိပြော၏။
“ထင်တစ်လုံးတဲ့လား။ လုပ်ကြံသူတွေအကြောင်း နားမလည်ဘူးပဲ။ တစ်ခါတစ်လေ ငါတို့ချင်းက ကြည့်ရုံနဲ့ သိတယ်”
ခရိုနေးမှ ပြုံး၍ ပြော၏။
“ပေါက်ကရတွေ”
ခရိုနေးမှ ဆက်၍
“စီစီတီဗွီကို ရတယ်မလား”
“အင်း”
ရှန်ချန်းချန်း ခေါင်းငြိမ့်ပြသည်။
“ငါ ဘာလို့ စီစီတီဗွီ မဖျက်ဆီးခဲ့လဲ သိလား”
သူ ပြုံး၍ မေး၏။
အားလုံး မျက်မှောင်ကြုတ်သွားမိသည်။
မှန်ပါသည်။
ထိပ်တန်းလုပ်ကြံသူအနေဖြင့် သက်သေမကျန်စေရန် စီစီတီဗွီကို ဖျက်ဆီးသင့်ပါသည်။
ခရိုနေးမှ ပြုံး၍
“လင်းချွမ်အကြောင်းကို စုံစမ်းထားလို့လေ။ သူက ပတ်ဝန်းကျင်ကို အမြဲသတိထားလို့ ဓာတ်လှေကားထဲ ရောက်တိုင်း စီစီတီဗွီကို အရင် စစ်နေကျ။ ငါ ဖျက်ဆီးထားရင် ချက်ချင်း သိသာသွားမှာစိုးလို့”
“ဒါပေမဲ့ သိသာသွားတာပဲမလား။ အဲ့တာ ဘာလို့လဲ” ကျန်းမင် ဝင်မေး၏။
“အဲ့တာတော့ လင်းချွမ်ကိုပဲ မေးလိုက်ပါ”
ခရိုနေးမှ သူလည်းမသိဟူသည့်ပုံဖြင့် ပုခုံးတွန့်ပြ၏။
ဤသို့ဖြင့် အာရုံစိုက်မှုများကို လင်းချွမ်ဆီ ပြောင်းလဲလိုက်နိုင်ပါသည်။
အားလုံး စစ်ဆေးရေးအခန်းထဲမှ ထွက်ပြီးနောက် စိတ်ရှုပ်ထွေး တွေဝေနေကြ၏။
လင်းချွမ်နှင့် ခရိုနေးတို့၏ ဗီဒီယိုမှတ်တမ်းကိုလည်း ကြည့်ချင်လှလေပြီ။
“ဘာလို့လဲ”
ရှချင်းချင်း ဗီဒီယိုရှာဖွေ မှတ်တမ်းတင်ရင်း ထူးဆန်းသော အမူအရာဖြင့် ရှန်ချန်းချန်းတို့ကိုတွေ့၍ လှမ်းမေး၏။
ရှန်ချန်းချန်း ဖျော့တော့စွာ ပြုံးလျက်
“ခရိုနေးက ပြောလိုက်တယ်။ လင်းချွမ်လည်း လုပ်ကြံသူပဲတဲ့”
“ဟင်”
ရှချင်းချင်း နားမလည်နိုင်စွာဖြင့်
“လင်းချွမ်က ဘာလို့ လုပ်ကြံသူ ဖြစ်ရမှာလဲ”
“အဲ့တာကြောင့်ပေါ့”
“ရဲမေရှ အရမ်းတွေးမနေပါနဲ့။ ခရိုနေး အထင်နဲ့ လျှောက်ပြောနေတာပါ”
ဟူတာချန်း ပြုံး၍ ကွန်ပျူတာကို လက်ညှိုးထိုးကာ
“စီစီတီဗွီ အရင်ကြည့်လိုက်ကြတာပေါ့”
“ဟုတ်ကဲ့”
ရှချင်းချင်း ခေါင်းငြိမ့်၍ ချက်ချင်း ဖွင့်ပြလိုက်သည်။
အားလုံး ဗီဒီယိုကို အာရုံစိုက်ကြည့်နေ၏။