ဘာဆိုင်လို့လဲ
Vol. 32 Ch. 466
လင်းချွမ်မှာ ရှန်ချန်းချန်းအား စစ်ဆေးခိုင်းရန် ပေးလိုက်ခြင်း မဟုတ်ဘဲ သူ့အတွက် စစ်ဆေးရေးကိရိယာ မလိုအပ်တော့၍ ဖြစ်သည်။
ကျန် (၃) ယောက်သားမှာ လင်းချွမ်အပြုအမူကို လုံးဝ နားမလည်နိုင် ဖြစ်နေကြ၏။
ထိုအချိန်တွင် ရှန်ချန်းချန်းလည်း မေးချင်သည်များ ရှိနေသော်လည်း တစ်ဖက်လူမှာ လင်းချွမ် ဖြစ်ပါသည်။
သူ့စိတ်ထဲတွင် လုံးဝ ယုံကြည်နေမိ၏။
လင်းချွမ် ရုံးခန်းလော်ဘီထဲ လျှောက်သွားပြီး စားပွဲများ၊ ထိုင်ခုံများ၊ ကွန်ပျူတာများနှင့် အခြားပစ္စည်းများကို အာရုံစိုက်ကာ ကြည့်ရှုနေသည်။
သူ အခန်းတွင်း အပင်များကို ရှာနေခြင်းပင်။
အတော်များများမှာ ရုံးစားပွဲများပေါ် သို့မဟုတ် အခန်းတွင်း၌ အပင်ငယ်များ ထားရှိရသည်ကို ကြိုက်ကြသည်။
ပထမအချက်မှာ လေကောင်းလေသန့် ရသလို ခံစားရပြီး ဒုတိယအချက်အနေဖြင့် စိတ်ဖိစီးစရာ အလုပ်ပတ်ဝန်းကျင်တွင် မျက်စိပသာဒဖြစ်၍ စိတ်ကြည်လင်စေရန်ပင်။
အားလပ်ချိန်၌ အပင်များကို ရေလောင်း သန့်စင်ပေးရင်းလည်း စိတ်ပြေလက်ပျောက် ပြုလုပ်နိုင်သေးသည်။
အထူးသဖြင့် ခေါင်းဆောင်ပိုင်းများမှာ အလွန် ကြိုက်ကြလေ့ ရှိပါသည်။
“အဖွဲ့မှူးဟီ ဒီပန်းပင်လေးတွေ စိုက်ရတာ ကြိုက်တာလား”
လင်းချွမ် ရုတ်တရက် လှမ်းမေး၏။
ဟီစုန်း ရုတ်တရက် မှင်တက်နေပြီးမှ ခေါင်းငြိမ့်ကာ
“လင်းတော့ မသိလောက်ပေမဲ့ ကျွန်တော်တို့ အလုပ်က ဖိအားအရမ်းများတယ်လေ။ ဒါပေမဲ့ ငါးသွားမျှားတာလိုအထိ လုပ်ဖို့ကျတော့ အချိန် မရှိဘူး။ အဲ့တာကြောင့် အားတဲ့အချိန်တွေ ပန်းပင်လေးတွေ ဂရုစိုက်ရင်းပဲ စိတ်ဖြေရတာ”
ဟူတာချန်းမှလည်း ဝင်ထောက်ခံ၏။
“ဒီလို တာဝန်ကြီးတွေ ယူထားရရင် ဖိအားလည်း တအားများတာ။ ကျွန်တော်လည်း အပင်စိုက်ရတာ ကြိုက်တယ်လေ။ အိမ်က ဝရံတာမှာဆို အများကြီးပဲ။ ငါးလည်း မွေးထားတယ်။ မြို့တော်ဝန်တစ်ယောက်ဆိုရင် ကြယ်တွေကို ထိုင်ကြည့်ရတာ ကြိုက်တယ်တဲ့။ တစ်ယောက်တစ်မျိုးစီပေါ့”
“ကောင်းပါတယ်”
လင်းချွမ် လက်မထောင်ပြ၏။
“အဲ့လောက်လည်း မဟုတ်ပါဘူး”
လင်းချွမ်ပြုံး၍ နောက်တစ်ခန်းသို့ ဆက်သွားသောအခါ အဖွဲ့မှူးဟီ၏ ရုံးခန်း ဖြစ်လေသည်။
“ဝင်လို့ရလားဗျ”
လင်းချွမ် လှည့်မေးလိုက်၏။
“ရပါတယ်ဗျာ”
ဟီစုန်းပြုံး၍ ကိုယ်တိုင် တံခါးဖွင့်ပေးလိုက်လေသည်။
လင်းချွမ်လည်း တွေဝေမနေဘဲ အခန်းထဲ ဝင်သွားကာ ဟိုဟိုဒီဒီ စစ်ဆေးရင်း သံသယဖြစ်ဖွယ် ပစ္စည်းကို ရှာနေသည်။
ရုံးခန်းမှာ သိပ်မကြီးလှပေ။
(၁၀) မီတာပတ်လည်မျှသာ ရှိ၏။
အနောက်ဘက်တွင် စာအုပ်စင်ရှိပြီး အထဲတွင် စာအုပ်အမျိုးမျိုးကို တွေ့ရ၏။ သော့ပိတ်ထားသော ဗီရိုတွင်မူ အရေးကြီး စာရွက်စာတမ်းများ ထည့်ထားလေသည်။
အထဲတွင် စာရွက်များမှလွဲ၍ ထူးခြားချက် မရှိပေ။
စာအုပ်စင်အရှေ့တည့်တည့်၌ စားပွဲတစ်လုံးရှိပြီး ထိုအပေါ်တွင် ကွန်ပျူတာ၊ ကီးဘုတ်၊ ဖိုင်အချို့၊ ဘောပင်နှင့် အခြားပစ္စည်းများ ရှိနေသည်။
မျက်နှာချင်းဆိုင်နံရံ၌ စည်းမျဉ်းစည်းကမ်းများနှင့် ဟန်မြစ်အပိုင်း မြေပုံတို့ ကပ်ထားပြီး ဘေးတွင် အမှတ်အသားများစွာနှင့် အန်လင်းမြေပုံကို တွေ့ရသည်။
တစ်ဖက်ခြမ်းတွင် လျှပ်စစ်နာရီတစ်လုံးလည်း ချိတ်ထား၏။
လင်းချွမ် အခြားနေရာများကို ဆက်လက် အာရုံစိုက်လိုက်သည်။
ရေသန့်စက်။
ဆိုဖာ။
ကော်ဖီစားပွဲ။
ဘေစင်။
ပြတင်းပေါက်နားမှ အပင်ရှည်။
ဒေါက် ဒေါက် ဒေါက်။
လင်းချွမ် ရေသန့်စက်အား ခေါက်ကြည့်လိုက်၏။ အထဲမှ အခေါင်းပေါက်ကဲ့သို့ အသံသာ ထွက်လာသည်။ ဆိုဖာမှာ လည်သာဖြင့် ပြုလုပ်ထားပြီး အနည်းငယ် ဟောင်းနွမ်းပုံ ပေါ်၏။
သစ်သားကော်ဖီစားပွဲမှာ ခပ်ရှင်းရှင်းနှင့် ခမ်းနားသည့်စတိုင်လ် မဟုတ်ပေ။ တစ်ခုခု ထူးခြားပါက ချက်ချင်း သိနိုင်လောက်၏။
လင်းချွမ် ဘေစင်နား လျှောက်သွားပြန်သည်။
ထို့နောက် လက်ဆေးပြီး ပြတင်းပေါက်ဆီ သွား၏။
ရဲစခန်းအပြင်ဘက်တွင် လမ်းတစ်ခုရှိပြီး နေ့လယ်ခင်းအချိန်ဖြစ်၍ ကားများ ရှုပ်ထွေးကာ ဆိုင်ငယ်များ တန်းစီနေသည်။
ဆိုင်များမှာ ပန်းဆိုင်၊ ဆေးဆိုင်၊ ကုန်စုံဆိုင် စသဖြင့် များပြားသော်လည်း အဘိုးကြီး၊ အဘွားကြီးများသာ ရောင်းလေ့ရှိသည်။
စားသောက်ဆိုင်များလည်း ပါဝင်၍ မီးခိုးများကြားတွင် အားလုံး အသက်ဝင် လှုပ်ရှားနေကြသည်။
“ရဲမေရှန် ကျွန်တော်တို့ ဒီည ဘာစားမှာလဲ”
လင်းချွမ် ရုတ်တရက် လှမ်းမေး၏။
“ဘာကို စားရမှာလဲ”
ရှန်ချန်းချန်း သူ့အနားသွားကာ ခပ်တိုးတိုး ပြန်ပြောလိုက်သည်။
အလုပ်မပြီးသေးဘဲ စားဖို့ပဲ တွေးနေတာပဲ။
“ဒါပေါ့။ စားစရာရှိတာ စားရမှာပဲလေ”
လင်းချွမ် ရယ်မောကာ ဟီစုန်းနှင့် ဟူတာချန်းတို့အား မျက်လုံးတစ်ဖက် မှိတ်ပြကာ ရုံးခန်းထဲက ထွက်သွားတော့သည်။
ရုံးခန်းထဲမှသာမက တဖြည်းဖြည်း မူးယစ်တိုက်ဖျက်ရေးဌာန အပြင်ဘက်ပင် ရောက်သွားလေပြီ။
ကျန် (၃) ယောက်လုံး စွံ့အနေကြ၏။
ထို့နောက် မတတ်နိုင်ဘဲ သူ့အနောက်မှ လိုက်သွားကြရသည်။
အားလုံး အပြင်ရောက်သောအခါ လင်းချွမ်မှ
“လင်းချွမ် ရှင် တစ်ခုခု တွေ့လို့လား”
ဟီစုန်းနှင့် ဟူတာချန်းလည်း လင်းချွမ်အား မျှော်လင့်တကြီး ကြည့်နေသည်။
လင်းချွမ် ခပ်ဖြည်းဖြည်း ခေါင်းငြိမ့်ပြ၏။
(၃) ယောက်သား မျက်လုံးပြူးသွားကြပြီး ဟီစုန်းမှာ စိတ်လှုပ်ရှားစွာဖြင့်
“အစ်ကိုလင်း ဘယ်မှာတွေ့တာလဲ”
“အရမ်း မလောပါနဲ့”
လင်းချွမ် လက်ပြ၍ စိတ်အေးအေးထားရန် ပြောသည်။
ရှန်ချန်းချန်း ချက်ချင်း သဘောပေါက်ကာ လက်ဖက်ရည် ငှဲ့ပေးလိုက်ပြီး
“ဟုတ်တယ်။ မလောနဲ့။ လက်ဖက်ရည်လေး အရင် သောက်ပါဦး”
လင်းချွမ် ရယ်မော၍ လက်ဖက်ရည် ယူသောက်ပြီးနောက်
“အဲ့တာထက် ကျွန်တော် အဖွဲ့မှူးဟီကို မေးစရာတွေ ရှိတယ်”
ဟီစုန်း ခေါင်းငြိမ့်ပြကာ
“မေးပါဗျ”
“ခင်ဗျားရုံးခန်းလော်ဘီမှာ အပင်အိုးအသစ်တွေ ဝယ်ထားသေးလား”
ဟီစုန်းမှ
“ဟုတ်ကဲ့ အရင်လကမှ ဝယ်တာပါ”
“ကျွန်တော် ရေခဲ့မိသလောက်တော့ (၅) အိုးနော်။ ကော်ရစ်တာမှာ (၂) ခု၊ လော်ဘီမှာ (၂) ခု၊ ရုံးခန်းထဲမှာ (၁) ခု ဟုတ်လား”
ဟီစုန်း မျက်မှောင်ကြုတ်လျက်
“ဘယ်လိုလုပ် အတိအကျ မှတ်မိနေတာလဲ”
အဖွဲ့မှူးဟူပြောသည့်အတိုင်း ဉာဏ်ကောင်းလှပါသည်။
လင်းချွမ် ပြုံး၍
“(၅) အိုးမှာ ကော်ရစ်တာက (၂) ခုက ဖုန်တက်ပုံ မတူသလို လော်ဘီထဲက (၂) အိုးကလည်း စိုက်ထားပုံ မတူဘူးနော်”
“အဲ့တာရော သတိထားမိတာလား”
ရှန်ချန်းချန်းနှင့် ဟူတာချန်းတို့ အချင်းချင်း အံ့ဩစွာ ကြည့်မိသည်။
“ကျွန်တော့်အရင်အလုပ်ကို မေ့သွားတာလား။ အရင်က ရှေးဟောင်းပစ္စည်း တူးဖော်ရေးမှာလည်း ခေါင်းဆောင်ဖူးတယ်လေ။ အဲ့တော့ အပင်တွေနဲ့ မြေသားအကြောင်း သိနေတာပါ”
ရှန်ချန်းချန်း ထိုအခါမှ သတိရသွား၏။
“အဖွဲ့မှူးဟီ ရုံးခန်းထဲကဟာရော”
ဟူတာချန်းမှ ထပ်မေးသည်။
လင်းချွမ် ဆက်ရှင်းပြ၏။
“အဲ့တစ်ခုက ပြတင်းပေါက်နား၊ ဘေစင်နားမှာ ဆိုတော့ ရေစင်တာနဲ့ မြေသားအစိုဓာတ် ရတယ်။ အစိုဓာတ်ကို ကြည့်ရသလောက်တော့ အပြင်က (၄) ပင်ကို အတူတူစစိုက်တာ ထင်တယ်”
အားလုံး ကြောင်စီစီ ဖြစ်ကုန်သည်။
အသေးစိတ်ပဲ။
အသေးစိတ် ကျလိုက်တာ။
ပညာရှင်ဆန်တယ်။
သို့သော် မေးခွန်းတစ်ခု ပြန်ပေါ်လာ၏။
အဲ့တာက ခိုးနားထောင်ပြီး အချက်အအလက် ပေါက်ကြားတာနဲ့ ဘာဆိုင်လဲ။