နည်းပညာအသစ်
Vol. 32 Ch. 467
တစ်ခုခုကို ဖုံးဖို့လား။
ဟီစုန်းနှင့် ဟူတာချန်းတို့ အချင်းချင်း ကြည့်ကာ စွံ့အနေပြီးနောက် လင်းချွမ်အား ပြန်ငေးကြည့်နေ၏။
သို့သော် လင်းချွမ် ခေါင်းယမ်း၍
“အတိအကျ ပြောရရင်တော့ ဒီကြားထဲမှာ အပေါက် ရှိနေတယ်။ မြေသားထဲမှာ မြှုပ်ထားရင် အသံဖြတ်လို့ မရတော့ဘူး။ အသံက ဖမ်းလို့ ရရင်တောင် လှိုင်းတွေက မတည်ငြိမ်ဘူး”
ဟီစုန်းမှ အရင် စမေးလိုက်သည်။
“လင်းပြောတာ သဘာဝကျပါတယ်။ ဒါပေမဲ့ ကျွန်တော် မေးချင်တာက အခု စစ်ဆေးရေးကိရိယာပါ သုံးပြီး သေချာစစ်ဆေးပြီးတာတောင် ဘာမှ အချက်ပြတာ မတွေ့ရဘူးလေ။ အပေါက်ရှိနေရင်တောင် အသံကို ဘယ်လို ဖြတ်မှာလဲ”
ထိုမေးခွန်းမှာ အခြားစုံထောက် (၂) ဦးလည်း စိတ်ဝင်စားနေသည်။
ထိုအပိုင်းမှာ သူတို့ သိပ်မထိတွေ့ဖူးပေ။
ခက်ခဲ၍ သံသယဖြစ်စရာများသော အမှုများမှလွဲ၍ အများအားဖြင့် သက်သေစုခြင်း၊ ပြစ်မှု ဆုံးဖြတ်ခြင်း၊ စီစီတီဗွီကြည့်ခြင်း စသဖြင့် အားလုံးပြီးမှ တရားခံကို ရှာရသည်။
တရားခံမှာ တစ်ဦးတည်းမဟုတ်လျှင် တစ်ခုချင်း စစ်ဆေးရပါသည်။
သို့သော် ခက်ခဲသောကိစ္စမဟုတ်ပါ။
သူတို့၏ မှုခင်းအတွေ့အကြုံများအရ အားလုံး အရည်အချင်းရှိ၊ ထက်မြက်သူများ ဖြစ်ပါသည်။
သို့သော် ဟူတာချန်းပင် ထိုသို့ ခိုးနားထောင်သည့် အသံလှိုင်းစနစ်ကို ထဲထဲဝင်ဝင် မသိ၍ လုံးဝ နားမလည်သည့်ကိစ္စပင်။
လင်းချွမ် သူတို့အမူအရာကိုကြည့်၍ ပြုံးကာ
“ရွှေနှုတ်ခမ်း ခိုးနားထောင်သူဆိုတာ ကြားဖူးလား”
(၃) ယောက်သား အချင်းချင်းကြည့်၍ ခေါင်းယမ်းပြလိုက်သည်။
လင်းချွမ် ထိုအခါမှ တိုက်ရိုက် ရှင်းပြ၏။
“ဒါက အရမ်းထူးခြားတဲ့ ကိရိယာတစ်ခုပဲ။ ခိုးနားထောင်တဲ့ ကိရိယာတွေထဲ ထိပ်တန်းလို့ ပြောလို့ရတယ်။ အင်တာနာရယ်၊ စက်လုံးရှည် ခန္ဓာကိုယ်ရယ်၊ အပြားလေးတစ်ခုရယ်၊ အသံဖမ်းဖို့ အပြင်ခွံတစ်ခုရယ် ရှိရင်ရပြီ။ အဓိကက လျှပ်စစ် မလိုတာပဲ”
“သူ့လုပ်ဆောင်ပုံကရော”
ရှန်ချန်းချန်းမှ စိတ်ဝင်တစား မေးလေသည်။
“ရဲမေရှန်မှ … အဟမ်း”
လင်းချွမ် စကားမှားမလို ဖြစ်သွား၍ ချောင်းဟန့်ကာ ထိန်းလိုက်သည်။
ထို့နောက် လက်ဖက်ရည်ယူသောက်၍
“ရဲမေရှန်က အေးဂျင့်တွေနဲ့ မပတ်သက်ဖူးလို့ပါ။ အဲ့တော့ ဒီလိုကိရိယာတွေအကြောင်း သိပ်မသိဘူးပေါ့”
ရှန်ချန်းချန်း ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့် နားထောင်နေ၏။
သူပြောတာ မှန်ပါသည်။
သို့သော် ရုတ်တရက် သူ အတွေးတစ်ခု ဝင်လာသည်။
သူသိသည့် အေးဂျင့်မှာ လင်းချွမ်တစ်ယောက်တည်း ဖြစ်သည်။ ထို့နောက် စနောက်ချင်လာသော်လည်း ယခုအချိန်မှာ အချိန်ကောင်း မဟုတ်သေး၍ မျက်နှာပြန်တည်ထားလိုက်ရ၏။ ထို့နောက် လင်းချွမ်စကားကို အာရုံစိုက် နားထောင်နေသည်။
(၃) ယောက်သား၏ အသိအမှတ်ပြုသော အကြည့်များ တွေ့မှ ဆက်ရှင်းပြ၏။
“ဒီကိရိယာရဲ့ လုပ်ဆောင်ပုံက လျှပ်စစ်သံလိုက်လှိုင်းတွေရဲ့ ပြောင်းပြန်လို့ ပြောလို့ ရတယ်။ ရေဒီယိုလှိုင်းတွေ လွှင့်လိုက်ရင် အသေးဆုံး လှိုင်းပုံစံနဲ့ လျှပ်စီးအဖြစ် စီးသွားတယ်။ အဲ့လျှပ်စီးကြောင်းက အမြှေးပါးတစ်ခုကို ဖြတ်ပြီး အသံလှိုင်း တုန်ခါမှုကို ရိုက်ခတ်ရင်း အမြှေးပါးပုံစံလည်း ပြောင်းသွားတယ်။ နောက်တော့ အဖုံးနဲ့ ကိုယ်ထည်ကြား ပြောင်းလဲပြီး ပဲ့တင်လာတာပဲ”
“အဲ့လိုနဲ့ အထူးကိရိယာအနေနဲ့ အသံဖမ်းစနစ် ဖြစ်လာတာပေါ့”
လင်းချွမ် အသေးစိတ် တစ်ချက်ချင်း ပြောပြလိုက်သည်။
သို့သော် ထိုနယ်ပယ်မှာ သူတို့အတွက် မရင်းနှီးလှပေ။
(၃) ယောက်သား ကြောင်တောင်တောင် ဖြစ်နေကြဆဲပင်။
အနည်းငယ်မှ နားမလည်နိုင်ကြ။
လင်းချွမ် တစ်ချက်ရှုံ့၍
“ရှင်းအောင်ပြောရရင် အပြင်က ရေဒီယို လျှပ်စစ် သံလိုက်လှိုင်းတွေ ဝင်လာတဲ့အခါ စပြီး အလုပ်လုပ်တယ်။ ပြီးရင် အတိုင်းအတာတွေကို ဖြတ်ပြီး အသံစနစ်အနေနဲ့ ပြောင်းလိုက်တာ။ အဲ့တာကို ခိုးနားထောင်နိုင်တဲ့ ကိရိယာအနေနဲ့ လုပ်ထားတာမျိုးပေါ့”
ထိုအခါမှ ရဲ (၃) ဦး အကြမ်းဖျင်း သဘောပေါက်သွားတော့သည်။
ဟီစုန်း ခေါင်းငြိမ့်ပြ၍
“ဒီလို အဆင့်မြင့် ပစ္စည်းတွေ သုံးလို့ရနေမယ်လို့ တစ်ခါမှ မတွေးဖူးဘူး”
လင်းချွမ် ခေါင်းယမ်းပြ၍ ပြုံးကာ
“အဖွဲ့မှူးဟီ ဒါက ပစ္စည်းအဟောင်းပါပဲ။ အိုးထဲမှာ မလိုဘူးဗျ”
“နားလည်ပြီ”
ဟီစုန်းမှာ အတန်းထဲမှ ထိပ်တန်းကျောင်းသားကဲ့သို့ ဂရုတစိုက် နားထောင်နေသည်။
လင်းချွမ် ရယ်မောလျက်
“ရွှေနှုတ်ခမ်း ကိရိယာက တစ်ဆင့်ခံပစ္စည်းပဲ။ အဓိကတော့ ပတ်ဝန်းကျင်က လျှပ်စစ်သံလိုက်လှိုင်းတွေ ဒါမှမဟုတ် တခြား အပြင်စွမ်းအင်တွေနဲ့ ဆောင်ရွက်တာပေါ့။ အတွင်းထဲက ဘက်ထရီရော ပြင်ပက စွမ်းအင် ပေးဖို့ရော မလိုဘူးလေ”
“ဥပမာ ရေဒီယိုကြိမ်နှုန်းနဲ့ ကိရိယာဆိုရင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေက အင်အားစုပြီး အလုပ်လုပ်နိုင်တယ်။ ပန်းအိုးကို ပြန်ခွဲခြမ်းပြီး စစ်ဆေးရေးအဖွဲ့အနေနဲ့ နည်းပညာကို သိနိုင်ပါတယ်”
ဟီစုန်း အစအဆုံး နားထောင်ပြီးနောက် ဒေါသတကြီး ကျိန်ဆဲမိသည်။
“ဒီဒုစရိုက်ကောင်တွေက နည်းလမ်းအစုံ သုံးနေတာပဲ”
လင်းချွမ်မှာတော့ ရယ်မောနေမိ၏။
အခြေအနေမှာ ပို၍ လွယ်ကူသွားပါသည်။ ပန်းအိုး အရင်းအမြစ်နှင့် နေရာကို လိုက်ရန်သာ လိုတော့သည်။
သို့သော် လက်ရှိ အန်လင်းရဲစခန်း၏ နည်းပညာ အဆင့်အရ ထိုကိရိယာကို အတည်ပြုရန် အချိန်တစ်ခု ကြာနိုင်၏။
“အစ်ကိုလင်း”
ထိုအချိန်တွင် ဟီစုန်း ပြုံးလျက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
လင်းချွမ် သူ့ရည်ရွယ်ချက်ကို နားလည်သယောင်ဖြင့်
“အဖွဲ့မှူးဟီ ရုံးအပြင်ဘက်က ပန်းဆိုင်ကို စစ်ဆေးကြည့်ချင်မှာပဲ”
ဟီစုန်း အပြုံးလေး တံ့သွား၏။
လင်း တကယ်ပဲ တစ်ခုခုကို တွေ့ထားတာလား။
ရှန်ချန်းချန်းနှင့် ဟူတာချန်းတို့လည်း အံ့ဩကာ ကြည့်နေကြသည်။