← Chapters

သူက တကယ် အေးဂျင့်လား

Vol. 32 Ch. 469

သူက တကယ် အေးဂျင့်လား

Vol. 32 Ch. 469

“အဲ့လိုစကားမျိုးက မပြောသင့်ဘူးလေ”

လင်းချွမ်မှာ လျှို့ဝှက်ချက်ကြီးရှိနေသကဲ့သို့ အမြန် လက်ယမ်းပြ၍ စကားကို ပိတ်လေ၏။

သို့သော် ရှန်ချန်းချန်းမှာ ထိုလျှို့ဝှက်ချက်ကို မိထားသလို ပြုံးရွှင်ကာ

“အဲ့တော့ ရှင် တကယ်ပဲ အရင်က အဲ့အလုပ် လုပ်ဖူးတာလား”

“မဟုတ်တာ။ လုံးဝ မဟုတ်တာဗျာ”

လင်းချွမ် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ဒါဆို အမှန်အတိုင်း ပြောလေ။ အထူးအေးဂျင့်အနေနဲ့ လုပ်ဖူးလား”

“မလုပ်ဖူးပါဘူး”

လင်းချွမ် ရိုးသားသော မျက်နှာလေးဖြင့် ပြန်ဖြေ၏။

သူ ပုံရိပ်ယောင်လောက၌သာ ခဏ ပါဝင်ဖူးပြီး အပြင်၌ တစ်ခါမှ မထမ်းဆောင်ဖူးပေ။

ရှန်ချန်းချန်း သူ့ကို စိုက်ကြည့်ကာ

“မယုံပါဘူး။ ရှင့်ပရိသတ်အနေနဲ့ ထိပ်တန်းအေးဂျင့်ကို ဒီညအသေးစိတ် ပြန်ဖတ်ပြီး တကယ့် အထူးအေးဂျင့်လား။ ဘယ်သူ့ဆီမှာ လုပ်နေလဲဆိုတာ ဖော်ထုတ်ပြမယ်”

“ရဲမေရှန် စကားတွေ အရမ်းမများနဲ့တော့နော်။ မြန်မြန် စားလိုက်ဦး။ ဟင်းတွေ အများကြီးပဲ။ ကျွန်တော် တစ်ယောက်တည်း စားလို့မနိုင်ဘူး”

လင်းချွမ် စားပွဲပေါ်မှ ဟင်းများကို လက်ညှိုးထိုးရင်း စကားလမ်းကြောင်း လွှဲ၏။

ရှန်ချန်းချန်းမှာ ဖူးပွင့်ခါစ ပန်းကလေးကဲ့သို့ နူးညံ့စွာ ပြုံးလျက် ကြည့်နေသည်။

သူ လင်းချွမ်ကို စနောက်ရသည်မှာ အပျော်ရွှင်ဆုံး ဖြစ်လေ၏။

ထမင်းစားပြီးသောအခါ။

ရှန်ချန်းချန်းမှာ ဗိုက်ပြည့်ပြည့် မပြည့်ပြည့် အလွန် ပျော်ရွှင်လျက် တောက်ပစွာ ပြုံးနေသည်။

“ထမင်းလိုက်ကျွေးတာ ကျေးဇူးပါဗျာ”

လင်းချွမ် သူ့ဗိုက်ကိုပုတ်လျက် ကျေနပ်စွာ ပြောလေ၏။

“သွားရအောင်လေ”

ရှန်ချန်းချန်း လင်းချွမ်အား လင်းကျန်အဆောက်အဦသို့ ဝင်ပို့၍ အမှောင်ထုထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

လင်းချွမ်လည်း ရယ်မော၍ အထဲ ဝင်သွားလိုက်၏။

ရှန်ချန်းချန်းအနေဖြင့် ထိပ်တန်းအေးဂျင့်ကို အသေးစိတ်ဖတ်ကာ ဖော်ထုတ်မည်ဟူသော စကားမှာ အလကား မဟုတ်ပေ။

သူ အိမ်ရောက်သည်နှင့် ကုတင်ပေါ် လှဲလျောင်းကာ အေးအေးဆေးဆေး ဖတ်လေ၏။

အမှန်တော့ သူ ထိုစာအုပ်ကို ဖတ်သည်မှာ (၃) ကြိမ်မြောက် ရှိလေပြီ။

သို့သော် အဟောင်းကိုဖတ်၍ အသစ်ကို ရှာဖွေပါ ဟူသည့် ဆိုရိုးရှိသည့်အတိုင်း ထပ်ခါထပ်ခါ ဖတ်ရင်း ခံစားချက်အသစ်ကို ရ၏။

‘အမည်: မစ္စတာလင်း’

‘အသက်: (၂၄)’

‘လိင်အမျိုးအစား: ကျား’

‘ကုဒ်အမည်: လင်းယုန်’

‘ဌာန: လုံခြုံရေး ဗျူရို’

‘အဆင့်: SSS’

‘…’

လင်းချွမ်၏ ပုံရိပ်ယောင်လောက အတွေ့အကြုံတိုင်းကို တစ်ခုပြီးတစ်ခု ဝတ္ထုအဖြစ် တွေ့မြင်ရပါသည်။

ပြတင်းပေါက်အပြင်ဘက်မှ ညရှုခင်းသည် လွမ်းဆွေးစရာ ကောင်း၏။

ညလေမှာ တောင်ဘက်သို့ တိုက်ခတ်လာပြီး သူ့အခန်းထဲအထိ ဝင်ရောက်လာသည်။

“ချန်းချန်း ဘာတွေ ငေးနေတာလဲ”

ထိုစဉ် ညအိပ်ဝတ်စုံလေး ဝတ်ဆင်ထားကာ ခေါင်းလျှော်ပြီး ထွက်လာသော ရှချင်းချင်းမှ ဆံပင်ကို သဘက်ဖြင့် ခပ်ဖွဖွသုတ်ရင်း ရောက်လာသည်။

ယခုတစ်လော သူတို့ အတူ နေနေကြ၏။

ဖုန်းမှ အဝါရောင်အလင်းသည် ရှန်ချန်းချန်းမျက်နှာ၌ ဟပ်နေပြီး သေချာအာရုံစိုက်နေသောကြောင့် လှမ်းမေးလိုက်ခြင်း ဖြစ်သည်။

ထိုအခါ ရှန်ချန်းချန်း ဖုန်းကိုပိတ်၍ ဘေးချလျက် ရှချင်းချင်းထံမှ သဘက်လှမ်းယူ၍ သုတ်ပေးရင်း ရှင်းပြသည်။

“လင်းချွမ်တစ်ယောက် အထူးအေးဂျင့်တွေအကြောင်းကို ဘယ်ကနေ အဲ့လောက် သိတာလဲလို့။ သူ့အရေးအသားက တကယ် မိုက်တယ်”

ရှချင်းချင်း ရယ်မောလျက်

“သူကတော့ ရှာထားတယ်ပဲ ပြောမှာပဲ”

ရှန်ချန်းချန်းပါ အတူလိုက်ရယ်မိသည်။

“နောက်တစ်ခု ဆက်ပြောမှာက စာရေးဆရာတိုင်း အချက်အလက် ရှာဖွေတဲ့နေရာမှာ ဆရာကြီးလို့။ စာရေးဆရာတွေ မရှာနိုင်တာ မရှိဘူးတောင် ပါဦးမယ်။ ချင်းချင်း နင် ယုံလား”

“ဘယ်လိုထင်လို့လဲ”

ရှချင်းချင်း သူ့ကို မျက်နှာမူလိုက်ပြီး အရှေ့ဆံပင်များ သုတ်နိုင်ရန် ခေါင်းအနည်းငယ် ငုံ့ပေးလိုက်သည်။

ရှန်ချန်းချန်း ခေါင်းယမ်းလျက်

“အဲ့လိုစကားက (၃) နှစ်သား ကလေးမကိုပဲ သွားပြောလို့ ရမယ်။ နင်က ဆိုက်ဘာရဲလေ။ နင်တောင် မရှာနိုင်တဲ့ဟာကို”

“သူ တကယ်ပဲ အထူးအေးဂျင့်ဆိုရင်ရော”

ရှချင်းချင်း ရုတ်တရက် ထပြောသည်။

ရှန်ချန်းချန်းလည်း ဆံပင်သုတ်နေသည်ကို ရပ်ကာ မျက်မှောင်ကြုတ်လျက်

“သူ တကယ်ဆိုရင် ငါတို့ချင်း ပူးပေါင်းပြီး ဖမ်းရမှာပေါ့”

ရှချင်းချင်း သဘက်ကိုယူကာ ဘေးတွင် လှန်းပြီးနောက် ဘီးဖြင့် အသာဖြီးရင်း

“ငါလည်း ထိပ်တန်းအေးဂျင့်ကို ဖတ်ပြီးပြီ။ အဲ့ထဲမှာ ပါတဲ့အမှုတွေက အရမ်းလက်တွေ့ဆန်ပေမဲ့ မစိုးရိမ်ပါနဲ့။ သူ့ရဲ့ ဟက်ကာ အရည်အချင်းနဲ့ဆိုရင် တကယ် အချက်အလက်တွေ ရှာထားတာလည်း ဖြစ်နိုင်တာပဲ”

ရှန်ချန်းချန်း မျက်မှောင်ကြုတ်လျက် နေ့လယ်ကကိစ္စကို ပြန်သတိရသွားသည်။

“ချင်းချင်း နင် မသိလိုက်တာ။ ဒီနေ့လယ်ကလေ မူးယစ်နှိမ်နင်းရေးဌာနမှာ အချက်အလက်ပေါက်ကြားတဲ့ကိစ္စလည်း ကူညီခဲ့သေးတယ်”

ရှချင်းချင်း စိတ်ဝင်စားသွားပြီး

“ဒီတစ်လော ခိုးနားထောင်ခံရလို့ဆိုပြီး ပြဿနာတက်တဲ့ဟာလား”

“ဟုတ်တယ်”

ရှန်ချန်းချန်း ခေါင်းငြိမ့်ပြ၏။

ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ တစ်ဦးအနေဖြင့် အဖြစ်အပျက် အစအဆုံးကို ပြန်ပြောပြလိုက်သည်။ အမှုမှာ ရဲများ၏ အတွင်းရေး ဖြစ်သော်လည်း ရှချင်းချင်းမှာ ရဲဝန်ထမ်းတစ်ဦးပင် ဖြစ်သောကြောင့် ဥပဒေ မချိုးဖောက်မိပေ။

ရှချင်းချင်း နားထောင်ရင်း မှင်တက်နေ၏။

သူ အိပ်ရာပေါ် ခြေချိတ်ထိုင်ရင်း လက်ပိုက်ကာ နားမလည်နိုင် ဖြစ်နေသည်။

“နင်ပြောတဲ့ပုံအရ သူက တကယ့် အေးဂျင့်ဟောင်းလိုပဲနော်”

“တူတယ်မလား”

ရှန်ချန်းချန်း ထောက်ခံရင်း

“အဲ့လူက ကိရိယာရှာတာ တော်ရုံပဲ မဟုတ်လို့ပေါ့။ မဟုတ်ရင် အထူးအေးဂျင့် သံသယရှိသူဆိုပြီး သေနတ်နဲ့တောင် အပစ်ခံရလောက်တယ်”

“အဲ့လိုဖြစ်တဲ့အထိ လွှတ်ထားမှာမို့လို့လား”

ရှချင်းချင်းမှ စနောက်လိုက်သည်။

“ငါက အရေးလား။ အဲ့လိုသာ ဖြစ်သွားရင် နင် အရင်ဆုံး ငိုနေမှာမလား”

ရှချင်းချင်း လှဲချလိုက်ပြီး ရယ်မောကာ

“မငိုမှာတော့ သေချာတယ်။ ဘာလို့လဲဆိုတော့ နင် သူ့ကို သေတဲ့အထိ ပစ်မထားမှာ သေချာတယ်လေ”

နှစ်ယောက်သား ရယ်မော နောက်ပြောင်ရင်း ရှချင်းချင်း တစ်ခုခုကို သတိရကာ အမူအရာ ပြောင်းသွားသည်။

“ဘာလို့လဲ”

ရှချင်းချင်း ပြန်ထထိုင်၍ လေးနက်စွာဖြင့်

“လင်းချွမ်ရဲ့ နိုင်ငံခြားပရိသတ်တွေနဲ့ ဆက်သွယ်နိုင်တဲ့ ဖိုရမ်လေ။ မြေအောက်ကမ္ဘာဆိုတာ မှတ်မိလား”

All Chapters