လုံခြုံရေး တောင်းမယ်
Vol. 32 Ch. 470
ရှန်ချန်းချန်း ခေါင်းအမြန်ငြိမ့်ပြ၍
“မှတ်မိပြီ။ အဲ့တာ ဘာလို့လဲ”
“ဒီပုံကို ကြည့်ကြည့်”
ရှချင်းချင်း ဖုန်းထဲမှ ပုံတစ်ခုကို ပြလိုက်သည်။
ပုံထဲတွင် အချက်အလက်အချို့ ပါဝင်ပြီး ရှန်ချန်းချန်း တုန်လှုပ်သွားမိသည်။
သူ့မျက်စိသူ မယုံနိုင်ဘဲ ဖုန်းကို အနီးကပ်ယူကြည့်ကာ အကျယ်ထပ်ချဲ့လိုက်သေး၏။
ထို့နောက် သုညများကို လက်လေးဖြင့် ရေတွက်နေလေသည်။
“ဒေါ်လာ (၁၀) သန်း”
သူ မျက်မှောင်ကြုတ်သွား၏။
“BM ဝက်ဘ်ဆိုဒ်မှာ တင်ထားတာဆိုပြီး မြေအောက်ကမ္ဘာဖိုရမ်မှာ ပေါ်လာတာပဲ”
ရှချင်းချင်းမှ ရှင်းပြလေသည်။
“BM ဝက်ဘ်ဆိုဒ်ဆိုတာ ဘာလဲ”
ရှန်ချန်းချန်း ထိုအကြောင်း လုံးဝ မကြားဖူးပါ။
“လုပ်ကြံသူတွေစုနေတဲ့ ဝက်ဘ်ဆိုဒ်လို့ပဲ မှတ်ထားပါ။ အမှောင်လောကထဲမှာ နာမည်ကြီးတဲ့ဟာပေါ့။ တစ်ကမ္ဘာလုံးက လုပ်ကြံသူတွေစုပြီး ကြေး အဆင်ပြေရင် ဘယ်တာဝန်မဆို မဖြစ်နိုင်တာ မရှိတော့ဘူး”
ဆိုက်ဘာရဲတစ်ဦးအနေဖြင့် ရှချင်းချင်း အတော်အသင့် ဗဟုသုတ ရှိပါသည်။
သူ အစတည်းက ဝက်ဘ်ဆိုဒ်များကို လေ့လာရင်း လုပ်ဖော်ကိုင်ဖက်များထံမှ မေးမြန်းထားခဲ့၏။
ရှန်ချန်းချန်း မျက်မှောင်ကြုတ်လျက် သူ့ကို ငေးကြည့်ကာ
“ဒီစာက တကယ်ကြီးလား”
ရှချင်းချင်း ခပ်ဖြည်းဖြည်း ခေါင်းငြိမ့်ပြ၍
“အစစ်ဖြစ်ဖို့တော့ များတယ်”
ဘုရားရေ။
ချမ်းမြသော ဆောင်းရာသီညတွင် လေအေးများ တစ်ဝက်ပွင့်နေသော ပြတင်းပေါက်မှတစ်ဆင့် ဝင်လာပြီး လိုက်ကာကို တဖျတ်ဖျတ် လူးလွင့်နေစေသည်။
ရှချင်းချင်း၏ စိုထိုင်းထိုင်းဆံနွယ်များပင် ဝဲပျံနေ၏။
ရှန်ချန်းချန်း လေအေးကြောင့်လား မပြောတတ်။ လက်ပိုက်ထားရင်း ကြက်သီးများထကာ အခန်းထဲ အေးစိမ့်လာသလို ခံစားရသည်။
“ဒီလို ထုတ်ပြန်စာနဲ့ဆိုရင် လင်းချွမ် အန္တရာယ်ရှိနေပြီ မဟုတ်ဘူးလား”
ရှန်ချန်းချန်း စိုးရိမ်စွာ ပြော၏။
“ဒီလောက်များတဲ့ကြေးနဲ့က ငါသာ လုပ်ကြံသူဆိုလည်း စိတ်ယိုင်မှာပဲ”
ရှချင်းချင်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ရေရွတ်မိသည်။
“ချင်းချင်း ဒါကို ဘယ်သူတင်ထားလဲ ရှာလို့ရလား”
ရှချင်းချင်း ခေါင်းယမ်း၍
“အဲ့တာတော့ မလွယ်ဘူးဟ။ BM ဝက်ဘ်ဆိုဒ်က မူရင်းစာလည်း ပြန်ဖျက်သွားပြီ။ ကြည့်ရတာ လုပ်ကြံသူ ရသွားပြီထင်တယ်”
ရှန်ချန်းချန်း သက်ပြင်းသာ ချမိတော့၏။ သူတို့ စေခိုင်းသူကို ရှာနိုင်လျှင် အားလုံး ဖြေရှင်းပြီးလေပြီ။
“ချန်းချန်း အရမ်းတော့ မစိုးရိမ်ပါနဲ့”
ရှချင်းချင်းမှ ပြန်နှစ်သိမ့်လိုက်သည်။
“ဘယ်လိုလုပ် မစိုးရိမ်ဘဲ နေမှာလဲ”
ရှန်ချန်းချန်း ခံစားချက်များ ဖုံးကွယ်မထားနိုင်တော့ပေ။
ရှချင်းချင်းမှ ပုံကို လက်ညှိုးထိုးပြ၍
“သေချာကြည့်ကြည့်။ အရှင်ဖမ်းခိုင်းတာလေ။ အဲ့တော့ လင်းချွမ်အနေနဲ့ ဝတ္ထုတွေ အများကြီး ရေးပြီး အမှုတွေလည်း ဖြေရှင်းဖူးတာပဲ။ ဒီလောက်ကတော့ အပျော့ပါ”
ရှန်ချန်းချန်း ရုတ်တရက် မှင်တက်နေပြီးမှ နေရခက်စွာဖြင့်
“သူက ဝတ္ထု ရေးထားတာပဲ ရှိတာလေ။ တကယ် လုပ်ကြံသူမှ မဖြစ်ဖူးတာ”
“စာတောင် ရေးနိုင်မှတော့ အနည်းဆုံး သူ အချက်အလက်တွေ ရှာထားရမှာပဲ။ ငါလည်း သူ့ကိုပြပြီး သတိပေးထားပါတယ်”
ရှချင်းချင်း ချော့၍ ပြောနေ၏။
“သူ ဘာပြန်ပြောလဲ”
“သိပြီးသားတဲ့”
“နောက်တော့ရော”
“ဒါပဲလေ”
“ဒါပဲလား”
ရှန်ချန်းချန်း မျက်လုံးလေးပြူးကာ နားမလည်နိုင် ဖြစ်နေသည်။
“ငါလည်း သိပ်တော့ နားမလည်ပေမဲ့ သူ အကုန်သိလို့ စီစဉ်ထားပြီးပြီ ထင်ပါတယ်”
“ကလေးဆန်လိုက်တာ”
ရှန်ချန်းချန်း စိတ်လည်းပူ၊ စိတ်လည်းတို ဖြစ်နေ၏။
“ဟိုဘက်က ထိပ်တန်း လုပ်ကြံသူဆိုရင် ဘယ်လိုလုပ်မလို့လဲ”
ကျားဖြန့်စက်ရုံ၌ တိုက်ခိုက်ခဲ့သည်မှာ သာမာန် လူမိုက်များသာ ဖြစ်၏။
ရှန်ချန်းချန်း ရဲဝန်ထမ်းတစ်ဦးအနေဖြင့် လုပ်ကြံသူများအကြောင်း များစွာ ကြားဖူးလေသည်။
ရဲသင်တန်းတွင်လည်း သင်ခဲ့ဖူးပြီး ကျွမ်းကျင်အဆင့်များမှာ နောက်စရာမဟုတ်ပေ။
လုပ်ကြံသူများမှာ တာဝန်အစအဆုံး မျက်နှာ မဖော်ပြဘဲ လူမသိသူမသိ ဆောင်ရွက်ကြ၏။
သူ့ဆရာ သင်ပေးထားသည်ကို မှတ်မိပါသေးသည်။
ထိပ်တန်းလုပ်ကြံသူအချို့ နာမည်များ ပြောပြထားပြီး တစ်ယောက်တည်း လုံးဝ မလှုပ်ရှားရန် ဖြစ်၏။
“လင်းချွမ် အဲ့လိုထဲက တစ်ယောက်ယောက်နဲ့ တွေ့ရင် ဘယ်လိုလုပ်ကြမလဲ”
ရှန်ချန်းချန်းမှာ တွေးလေလေ စိုးရိမ်လေလေ ဖြစ်လေ၏။ လင်းချွမ် ညမိုးချုပ်မှ အိမ်ပြန်သွားခြင်းသာ မဟုတ်လျှင် သူ အခုချက်ချင်း ရှချင်းချင်းကိုခေါ်ကာ ပြန်လိုက်သွားလောက်သည်။
ထိပ်တန်း လုပ်ကြံသူကြီးများနှင့် ရင်ဆိုင်ရမည့် လင်းချွမ်၏ နောက်ဆက်တွဲကို တွေးပင် မတွေးရဲပေ။
တကယ်သာ ကြုံလျှင် သူ လုံးဝ ခုခံနိုင်မည် မဟုတ်တော့။
“အဲ့လို နာမည်ကြီးတွေ ရှိတာလား”
ရှချင်းချင်း မျက်မှောင်ကြုတ်၍ မေးလိုက်၏။
ထို့နောက် ရှန်ချန်းချန်းမှ သိသလောက် ပြန်၍ ရှင်းပြပေးလေသည်။
ရှချင်းချင်းသည် လင်းချွမ်အား အလွန် ယုံကြည်ကာ လုံးဝ မစိုးရိမ်မိပေ။
သို့သော် ယခုလို ရှန်ချန်းချန်းစကားကြားမှ စ၍ စိတ်ပူသွား၏။
တကယ် ကြောက်စရာကောင်းတာပဲ။
“လင်းချွမ်ကို (၂၄) နာရီအကာအကွယ်ချဖို့ တောင်းကြည့်ရမလား”
ရှချင်းချင်း တုန်လှုပ်လျက် ပြောသည်။
ရှန်ချန်းချန်းလည်း ခေါင်းတဆတ်ဆတ် ငြိမ့်လျက်
“ဒီအခြေနေအကြောင်း အဖွဲ့မှူးကို ပြောထားလိုက်မယ်”
ထို့နောက် သူ ချက်ချင်း စိတ်ပြောင်းကာ ကျန်းပြောင်အား တိုက်ရိုက် ပြောလိုက်သည်။
ပုံမှန်အားဖြင့် သူ အဆင့်ကျော်၍ တင်ပြလေ့ မရှိသော်လည်း ဒါရိုက်တာကျန်းမှာ လင်းချွမ်နှင့် ပတ်သက်လျှင် သူ့ကို ချက်ချင်း ဆက်သွယ်ရန် မှာထား၏။
တီ တီ တီ…
ဖုန်းမြည်သံ ထွက်ပေါ်လာသည်။
ခေါ်ဆိုသူ: ကျန်းရှင်းရှင်း။