← Chapters

အလကား စိတ်လှုပ်ရှားမိတာပဲ

Vol. 32 Ch. 473

အလကား စိတ်လှုပ်ရှားမိတာပဲ

Vol. 32 Ch. 473

ဆောင်းညတစ်ခု၊ လင်းကျန် အဆောက်အဦ။

ခြံထဲတွင် လရောင်မှာ နူးညံ့စွာ ကျရောက်နေပြီး ရေတံခွန်အတုလေးမှ ငွေရည်များ ကျဆင်းနေသည်။

ကန်ငယ်ထဲမှ ငါးလေးများမှာလည်း ဟိုခုန် ဒီခုန် ကူးနေသောကြောင့် ရေပွက်များ တစီစီ ထနေလေ၏။

လင်းချွမ် အရင်အတိုင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း ဝင်လာသည်။

ကျောက်တုံးငယ်လေးများ ခင်းထားသော လမ်းလေးပေါ် လျှောက်လာရင်း ဘေးတွင် အပင်ငယ်လေးများ တန်းစီ စိုက်ထားသည်အား တွေ့ရ၏။

သူ ကျန်းနှင့်အတူ ထိုလမ်းလေးကို ဖြတ်လျှောက်၍ အိမ်သို့ပြန်လေ့ ရှိပါသည်။

“ဒီည မီးရောင်တွေ အားနည်းလိုက်တာ”

လင်းချွမ်မှာ အချိန်မရွေး လုံးဝပြတ်တောက်သွားနိုင်သည့် လမ်းမီးတိုင်ကို မော့ကြည့်ရင်း ရေရွတ်မိသည်။

ဒီနေ့ပဲ ပျက်သွားတာ ထင်တယ်။ ပြုပြင်ရေးဌာနကလည်း လာမပြင်သေးဘူး။

လင်းချွမ် ခဏရပ်သွားပြီး ဘယ်ဘက်ကိုကြည့်လိုက်သောအခါတွင်လည်း မီးရောင်မှာ မှိန်နေ၏။

ထို့ကြောင့် လရောင်အောက်တွင် လင်းချွမ်၏ ဘယ်ဘက်ခြမ်းမှာ ညာဘက်ထက် မှောင်နေလေသည်။

သူ မျက်မှောင်ကြုတ်လိုက်မိ၏။

သူ အမြဲသတိထားလေ့ရှိသော်လည်း ပိုင်ရှန်အုပ်စုမှ လုပ်ကြံစာကို တွေ့ထား၍ ပိုသတိထားနေလေသည်။

အနည်းငယ် ပြောင်းလဲမှုကိုပင် အာရုံစိုက်မိ၏။ တစ်စုံတစ်ဦး ခိုးကြည့်နေမိမည်ကို ထည့်တွေးရပါသည်။

လင်းချွမ် စိုးရိမ်စိတ်များ ပိုမြင့်တက်လာ၏။

အေးဂျင့်နှင့် လုပ်ကြံသူအဖြစ် အတွေ့အကြုံများ ရှိသောကြောင့် ယခုအခြေအနေမှာ အလစ်ဝင်တိုက်ခိုက်ရန် အကောင်းဆုံး ဖြစ်နေသည်။

သစ်ပင်ကြီးများကို ကွယ်၍ အလျင်အမြန် တိုက်ခိုက်နိုင်လျှင် သိပ်မခက်ခဲလှပေ။

တိုက်လုံခြုံရေးများကိုတော့ သူ သိပ်အားမကိုးပါ။

ဒေါ်လာ (၁၀) သန်း ပေးထားသည့် လုပ်ကြံသူမျိုးကို ရဲများ ရောက်လာလျှင်ပင် ထိန်းရန် မလွယ်လှချေ။

လုပ်ကြံသူ လောက၌ လက်နက်နှင့် ကိုယ်ခံပညာ တိုက်ခိုက်ခြင်းတို့မှာ လူတိုင်းတတ်သည့် အနိမ့်ဆုံးစွမ်းရည်ဖြစ်လေသည်။

ထိုအချိန်တွင် လင်းချွမ် မျက်မှောင်ကြုတ်မိပြီး ပတ်ဝန်းကျင်ကို လေ့လာရင်း စိတ်ကိုပြင်ဆင်၍ ဆက်လျှောက်လာသည်။

တစ်ယောက်ယောက် လှုပ်ရှားလာလျှင် အမြန်ဆုံးနှင့် အင်အားအကောင်းဆုံး ပြန်တိုက်ခိုက်ရမည် ဖြစ်၏။

သတိထားနေသော်လည်း ပြင်းပြသော စိတ်ဆန္ဒလည်း ရှိနေသည်။

သူ ပုံမှန်ဘဝကို လိုချင်ခဲ့သော်လည်း ပိုင်ရှန်အုပ်စု၏ ထုတ်ပြန်စာကို တွေ့သောအခါ ရင်ထဲမှ ဆန္ဒမီးတောက်လေး ပြန်တောက်လာ၏။

သူ ပိုင်ရှန်အုပ်စုနှင့် ရင်ဆိုင်ရုံသာမက ထိပ်တန်း လုပ်ကြံသူကိုလည်း တွေ့ချင်မိ၏။

သူ တစ်ခုခုကို စိန်ခေါ်ချင်နေပါသည်။

ပုံရိပ်ယောင်လောကတွင်တော့ သူသည်သာ ထိပ်တန်းလုပ်ကြံသူ ဖြစ်ခဲ့သည်။

သို့သော် လက်တွေ့ဘဝ၌ တစ်ခါမှ မစမ်းနိုင်သေးပေ။

ယခုတစ်ခေါက်တွင်တော့ သူ့အဆင့်ကို ဆန်းစစ်နိုင်လောက်လေပြီ။

သို့သော် စိတ်ပျက်လက်ပျက်ဖြင့်သာ သက်ပြင်းချလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ထူးခြားချက် တစ်စုံတစ်ရာ မရှိဘဲ လမ်းကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့၍ပင်။ လူမဆိုထားနှင့်၊ ကြွက်တစ်ကောင်၏ အမြီး၊ အရိပ်မျှပင် မတွေ့ရချေ။

လင်းချွမ် ရယ်မော၍ ခေါင်းယမ်းကာ

“အလကားနေရင်း စိတ်လှုပ်ရှားမိတာပဲ”

ထို့နောက် ပင်မဂိတ်ကြီးကိုဖြတ်ကာ ဓာတ်လှေကားဆီ ရောက်သွား၏။

ဓာတ်လှေကားမှာ နှစ်ခုရှိပြီး ညာဘက်တစ်ခုမှာ နေ့လယ်တည်းက ပျက်နေသောကြောင့် ပြုပြင် ထိန်းသိမ်းရေးဌာနသို့ အကြောင်းကြားပြီးလေပြီ။ လက်ရှိတွင် ဝန်ထမ်းများ လာရောက် ပြုပြင်ဆဲ ဖြစ်သောကြောင့် ညာဘက်ဓာတ်လှေကားအား အသုံးမပြုနိုင်သေးပေ။

ဓာတ်လှေကားတစ်ခုတည်း ဖြစ်၍ အတော်ကြာအောင် စောင့်နေရသည်။

ကံကောင်းစွာဖြင့် (၂၆) လွှာမှ ဆင်းလာလက်စနှင့် ကြုံလေသည်။

လင်းချွမ် စောင့်ဆိုင်းရင်း ကျန်းအား စာပြန်ပို့နေ၏။

ကျန်း သူ့ကို ဘယ်ရောက်နေပြီလဲဟု မေးခြင်း ဖြစ်သည်။

လင်းချွမ် သူ့ကိုယ်သူ ဓာတ်ပုံရိုက်၍

“မြေညီထပ်မှာ ဓာတ်လှေကားစောင့်”

“အိုခေပါ။ ပြန်ရောက်ရင် နှိပ်ပေးမယ်နော်။ တစ်နေကုန် ပင်ပန်းသွားပြီ”

ကျန်းမှ ဝမ်းသာပျော်ရွှင်စွာ ပြော၏။

“ကောင်းလိုက်တာ”

လင်းချွမ် ပြုံးရွှင်နေလေသည်။

ထိုအချိန်တွင် ဓာတ်လှေကားမှာ (၅) လွှာသို့ ရောက်နေလေပြီ။

၄၊ ၃၊ ၂၊ ၁။

ကြားထဲတွင် မရပ်တော့ဘဲ မြေအောက်ထပ်အထိ တောက်လျှောက် ဆင်းသွား၏။

ဒင်!

ခဏကြာမှ မြေညီထပ်သို့ ပြန်တက်လာသည်။

လင်းချွမ် ဖုန်းကို အိတ်ကပ်ထဲ ထည့်သိမ်းလိုက်ပြီး ဓာတ်လှေကားထဲ ဝင်လိုက်သည်။ အထဲတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပါလာပြီး ဘား သို့ ပါတီတစ်ခုခုမှ ပြန်လာပုံ ရပါသည်။ ဓာတ်လှေကားထဲ၌ အရက်နံ့တထောင်းထောင်း ထနေ၏။

လင်းချွမ် အသက်အောင့်ကာ မျက်မှောင်ကြုတ်လျက် (၃၀) ကို နှိပ်လိုက်သည်။

သူထိုအမျိုးသမီးကို မှတ်မိပါသည်။ (၃၂) လွှာမှ ဖြစ်၏။

အမျိုးသားကိုတော့ တိုက်တွင် တစ်ခါမှ မတွေ့ဖူးချေ။

သူ ကွက်ကြည့် ကွက်ကြည့် လုပ်နေမိသည်။

အမျိုးသမီးမှာ အရက်ကြောင့် မျက်နှာလေး ရဲနေပြီး သူ့ကို ရှိသည်ဟုပင် သဘောမထားပေ။

ဘေးမှ အမျိုးသားကို မှီထားရင်းမှ နက်ခ်တိုင်ကို လှမ်းဆွဲကာ နမ်းနေကြလေသည်။

သူတို့ ဆက်ဆံရေးမှာ ပြင်းရှ၏။

အမျိုးသားမှာ အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားပြီး လင်းချွမ်နှင့် အရပ်အတူတူမျှရှိကာ ခပ်ချောချော ဖြစ်သည်။ ကုတ်အင်္ကျီအောက်မှ ဗလများမှာတော့ မဖုံးကွယ်ထားနိုင်ပေ။

လင်းချွမ်မှာတော့ အနည်းငယ် သွယ်သည့်ထဲ ပါသည်။

အမျိုးသားလည်း အရက်သောက်ထားပုံ ပေါ်ပြီး ကော်လံတွင် အရက်ကွက် စွန်းနေ၏။ မျက်လုံးပြာပြာ၊ နှာတံမြင့်မြင့်နှင့် ထိုလူသည် အမျိုးသမီး၏ခါးကို တင်းကြပ်စွာ ဖက်ထားလေသည်။

All Chapters