← Chapters

မထွက်ဘူးလား

Vol. 32 Ch. 474

မထွက်ဘူးလား

Vol. 32 Ch. 474

လင်းချွမ် အထဲဝင်လာသော်လည်း သူ့ကို ရှိသည်ဟုပင် မအောက်မေ့ကြပေ။

လင်းချွမ် မျက်မှောင်ကြုတ်သွားမိ၏။

ဓာတ်လှေကား ပိတ်သွားကာ အပေါ် တက်သွားလေပြီ။

ကျဉ်းမြောင်းပိတ်လှောင်နေသော အခန်းလေးထဲတွင် လင်းချွမ်တစ်ယောက် ထောင့်ကပ်၍ နံရံကို ကျောပေးကာ ညာဘက်လက်အား အိတ်ကပ်ထဲ ထည့်ထားသည်။

ဘေးမှ စုံတွဲမှာတော့ အတော်လေး သရုပ်ပျက်နေကြသည်။

ဓာတ်လှေကားမှာ တစ်လွှာချင်း အဆက်မပြတ် တက်သွားပြီး လင်းချွမ်မှာ တုတ်တုတ်မျှ မလှုပ်ပေ။

သို့သော် စုံတွဲ (၂) ဦးသာ အချင်းချင်း ဖမ်းစားမတတ် ရှုပ်ထွေးနေကြသည်။

တစ်ခါတစ်ရံ သူ လှမ်းကြည့်ရင်း အမျိုးသားနှင့် အကြည့်ချင်း ဆုံသွား၏။ သို့သော် တစ်ခဏသာဖြစ်ပြီး ကြာကြာ စိုက်မကြည့်နိုင်ပေ။

(၂၇)၊ (၂၈)၊ (၂၉)။

ဒင်!

အထပ် (၃၀) သို့ ရောက်ရှိလေပြီ။

သူ အပြင်ထွက်ရန် ပြင်လိုက်သော်လည်း မထွက်တော့ဘဲ နောက်ပြန်ဆုတ်လိုက်သည်။

“ဟေ့လူ”

ဓာတ်လှေကားထဲမှ လူသည် အင်္ဂလိပ်သံ ပီပီသသဖြင့် ထအော်သည်။

လင်းချွမ် သူ့ကို စိတ်ဝင်တစား ကြည့်နေ၏။ သူတို့နှစ်ဦး၏ တရားဝင် အကြည့်ချင်းဆုံခြင်း ဖြစ်လေသည်။

ထိုလူ၏ မျက်လုံးများမှာ မူးယစ်ရီဝေနေပုံ မပေါ်သလို၊ ရမ္မက်အခိုးအငွေ့လည်း မရှိပေ။

လင်းချွမ် ဘာမှမပြောဘဲ တစ်ဖက်မှ အပြောကို စောင့်နေ၏။

ထိုလူ မျက်မှောင်ကြုတ်နေလေသည်။

ခရိုနေး ဖြစ်လေ၏။

သူ လင်းချွမ်အထွက်ကို စောင့်နေပြီး ထိုအချိန်တွင် လှုပ်ရှားရန် အကောင်းဆုံး ဖြစ်ပေမည်။

သို့သော် ခရိုနေး၏လက်မှာ သူ့ခါးကို ရောက်နေလေပြီ။

လင်းချွမ်မှာ ခြေထောက်သာ ကြွလိုက်ပြီး ဓာတ်လှေကားအပြင်သို့ တကယ် မထွက်ခဲ့ပေ။ တစ်နည်း သူ့ကို ကျောပေးထားသော အခြေအနေ မရှိလိုက်။

လှည့်စားခြင်းတစ်မျိုးပင်။

လုပ်ကြံသူ (၂) ဦး ထိပ်တိုက် တွေ့လေပြီ။

ခရိုနေးမှ လင်းချွမ်ကို စိုက်ကြည့်၍

“ခင်ဗျား ဆင်းရမယ့်အထပ် ရောက်ပြီလေ။ (၃၂) ထပ် လိုက်ပြီး ကျွန်တော်တို့နဲ့ ပျော်မလို့လား”

လင်းချွမ် မျက်ခုံးပင့်မိ၏။

ထိုစကားကို အချို့ဝက်ဘ်ဆိုဒ်များ၌ ကြားဖူးပါသည်။

လင်းချွမ် ပြုံး၍

“အဲ့လို လုပ်လို့ရော ရလား”

ခရိုနေး လန့်သွားသည်။

သူ တမင်ပြောလိုက်ခြင်း ဖြစ်ပြီး လင်းချွမ် ထိုသို့ တုံ့ပြန်မည်ဟု မထင်ထားပေ။

စိတ်ဆိုးသလိုပုံဖြင့်

“ခင်ဗျား ဘာတွေ လျှောက်စိတ်ကူးယဉ်နေတာလဲ။ မြန်မြန် ထွက်သွား။ ငါတို့ကို လာမရှုပ်နဲ့”

“ဓာတ်လှေကားထဲ ခဏလောက် ဆက်နေရုံနဲ့တော့ လာရှုပ်တာ မဟုတ်ဘူးမလား”

လင်းချွမ် တည်ငြိမ်စွာ ပြန်ပြော၏။

အမျိုးသမီးမှာ ထိုလူ၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။

ဒင်!

ဓာတ်လှေကားတံခါး အလိုအလျောက် ပြန်ပိတ်၍ အပေါ်သို့ ဆက်တက်သွား၏။

(၃၂) ထပ်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားလေသည်။

တံခါး ပြန်ပွင့်လာ၏။

လင်းချွမ် ခရိုနေးကို ကြည့်နေပြီး ခရိုနေးလည်း လင်းချွမ်အား လှည့်ကြည့်သည်။ သူ အမျိုးသမီးကို တွဲလျက် ဓာတ်လှေကားထဲမှ ချက်ချင်း ထွက်မသွားသေးပေ။

ခရိုနေးအမူအရာမှာ တင်းမာ၍ စိတ်ထဲ၌ ရှုပ်ထွေးနေ၏။

သူ ယခု ဓာတ်လှေကားထဲမှ ထွက်သွားလိုက်လျှင် ဤည တာဝန် ကျရှုံးပေတော့မည်။

ထို့အပြင် သူ အရင် ထွက်သွားပါက အမျိုးသမီးကိုလည်း တွဲထားရသောကြောင့် လင်းချွမ်ကို ကျောပေးရမည် ဖြစ်၏။

လင်းချွမ် သူ့ကို သံသယဝင်နေသည်ဟု ထင်မိသည်။

သူ လင်းချွမ်တိုက်မှ အမျိုးသမီးကို မြှူဆွယ်ကာ ပြန်လာချိန် တိုက်ဆိုင်ရန် စီစဉ်၍ လှုပ်ရှားရန် တွေးထားခဲ့ပါသည်။

ဓာတ်လှေကားထဲ ဆုံကြပြီး လင်းချွမ် အထွက်တွင် အေးအေးဆေးဆေး တိုက်ခိုက်လျှင် ပစ်မှတ်ကို (၂) စက္ကန့်အတွင်း ရှင်းနိုင်လေပြီ။

သို့သော်။

လင်းချွမ်မှာ သူတွေးထားသလို ထွက်မသွားပေ။

သူကိုယ်တိုင် ဝါသနာပါ၍လား၊ ဝတ္ထုရေးရန် အတွေ့အကြုံလိုချင်၍လည်း မပြောတတ်ပေ။

အကယ်၍ လင်းချွမ်သာ သူ့ကို သံသယဝင်နေလျှင် ဓာတ်လှေကားထဲမှ ကျောပေး၍ ထွက်ရန် အန္တရာယ်များပါသည်။

ထို့ကြောင့် မည်သို့ဆက်လုပ်ရမည်မသိဘဲ ရှုပ်ထွေးနေ၏။

လုပ်ကြံသူသက်တမ်းတစ်လျှောက် ဤအခြေအနေမျိုး တစ်ခါမှ မကြုံဖူးပေ။

ယခု ထွက်သွားလျှင် တာဝန်ကျရှုံးမည့်အပြင် လင်းချွမ်အတွက် အခွင့်အရေး ဖြစ်သွားနိုင်သည်။

ဆက်နေလျှင်လည်း အကြောင်းပြချက် ပေးရဦးမည်။

ဓာတ်လှေကား ပြန်ပိတ်သွား၏။

အခြားအထပ်မှ ခေါ်ခြင်းလည်း မရှိသောကြောင့် (၃၂) တွင် ရပ်နေကြသည်။

ထိုစဉ် လင်းချွမ် ခရိုနေးအား ပြုံးကြည့်၍

“ခင်ဗျားအထပ် ရောက်ပြီလေ။ အိမ်ထဲ မဝင်ဘူးလား။ ဒီမှာ တိုက်ရိုက်ပြမလို့လား”

အမျိုးသမီးမှာ သတိပြန်ဝင်လာပုံရပြီး အထပ်ကို လှမ်းကြည့်ကာ ခရိုနေးအား ဆွဲ၍ ထွက်ရန် ပြင်သည်။

သို့သော် ခရိုနေးမှာ မလှုပ်မယှက်။

“အချစ် ရှင် မထွက်ချင်ဘူးလား…”

လင်းချွမ် စိတ်ဝင်စားစရာ မြင်ကွင်းကို ငေးကြည့်နေ၏။

ထိုလူ၏ပုံမှာ ထိပ်တန်း လုပ်ကြံသူနှင့် တူနေလေသည်။

မြွေမြွေချင်း ခြေမြင်သကဲ့သို့ ခံစားချက် ဖြစ်၏။

“အချစ် ကျွန်မအိမ် လိုက်ခဲ့လေ”

အမျိုးသမီးမှာ လင်းချွမ်ကို တစ်ချက်ကြည့်ပြီးမှ ခရိုနေးအား ပြောလိုက်သည်။

ထိုစဉ် ခရိုနေးမှာ အမျိုးသမီးကို လင်းချွမ်ထံ စောင့်တွန်းလိုက်လေ၏။

ဘုံး!

အပြင်လောကတွင်တော့ ဆောင်းညပီသစွာ တိတ်ဆိတ်၍ အေးချမ်းနေသည်။ လမ်းပေါ်တွင် လူရှင်းကာ လမ်းဘေးခွေးအချို့ ဟောင်သံ အနည်းငယ်သာ ကြားရ၏။ ခြံထဲမှ သစ်ပင်၊ ပန်းမာန်များမှာတော့ လေတိုက်တိုင်း တရိပ်ရိပ် လှုပ်ရှားနေသည်။

All Chapters