← Chapters

ပြေးမလို့လား

Vol. 32 Ch. 476

ပြေးမလို့လား

Vol. 32 Ch. 476

အမျိုးသမီးမှာ ထိုသို့ တိုက်ခိုက်မှုများအား ရုပ်ရှင်ထဲ၌ တွေ့ဖူးသော်လည်း ယခု အခြေအနေမှာမူ သေစေနိုင်သည်အထိ အန္တရာယ်များ၏။

သေနတ်။

သေနတ်လည်း ပါနေသည်။

ရုတ်တရက် အိပ်မက်မက်နေသကဲ့သို့ ထင်မိသော်လည်း ချက်ချင်း အသိစိတ်ပြန်ဝင်လာ၏။

တကယ့် အစစ်ပဲ။

သူ့အရှေ့တွင် အမျိုးသားနှစ်ဦး အပြင်းအထန် တိုက်ခိုက်နေကြပြီး ကြောက်လန့်တုန်ရီနေသည်။ နောက်ဆုံး ပြေးပေါက်မရှိတော့မည့်အတူ ဓာတ်လှေကားထောင့်နားတွင် ကုပ်ကုပ်လေး ထိုင်ရင်း စောင့်ကြည့်နေ၏။ သူ့ကို နှုတ်ပိတ်ခံရမည်ကိုလည်း စိုးရိမ်မိပါသည်။

လင်းချွမ် လက်သီးမြှောက်လိုက်သောအခါ သေနတ်ကို သေချာတွေ့ရပါသည်။

ပစ်စတိုအမျိုးအစားအသစ် ဖြစ်၏။

Kimber R7 Mako Tactical ထုတ်လုပ်မှုဖြစ်ပြီး အဝအကျယ် ၉x၁၉ မီလီမီတာ၊ လက်ကိုင် (၈၆) မီလီမီတာ၊ ကျည်မပါ အလေးချိန် (၆၈၆) ဂရမ်၊ ကျည် (၁၆) တောင့်ထည့်နိုင်လေသည်။

လုပ်ကြံသူလောက၌ ထိုပုံစံကို သဘောကျကြသည်။

အဘယ်ကြောင့်ဆိုသော် အသံတိတ်ကိရိယာ အမျိုးမျိုးနှင့် ကိုက်ညီအသုံးပြုနိုင်သောကြောင့်ပင်။

လုပ်ကြံသူများမှာ နေ့အလင်းရောင်ကို မတွေ့ရဘဲ ညဘက်၌သာ အစာရှာကြလေ၏။

ညအလယ်တွင် သေနတ်ပစ်သံမှာ မိုးခြိမ်းသကဲ့သို့ ကျယ်ပြီး ချက်ချင်း တည်နေရာကို သိနိုင်သည်။

ထိုအခါ တာဝန်အောင်မြင်လျှင်ပင် အဖမ်းခံရနိုင်သေး၏။

အသံတိတ်စနစ်မပါသော ပစ်စတိုသည် လုပ်ကြံသူအတွက် သေမင်းပင်။

“တော်တော် ပြင်ဆင်ထားတာပဲ”

လင်းချွမ် ချီးကျူးစကား ပြော၏။

ပြင်ဆင်မှု၊ အချိန်ကိုက်ဖြစ်မှု၊ သေနတ် အသံတိတ်၊ ကျွမ်းကျင်သော တိုက်ခိုက်စွမ်းရည်နှင့် အမဲလိုက် အတွေ့အကြုံ။

လင်းချွမ်ကဲ့သို့ ထိုအခြေအနေမျိုး ရင်းနှီးသူသာ မဟုတ်လျှင် ထိုလူ့လက်ထဲ အသက်ပါသွားလေပြီ။

သို့သော် ယခုတော့ မည်သူက တကယ့် ဘုရင် ဖြစ်မည်နည်း။

မျက်စိတစ်မှိတ်အတွင်း လင်းချွမ် တိုက်ခိုက်ပြန်သည်။

သို့သော် ပစ်မှတ်မှာ ခရိုနေးမဟုတ်။ သေနတ်ကို ဖြစ်၏။

သေနတ်မှာ အလွန် အန္တရာယ် များနေ၍ သူကိုယ်တိုင် ထိန်းချုပ်ထားနိုင်လျှင် ပိုကောင်းပါသည်။

ဘုံး!

ဓာတ်လှေကားထဲတွင် နေရာ ကျဉ်းကြပ်ပြီး လက်သီးလွှဲချက်ကိုပင် ကြက်သီးထဖွယ် ကြားနေရသည်။

ခရိုနေး သူ့ညာဘက်မှ လက်သီးတစ်လုံး ဝင်လာသည်ကို တွေ့လိုက်ပြီး ပြန်မကာလိုက်နိုင်သော်လည်း ဘယ်လက်ဖြင့် လင်းချွမ်အား ပြန်ထိုး၏။

သို့သော် တစ်ချက် နောက်ကျသည်နှင့် အားလုံး နောက်ကျလေပြီ။

ဘုံး!

လင်းချွမ်၏လက်သီးမှာ သူ့ပါးပေါ် အရင်ကျရောက်လာသည်။

ပြင်းအားမှာ ထင်ထားသည်ထက်ပိုပြီး သွားများပင် ကျွတ်ပြီ ထင်ရ၏။

အမြင်လည်း အမှောင်ကျကာ မူးဝေလာသည်။

သူ ခေါင်းအမြန်ယမ်းကာ ထောင့်ဘက်တွင် နေရာယူ၍ လင်းချွမ်အား ပြန်တိုက်ခိုက်ရန် ပြင်သည်။

ဖြောင်း!

လင်းချွမ် သူ့လက်ကောက်ဝတ်အား လက်ဝါးဖြင့် ဓားကဲ့သို့ ရိုက်ချလိုက်၏။

နှစ်ချက်ဆက်တိုက် ရိုက်ခံရပြီးနောက် ခရိုနေး ခံနိုင်ရည် မရှိတော့ပေ။

သူ့လက်ထဲမှ ပစ်စတိုလည်း လင်းချွမ်လက်ထဲ အလွယ်တကူ ကျရောက်သွားတော့သည်။

ခရိုနေးမှာ နာကျင်မှုကို အောင့်အီး၍ ပြန်လုသေး၏။

သို့သော် လင်းချွမ်မှာ ပိုမြန်ပြီး ကျားတစ်ကောင်ထက် ပြင်းသော အင်အားဖြင့် ကန်လိုက်သည်။

ခရိုနေး လင်းချွမ်၏ ခြေထောက်ဒဏ်ကို သည်းခံကာ ပြန်လည် တိုက်ခိုက်ရန် ပြင်ပြန်သည်။

သို့သော် သူ အရှုံးပေးရတော့မည့်ပုံစံ ဖြစ်နေ၏။

လင်းချွမ် လှုပ်ရှားမှုမှာ အလွန်ရှုပ်ထွေး လျင်မြန်၏။

ဓာတ်လှေကား အခန်းငယ်ထဲတွင် ဂျောက်ခနဲ အသံတစ်ခု ထွက်လာသည်။

ကျည်တောင့်၊ အသံတိတ် ကိရိယာ စသဖြင့် တပ်ဆင်၏။

ခဏအတွင်း ပစ်စတိုမှာ အပြည့်အစုံ အဆင်သင့် ဖြစ်သွားသည်။

ခရိုနေး တံတွေးမျိုချ၍ လင်းချွမ်အား မကောင်းဆိုးဝါးကဲ့သို့ ကြည့်နေ၏။

သူ့တာဝန်ကျရှုံးမည်ဟု တစ်ခါမှ မတွေးဖူးပေ။

သူသည် ထိပ်တန်းလုပ်ကြံသူ ခရိုနေး ဖြစ်၏။

တာဝန် လက်ခံပြီးတည်းက အတွေ့အကြုံရှိသူပီပီ လင်းချွမ်အကြောင်း သေချာ စုံစမ်းထား၍ အကုန် သိနေပါသည်။

မည်သည့်အချိန်တွင် ထသည်၊ မည်သူနှင့် ပတ်သက်သည်၊ လင်းကျန်အဆောက်အဦ မည်သည့်အထပ်တွင် နေသည်၊ ရုံးကို မည်သည့်လမ်းက သွားသည် စသဖြင့် ဖြစ်၏။

ထို့ကြောင့် သာမာန်လွယ်ကူသော အလုပ်ဟု ထင်ထားသည်။

အရှင်ဖမ်းရသည့်အတွက်သာ အနည်းငယ် ခက်ခဲနိုင်၏။

အရင်အလုပ်များတွင် အမြဲ အသေသတ်ခဲ့လေသည်။

ထို့ကြောင့် အရှင်ဖမ်းရသည့်အချက်ကို ကြိုးစားလျှင် ဒေါ်လာ (၁၀) သန်းမှာ သူ့အပိုင်ဟု တွက်ထားပြီးလေပြီ။

သို့သော်။

အခြေအနေ လုံးဝ ပြောင်းလဲသွား၏။

ချီးပဲ။

သူက လုပ်ကြံသူလား၊ ငါက လုပ်ကြံသူလား။

ခရိုနေး စိတ်ထဲမှ ကျိန်ဆဲမိ၏။

ဒီညတာဝန်တော့ အောင်မြင်တော့မှာ မဟုတ်ဘူး။

ပြေးတော့။

ခရိုနေး ဓာတ်လှေကားခလုတ်နား သွား၍ အဖွင့်ခလုတ်ကို အမြန်နှိပ်လေသည်။

ဒင်ဟူသည့် အချက်ပေးသံနှင့်အတူ သူ လင်းချွမ်ကို ခပ်ပြင်းပြင်း ကန်ကာ တံခါးမှထွက်ရန် ပြင်လိုက်သည်။

ပြန်မတိုက်ခိုက်နိုင်ခြင်းနှင့် ထွက်မပြေးနိုင်ခြင်း မတူပါ။

သို့ရာတွင် လင်းချွမ်၏ နောက်ဆက်တွဲ အပြုအမူကြောင့် ထွက်ပါမပြေးနိုင်တော့သည်ကို သိလိုက်၏။

သူ့ကန်ချက်မှာ လေကိုသာထိပြီး လင်းချွမ် သူ့ခါးမှ ကိုင်ကာ တွန်းချလိုက်လေသည်။

“တွေ့လား။ မင်းက သတိမှမထားတာ”

လင်းချွမ်ပြုံး၍ ပြော၏။

သူ ထွက်ပြေးရန် တွေးခြင်းက မှားသွားသည်။

လင်းချွမ်နှင့်သာ အပြင်းအထန် တိုက်ခိုက်လျှင် လင်းချွမ်အဖို့ ပင်ပန်းနေဦးမည်။

ယခုတော့ အင်အားကောင်းကောင်း ဆွဲချနိုင်သွား၏။

ထိုစဉ် ဓာတ်လှေကားတံခါး ပွင့်သွားပြီး အမျိုးသမီးမှာ လေးဘက်ထောက်၍ အတင်း ရုန်းထွက်သွားသော်လည်း ခရိုနေးမှာတော့ လင်းချွမ်လက်ထဲ ပိတ်မိနေသည်။

အတင်း ပြေးထွက်လျှင် လင်းချွမ်၏ ကန်ချက်ကို ကြောက်ရသေးသည်။

ထိုသို့တွေးနေစဉ်ပင် လင်းချွမ်၏ တံတောင်ချက်၊ ဒူးချက်၊ လက်သီးချက် အားလုံးကို ခံစားရပြီး နံရံတွင် ကပ်နေသည်။

သူ့ရလဒ်မှာ ရက်စက်လွန်းပါသည်။

All Chapters