အခု လာပြီ
Vol. 32 Ch. 478
ကျန်း တစ်ယောက်တည်း တွေးနေမိ၏။
လင်းချွမ်သာ မနိုင်လျှင် သူ အလစ်ဝင်တိုက်မည်ဟု ကြံလိုက်သည်။
ဤရက်ပိုင်း လင်းချွမ်မှ သူ့ကို ကိုယ်ခံပညာ အတော်အသင့် သင်ထားပေးပါသည်။
ထို့ကြောင့် သာမာန်လူနှင့်တော့ အသာလေး ယှဉ်နိုင်၏။
ဒီတစ်ခေါက် သူ ကူညီနိုင်မည်ဟု ထင်ထားသည်။
သို့ရာတွင် တွေ့ရသောမြင်ကွင်းကြောင့် စိတ်အေးသွားရ၏။
(၃၂) လွှာ မရောက်ခင်တည်းက လင်းချွမ်နှင့် ခရိုနေးတို့ စကားပြောဆိုနေသံကို ကြားရပြီး လင်းချွမ်၏ တည်ငြိမ်သောအသံမှာ အောင်နိုင်သူ ဖြစ်ကြောင်း သိသာစေသည်။
“ရှင်းရှင်းရေ ရှန်ချန်းချန်းကို ဖုန်းဆက်လိုက်ပါဦး။ သူ ဘာဆက်လုပ်ရမလဲ သိတယ်”
လင်းချွမ် ကျန်းကို တွေ့သည်နှင့် ပြုံးကာ လှမ်းပြောသည်။
“ဟုတ်ကဲ့ပါ”
ကျန်း ချက်ချင်း ဖုန်းထုတ်၍ ရှန်ချန်းချန်းအား ဆက်လိုက်သည်။
ဖုန်းရပြီးသည်နှင့် ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့ အပြေးအလွှား ထွက်လာလေ၏။
အန်လင်းရဲစခန်းကိုလည်း အကြောင်းကြားထားပြီး ဖြစ်ပါသည်။
ကားထဲတွင်။
ရှချင်းချင်းဆံနွယ်များ စိုထိုင်းထိုင်း ဖြစ်ကာ အနည်းငယ် ရှုပ်ပွနေသည်။ ထိပ်တန်းလုပ်ကြံသူမှ လင်းချွမ်အား တိုက်ခိုက်လာသည်ကြား၍ ဖမ်းမိပြီးပြီဆိုသော်လည်း ရုတ်တရက် လန့်ဖျပ်သွားသည်။
အခြေအနေကရော။
သူ ထိခိုက်သွားလား။
တခြားလူတွေရော ပါလား။
သူတို့ ဘာမှ မသိရသေးချေ။
“ချန်းချန်း ခရိုနေးက အဲ့လောက်တောင် ကြောက်စရာကောင်းတာလား”
ရှန်ချန်းချန်း၏ မိတ်ဆက်ထားမှုကြောင့် သူ ပိုကြောက်နေသည်။
ရှန်ချန်းချန်းကိုယ်တိုင်လည်း စိတ်များ ရှုပ်ထွေးနေလေ၏။
သူ့ဆရာနှင့် တိုက်ခိုက်စဉ်က ပြောပုံအရတော့ ခရိုနေးမှာ ညဘက်တွင် အစာရှာထွက်တတ်ပြီး လုံးဝ မထင်ထားသောအချိန်၌ ရုတ်တရက် ထွက်ပေါ်လာလိမ့်မည်။
ထိုအခါ သေခြင်းတရားသာ ရှိ၏။
သူ လင်းချွမ်အတွက် စိုးရိမ်နေမိပါသည်။
လင်းချွမ် ရှောင်နိုင်ရဲ့လား။
ဒဏ်ရာရသွားလား။
သူ အတွေးလွန်ခြင်းသာဖြစ်ရန် မျှော်လင့်မိ၏။
ထို့နောက် ရှချင်းချင်းအမေးကို တည်ငြိမ်စွာ ဖြေလိုက်သည်။
“ခရိုနေးဆိုတာ လုပ်ကြံသူလောကမှာတော့ နာမည်ကြီးပဲ။ အင်္ဂလန်က လူသတ်ဘုရင်လို့ သိကြတယ်။ ငါ့ဆရာပြောတာတော့ သူ့ကို ခေါ်ချင်တဲ့သူတွေ များပေမဲ့ ကြေးအရမ်းကြီးလို့ အနည်းဆုံး ဒေါ်လာသန်းနဲ့ချီပြီး ခေါ်ရတာတဲ့”
ကားလေးမှာ လမ်းမပေါ်တွင် တရိပ်ရိပ် ဖြတ်သန်းလာသည်။
ပြတင်းပေါက်မှ လေများလည်း တဟူးဟူး တိုက်ခတ်နေ၏။
ရှချင်းချင်း တိတ်ဆိတ်နေမိသည်။
ဒေါ်လာသန်းနှင့်ချီပေးမှ ထိုလုပ်ကြံသူကို ခန့်နိုင်ပေမည်။
လင်းချွမ် နိုင်သွားသော်လည်း သေစေနိုင်လောက်သော တိုက်ခိုက်မှုမျိုးကို ကြုံခဲ့ရလောက်သည်။
ရှန်ချန်းချန်းလည်း ထို့အတူတွေး၍ ငြိမ်နေ၏။
အချိန်အတော်ကြာမှ အသံထွက်လာသည်။
“ခုနက ပြောတဲ့အသံအရရော လင်းချွမ်ကလည်း အားသန်တော့ ဒဏ်ရာတော့ မရလောက်ပါဘူးနော်”
မဟုတ်လျှင် ခုနက ဖုန်းထဲ၌ ကျန်းရှင်းရှင်း ငိုယိုနေလောက်၏။
ရှချင်းချင်း မျက်မှောင်ကြုတ်ကာ
“ခရိုနေးနဲ့ တိုက်ခိုက်ပြီး ဒဏ်ရာမရတဲ့အပြင် ပြန်ဖမ်းလိုက်နိုင်တာလား”
“အဲ့လိုလားလို့ပါ”
သူ မဝံ့မရဲ ပြော၏။
ရန်သူမှာ တော်ရုံအဆင့် မဟုတ်ချေ။
နှစ်ယောက်လုံး ထပ်တူ စိတ်ပူနေမိ၏။
လင်းကျန်အဆောက်အဦရှေ့ ရောက်သည်နှင့် ကားပါကင်၌ အမြန်ထိုးကာ ဓာတ်လှေကားဖြင့် တက်လာကြသည်။
(၃၂) ထပ်သို့တက်သည့် စက္ကန့်ပိုင်းမှာ ရာစုနှစ်ကဲ့သို့ ကြာနေ၏။
နောက်ဆုံးတော့။
ဒင်!
(၃၂) လွှာသို့ ရောက်လာလေပြီ။
တံခါးပွင့်သည်နှင့် ချက်ချင်း ပြေးထွက်လိုက်ကြ၏။
“ရောက်ပြီလား”
လင်းချွမ် ရေနွေးခွက်လေး ကိုင်ထား၍ ခပ်အေးအေး သောက်ရင်း ရဲမေ (၂) ဦးကို ပြုံးပြသည်။
ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့ သူ့ကို စိုက်ကြည့်နေမိ၏။
လင်းချွမ်မှာ သွေးတစ်စက် မထွက်ဘဲ ထိခိုက်ဒဏ်ရာ မရှိသည်ကို တွေ့ရသည်။
ပြတင်းပေါက်နားတွင် ရေနွေးကြမ်းသောက်ရင်း လေညင်းခံနေလေသည်။
သူ့ဘေးတွင် ရပ်နေသော ကျန်းမှာတော့ စိုးရိမ်နေပုံ ရ၏။
ခရိုနေးလား။
ထိုလူမှာ နှုတ်ခမ်းထောင့်တွင် သွေးများ စီးကျလျက် ပြတင်းပေါက်နား၌ ကြိုးတုပ်ထားသော အခြေအနေဖြင့် မျက်နှာငယ်လေး ထိုင်နေသည်။
ရှန်ချန်းချန်းနှင့် ရှချင်းချင်းကို တွေ့သောအခါ အနည်းငယ်သာ မော့ကြည့်၍ ခေါင်းပြန်ငုံ့သွား၏။
ဒါ တကယ်ပဲ ခရိုနေးလား။
လူသတ်ဘုရင်လေ။
လုံးဝ မယုံကြည်နိုင် ဖြစ်နေကြသည်။
“ရှင် လက်ဖက်ရည် သောက်နေတာလား”
လင်းချွမ်ပြုံး၍
“ဒီည ရဲမေရှန် လိုက်ကျွေးတဲ့ညစာက နည်းနည်းငံလို့ ရေဆာတာနဲ့”
ရှန်ချန်းချန်း မျက်မှောင်ကြုတ်၍ ငိုရမလို၊ ရယ်ရမလို ဖြစ်နေ၏။
ထို့နောက် လင်းချွမ်ကို ကြည့်၍
“ကျွန်မပြောချင်တာက ဒီအချိန်မှာ လက်ဖက်ရည် သောက်နေနိုင်သေးလားလို့”
လင်းချွမ် ထိုအခါမှ သဘောပေါက်သွားပုံဖြင့်
“ဒါဆို လက်ဖက်ရည် မသောက်ဘဲ တခြားတစ်ခုခု သောက်လိုက်ရမလား”
ရှန်ချန်းချန်း မျက်စောင်းထိုးသာ ကြည့်နိုင်တော့သည်။
ရှချင်းချင်းမှာတော့ မထိန်းနိုင်တော့ဘဲ ထရယ်မိ၏။
ကျန်းလည်း ရယ်မောလျက်
“မစိုးရိမ်ပါနဲ့။ ကျွန်မ သူ့ကို စစ်ဆေးပြီးပြီ။ အကုန် အကောင်းအတိုင်းပဲ”
ရှန်ချန်းချန်း စိတ်အေးသွားလေသည်။
ထို့နောက် ခရိုနေးအနားသို့ သွားကာ
“သူက တကယ် ခရိုနေးလား”
“လုံးဝ အာမခံတယ်”
“အဲ့တော့ အင်္ဂလန်ရဲ့ လူသတ်ဘုရင်ပေါ့”
သူ့ဆရာ ပြောပြစဉ်ကပုံစံနှင့် လုံးဝ ကွဲပြားနေသည်။
လင်းချွမ် ပြုံးကာ
“ဒီလိုလုပ်။ သူ့ကို ပြန်လွှတ်ပေးလိုက်မယ်။ ရဲမေရှန် တိုက်ခိုက်ကြည့်လေ။ ခရိုနေး ဟုတ်လား မဟုတ်လားလို့”
ရှန်ချန်းချန်း ခေါင်းယမ်း၍
“မစမ်းတာ ကောင်းပါတယ်။ ရှင် သူ့ကို ဘယ်မှာ မိတာလဲ”
လင်းချွမ် လက်ညှိုးထိုးလျက်
“ဓာတ်လှေကားထဲမှာလေ”
“ဒါဆို စီစီတီဗွီပဲ ပြန်ကြည့်ပြီး သူ့အရည်အချင်းကို စစ်လိုက်တော့မယ်”
အမှန်တော့ ခရိုနေး၏ အရည်အချင်းထက် လင်းချွမ်၏ အရည်အချင်းကို ပိုစိတ်ဝင်စားပါသည်။
ထို့နောက် သူ့ကို စိုက်ကြည့်မှန်း လင်းချွမ် သတိထားမိကာ
“မဟုတ်တာတွေ မတွေးပါနဲ့။ ကျွန်တော်က ဥပဒေလိုက်နာတဲ့သူပါ”
ရှန်ချန်းချန်း ပို၍ စိတ်အေးသွားမိ၏။
ထို့နောက် ဘေးသို့ ခဏထွက်သွားပြီး လမ်းတွင် လာနေဆဲဖြစ်သော ဟူတာချန်းအား ဖုန်းဆက်၍ လင်းချွမ် ဘေးကင်းကြောင်း ပြောလိုက်သည်။
ပြီးမှ တစ်ခုခု သတိရကာ နိုင်ငံတကာ ရဲဌာနတွင် အလုပ်လုပ်နေဆဲဖြစ်သော သူ့တက္ကသိုလ်မှဆရာ ကျန်းမင်အား ဆက်ရန် ကြည့်လိုက်သည်။
“ဒီလောက် မိုးချုပ်မှ ဆက်တာ ကောင်းပါ့မလား။ ဒါပေမဲ့ ခရိုနေးဆိုတာ သူ့ရဲ့ ရန်သူအကြီးစားလေ။ ခရိုနေးကို ဘယ်သူပဲ ဖမ်းမိမိ အကြောင်းကြားဖို့ ပြောထားတာ။ အဲ့တာဆို ဆက်လိုက်တာပေါ့”
သူ ဆုံးဖြတ်ချက်ချ၍ ဖုန်းဆက်လိုက်၏။
“တီ တီ တီ”
ဖုန်းဝင်သွားသည်နှင့် အသံထွက်ပေါ်လာသည်။
“ရှန် ညဉ့်နက်မှာ ဘာကိစ္စလဲ။ မဖြေရှင်းနိုင်တဲ့အမှု ရှိနေလို့လား”
“ဆရာကျန်း ခရိုနေးကို မှတ်မိလား”
“ခရိုနေး ဒီကောင်”
သူ ရယ်မောလျက်
“ဒါပေါ့ကွာ။ အရင်ကလိုမို့လို့ ငါ့ကို နိုင်တာ။ အခုလို အချိန်ဆိုလို့ကတော့ မိနစ်ပိုင်းအတွင်း အလဲသိပ်နိုင်တယ်”
ရှန်ချန်းချန်း ပြုံးမိ၏။ ထိုနောက်ဆုံးစကားကို အကြိမ်ပေါင်းများစွာ ကြားခဲ့ဖူးပါသည်။
“ဆရာ ခရိုနေး အခု ကျွန်မနဲ့ အတူတူ ရှိနေတယ်။ လာဖမ်းပြီး စီရင်ချက်ချဖို့ အသင့်ပြင်ထားလိုက်တော့”
“ဘာပြောတယ်”
ကျန်းမင် အသံကျယ်သွားပြီး အလွန် အံ့ဩနေ၏။
ခရိုနေးက ရှန်ချန်းချန်းနဲ့ အတူတူရှိတယ်။
လာဖမ်းတော့။
ငါ့တပည့်က ခရိုနေးကို ဖမ်းမိတာလား။
ချက်ချင်း စာကြည့်မျက်မှန်အား ချွတ်ကာ မတ်မတ် ပြင်ထိုင်၍
“အခုဘယ်မှာလဲ ပြော။ လာခဲ့မယ်”