ဂရုစိုက်သားပဲ
Vol. 32 Ch. 479
ညမှာ အတော်ညဉ့်နက်နေပြီး တိတ်ဆိတ် ငြိမ်သက်နေ၏။
ကြယ်ရောင်နှင့် လရောင်များ ပျံ့နှံ့ကာ အရိုးခိုက်အောင် အေးသော လေများ လမ်းတစ်လျှောက် တိုက်ခတ်နေကြသည်။ သစ်ပင်များ၏ အကိုင်းအခတ်များ လေနှင့်အတူ ယိမ်းနွဲ့လျက် အလင်းရောင်နှင့် အရိပ်များ ဖြစ်ပေါ်စေကာ ကြက်သီးထစရာ ကောင်းလှ၏။
ရဲစခန်းထဲတွင်။
ကျန်းမင် ရဲစခန်းထဲ အလောတကြီး ဝင်လာသည်။
အထဲရောက်သောအခါ လက်ကို နောက်ပစ်လျက် သိမ်းငှက်ကဲ့သို့ စူးရှသောအကြည့်ဖြင့် လင်းချွမ်အား ကြည့်နေသည်။
ထိုလူငယ်လေးမှာ အသက် (၂၀) ကျော်သာ ရှိပေဦးမည်။ မျက်ခုံးကောင်းကောင်း၊ မျက်လုံးနက်နက်နှင့် မျက်နှာလေးမှာ နူးညံ့ကာ လူငယ်မှန်း သိသာစေ၏။
ရှန်ပြောထား၍ လင်းချွမ်ဟူ၍ သိပါသည်။
သူက အင်္ဂလန်ရဲ့ လူသတ်ဘုရင် ခရိုနေးကို ဖမ်းခဲ့တဲ့သူလား။
ကျန်းမင် မျက်မှောင်ကြုတ်လိုက်မိ၏။
ပုံစံမှာ စာသမား ပေသမား နူးညံ့ပုံပေါ်၍ လူသတ်ဘုရင် လုပ်ကြံသူကို ယှဉ်တိုက်ခိုက်ခဲ့သည်အား မယုံကြည်နိုင် ဖြစ်နေ၏။
သူ သေချာကြည့်နေပြီးနောက်
“ကောင်လေး မင်း ခရိုနေးကို ဖမ်းလိုက်တာလား”
လင်းချွမ်လည်း သူ့ကို လေ့လာလျက် ရှိ၏။
ထိုလူမှာ ရှန်ချန်းချန်း၏ တက္ကသိုလ်မှဆရာဖြစ်ပြီး နိုင်ငံတကာ ရဲတပ်ဖွဲ့မှ ကောင်းသတင်းဖြင့် ပင်စင်ယူထားသူလည်း ဖြစ်ကြောင်း ရှန်ချန်းချန်းထံမှ ကြားထားပါသည်။
ကျန်းမင်မှာ ရှပ်အင်္ကျီဗြောင်ကို ဝတ်ဆင်လျက် အရပ် (၅) ပေ (၉) လက်မ ဝန်းကျင်ရှိပြီး မျက်နှာ၌ အရေးအကြောင်းများ ပေါ်နေသော်လည်း စိတ်ဓာတ်တက်ကြွပြီး မျက်လုံးများ စူးရှိနေ၏။
သူသည် အတွေ့အကြုံရှိ၍ ထက်မြက်သော စုံထောက်တစ်ဦးဖြစ်လေသည်။
ဤသည်မှာ လင်းချွမ်၏ ထင်မြင်ချက် ဖြစ်၏။
ထို့ကြောင့် သူ အသာခေါင်းငြိမ့်ပြလိုက်ပြီး
“ဆရာကျန်းရယ် နည်းနည်း ထိပ်တိုက်တွေ့ရုံလေးပါ”
“အဲ့တုန်းက အခြေအနေကို အကျဉ်းချုံး ပြန်ပြောပေးလို့ ရမလား”
ကျန်းမင် ဝင်ထိုင်လိုက်ပြီး လင်းချွမ်အား ကြည့်၍ တက်တက်ကြွကြွ မေး၏။
လင်းချွမ် ခဏစဉ်းစားပြီးမှ
“ကျွန်တော် ဓာတ်လှေကားထဲဝင်တော့ ခရိုနေးနဲ့ အမျိုးသမီးတစ်ဦးကို အီစီကလီပုံစံနဲ့ တွေ့တယ်။ အမျိုးသမီးကိုတော့ ကျွန်တော် သိတယ်ဗျ။ တစ်တိုက်တည်းနေတာလေ။ အထပ် (၃၀) ရောက်တော့ ကျွန်တော် ဓာတ်လှေကားထဲက မထွက်ဖြစ်သလို (၃၂) ထပ်မှာလည်း သူက ထွက်မသွားဘူး။ အဲ့လိုနဲ့ သူကစပြီး အမျိုးသမီးကို ကျွန်တော့်ဘက် တွန်းလိုက်တာ။ ပြီးတော့ သေနတ်ထုတ်ပြီး ပစ်ဖို့လုပ်ရော”
“နောက်တော့ရော”
ကျန်းမင် ပိုစိတ်ဝင်စားလာသည်။
“နောက်ပြီးတော့ ကျွန်တော်နဲ့ တိုက်ခိုက်တာပေါ့”
လင်းချွမ်ပြုံးကာ ခပ်အေးအေး ပြောသည်။
“ဟင်”
ကျန်းမင် လန့်သွား၏။
“တိုက်ခိုက်တယ်လား”
ငါ့ရန်သူ၊ ငါ့မျက်စိရှေ့တင် လူအများကြီး သတ်ပြီး ပြစ်မှုတွေ ကျူးလွန်ဖူးတဲ့ အင်္ဂလန်ရဲ့ ထိပ်တန်းလုပ်ကြံသူ ခရိုနေးကိုလေ။
အဲ့တုန်းက ငါတောင် မကိုင်တွယ်နိုင်ခဲ့တဲ့သူကို မင်းက အလွယ်တကူ တိုက်ခိုက်ခဲ့တာလား။
“ဒါပဲလား”
ကျန်းမင် အချိန်အတော်ကြာအောင် မှင်တက်နေပြီးမှ မေးလိုက်သည်။
“ဒါပဲလေ။ သူ့ကိုတိုက်ခိုက်ပြီး ဖမ်းပြီးတော့ ရဲမေရှန်ကို ဖုန်းဆက်လိုက်တာပဲ”
လင်းချွမ် ပေါ့ပေါ့ပါးပါး ပြန်ပြော၏။
သူ့တုံ့ပြန်မှုကြောင့် ကျန်းမင် သံသယပင်ဝင်လာမိသည်။
သူကိုယ်တိုင် ခရိုနေးကို ရင်ဆိုင်ဖူးသောကြောင့် ခရိုနေး၏ တိုက်ခိုက်မှုများမှာ လျှပ်စီးကဲ့သို့ လျင်မြန်၍ အားကြီးကြောင်း သိထားပါသည်။
ခရိုနေးမှ လင်းချွမ်ကို အရှင်ဖမ်းရမည်ဖြစ်၍ ခက်ခဲလျှင်ပင် အခြေအနေမှာ မယုံနိုင်စရာ ကောင်း၏။
သို့သော် သူ့မျက်စိရှေ့၌ပင် ခရိုနေးမှာ အဖမ်းခံထားရပြီးလေပြီ။
ရှန်ချန်းချန်းကိုယ်တိုင်မှလည်း လင်းချွမ် ဖမ်းခဲ့ကြောင်း ထောက်ခံ၏။
ကျန်းမင် သူ့သံသယများ ပြန်ချိုးနှိမ်၍ နောက်မှ စီစီတီဗွီမှတ်တမ်းကြည့်ရန် တွေးလိုက်သည်။
ထိုစဉ် ရှန်ချန်းချန်း ဧည့်ခန်းထဲ ရောက်လာ၏။
ကျန်းမင် မျက်လုံးအရောင်များ လက်ကာ သူ့အနား လျှောက်သွားပြီး
“ရှန် ဓာတ်လှေကားက စီစီတီဗွီ ရပြီလား”
“အခုပဲ အမျိုးသမီးရဲ့ သက်သေထွက်ဆိုချက် ယူနေတာ။ စီစီတီဗွီက တခြားတစ်ယောက် သွားယူနေတယ်။ ဆရာကျန်း ခရိုနေးနဲ့ တွေ့ဦးမလား”
ရှန်ချန်းချန်း ပြန်ဖြေ၏။
ကျန်းမင် ပြုံးရွှင်သွားပြီး
“ဒါပေါ့။ ခရိုနေးကို တွေ့ရတာနဲ့တင် ကောင်းပါတယ်”
“ဆရာကျန်း အဖွဲ့မှူးဟူ ဒါရိုက်တာလည်း ရှိတယ်။ စကားအေးဆေး ပြောလိုက်လေ။ အချက်အလက်တွေလည်း ပိုရနိုင်တယ်”
ရှန်ချန်းချန်း ရယ်မော၍ ပြော၏။
“အင်း ကောင်းပြီ ကောင်းပြီ”
ကျန်းမင် ပြုံးလျက် သူ့မျက်နှာတွင် ပျော်ရွှင်နေမှန်း သိသာသည်။
ရှန်ချန်းချန်း လင်းချွမ်အနား ကပ်လာပြီး ရေနွေးတစ်ခွက် ချပေး၍
“စာရေးဆရာလင်း ဒီနေ့ ပင်ပန်းသွားပါပြီ”
လင်းချွမ် ရေနွေးအနည်းငယ် သောက်ပြီးနောက်
“အင်း ပင်ပန်းပေမဲ့ ကျော်ဖြတ်နိုင်သွားပါတယ်”
“ရှင်ရော ခရိုနေးနဲ့ တွေ့ဦးမလား”
“တွေ့စရာ ဘာအကြောင်း ရှိလို့လဲ။ ဒီမှာ ခဏနားပြီး အားလုံးပြီးတာနဲ့ အိမ်ပြန်ပို့ပေးလေ”
လင်းချွမ် မျက်လုံးများ မှေးစင်းကာ အကြောဆန့်ရင်း ပြောလေ၏။
ရှန်ချန်းချန်း သူ့ကိုကြည့်ကာ ရယ်မောမိလိုက်ပြီး သူ့ကူရှင်လေး ပေးကာ ကျန်းမင်နှင့်အတူ ခရိုနေးထံ ထွက်လာကြသည်။
“သူ့ကို တော်တော် ဂရုစိုက်သားပဲနော်”
ကျန်းမင် ရယ်မောကာ ပြောသည်။
“သူက ရဲစခန်းရဲ့ ရတနာလေ။ သူ ဖမ်းပေးတဲ့ တရားခံတွေမှ နည်းတာမဟုတ်ဘူး။ ဒါရိုက်တာကတောင် သူ့အပေါ် ဂရုစိုက်ဖို့ အထူးမှာထားတာ”
ရှန်ချန်းချန်း ပြန်ရှင်းပြ၏။
“ဪ”
ကျန်းမင် မျက်ခုံးပင့်လိုက်ပြီး
“ငါ အန်လင်းရဲစခန်းကို အာရုံမထားမိတာ တော်တော် ကြာသွားတာပဲ”
ရှန်ချန်းချန်းလည်း ခေါင်းငြိမ့်၍
“ဆရာသာဆိုလည်း ဂရုစိုက်မိမှာပဲ။ အရမ်း အံ့ဩစရာကောင်းအောင် လုပ်ပြလိမ့်မယ်”
“ငါက အသက်ကြီးနေပါပြီ။ ဘာတွေ အံ့ဩစရာ ရှိသေးလို့လဲ”
“ခရိုနေးကိစ္စက အံ့ဩစရာ မဟုတ်ဘူးလား”
ကျန်းမင် ရယ်မောကာ
“အေး အဲ့တာတော့ အမှန်ပဲ”
မကြာမီ စစ်ဆေးရေးအခန်းဆီ ရောက်လာကြ၏။
ရှန်ချန်းချန်း သူ့ကို အထဲခေါ်သွားလိုက်၏။
ကျန်းမင် ဟူတာချန်းတို့လေး ဝင်ထိုင်၍ ခရိုနေးအား စိုက်ကြည့်နေသည်။
“ခရိုနေး မင်း ငါ့ကို မှတ်မိလား”
ကျန်းမင်မှ မေး၏။
ခရိုနေး ခေါင်းယမ်းကာ
“မသိဘူး”
ကျန်းမင် တစ်ချက် ရှုံ့သွားပြီး
“နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင် ကျန်းမင်ကွ”