သူ အလုပ်အကုန် လုပ်ဖူးတာလား
Vol. 33 Ch. 482
ဟူတာချန်းလည်း အသေးစိတ်ကို သတိထားမိလိုက်သည်။
ရှန်ချန်းချန်းမှ ခပ်တိုးတိုးဖြင့်
“ဒါဆို အဲ့အချိန်မှာ ခရိုနေးက စလှုပ်ရှားဖို့ပြင်နေပြီး လင်းချွမ် သူ့ကို ကျောပေး အပြင်မထွက်လိုက်တာ အစီအစဉ်ပျက်သွားတာပေါ့”
“ဟုတ်တယ်”
ဟူတာချန်းနှင့် ရှန်ချန်းချန်းတို့ အမြင်ချင်း ဖလှယ်နေကြသည်။
“အန္တရာယ်များလိုက်တာ”
ရှန်ချန်းချန်း စိုးရိမ်သွား၏။
ထိုအခြေအနေမျိုးတွင် အနည်းငယ် လွဲချော်သွားသည်နှင့် လုံးဝ ရှုံးနိမ့်နိုင်သည်။
အထူးသဖြင့် ခရိုနေး၏ လက်နက်မှာ အသံတိတ်ကိရိယာ တပ်ဆင်ထားသော ကင်ဘာ ပစ်စတိုဖြစ်ပြီး လင်းချွမ်သာ အနောက်လှည့်လိုက်ပါက သေချာပေါက် အပစ်ခံရတော့မည်။
ဘုရားရေ။
ရှန်ချန်းချန်း သက်ပြင်းထပ်ချမိသည်။
ကျန်းမင်ပင် လင်းချွမ်၏ သတိထားနိုင်မှုကို အသိအမှတ်ပြုရ၏။
ထို့နောက် လင်းချွမ်ကိုလည်း ပိုစိတ်ဝင်စားလာသည်။
ခရိုနေး၏ ထင်မြင်ချက် မှန်နေလား။
လုပ်ကြံသူတိုင်းမှာ အစပိုင်းတွင် ပစ်မှတ်ကို သတ်ရန် မသင်ဘဲ ပစ်မှတ်ထံမှ ဂရုမပြုမိစေရန်ကို အရင် သင်ကြရသည်။
ပစ်မှတ်မှ ကိုယ့်ကို သတိထားမိလျှင် အောင်မြင်နိုင်ခြေ အတော်နည်းသွားလေပြီ။
ထိုသို့သော လုပ်ကြံသူကို မည်သူက နားလည်နိုင်မည်နည်း။
အဖြေမှာ အခြားလုပ်ကြံသူမှ ဖြစ်လေသည်။
မြွေမြွေချင်း ခြေမြင်သည်ဟူသည့် စကားပုံအတိုင်း ဖြစ်၏။
စီစီတီဗွီမှတ်တမ်းကို ဆက်ကြည့်ကြလေ၏။
လင်းချွမ် ဓာတ်လှေကားထဲမှ ထွက်မသွားဘဲ အပေါ်သို့ အတူလိုက်တက်သွားသည်။
(၃၂) ထပ်သို့ သွားနေ၏။
အထပ် (၂) ခုမှာ မဝေးလှသော်လည်း လင်းချွမ်တို့ချင်း ဆက်ဆံပြောဆိုရန်တော့ အချိန်ရသည်။
ခရိုနေးမှာ အမျိုးသမီးကို အီစီကလီ ဆက်မလုပ်တော့။
လင်းချွမ်မှာလည်း အကြည့်များ ပိုရဲလာပြီး ပြုံးသွား၏။
“သူ မလန့်ဘူးလား”
ကျန်းမင် ရေရွတ်မိ၏။
ရှန်ချန်းချန်းလည်း စွံ့အနေသည်။
သူ လင်းချွမ်အကြောင်းကို ကောင်းကောင်း သိပါသည်။
လင်းချွမ်၏ ထိုအပြုံးနှင့် နက်ရှိုင်းသော အကြည့်များမှာ ထိုက်တန်သော ရန်သူတစ်ဦးနှင့် တွေ့ဆုံသွားပုံ ရ၏။
ထို့ကြောင့် ပို၍ အံ့ဩနေရသည်။
လင်းချွမ်မှာ အင်္ဂလန်မှ ထိပ်တန်းလုပ်ကြံသူနှင့် ကြုံရသည်ကို စိတ်မလှုပ်ရှားသည့်အပြင် စမ်းသပ်ခွင့်ရ၍ ကျေနပ်နေသေး၏။
ရှန်ချန်းချန်း ခေါင်းယမ်း၍ အတွေးများ ခဏဖယ်ထားလိုက်သည်။
ဒင်!
ဓာတ်လှေကားတံခါး ပွင့်လာပြန်၏။
(၃၂) ထပ်သို့ ရောက်လေပြီ။
ထူးဆန်းစွာဖြင့် ခရိုနေးလည်း အပြင်ထွက်မည့်ဟန် မရှိချေ။
နှစ်ယောက်သား အချင်းချင်း အကဲခတ်ကြည့်နေပြီး တိုက်ပွဲမှာ စစ်အေးတိုက်ပွဲသာ ရှိသေးသည်။
ကျန်းမင်နှင့် ဟူတာချန်းတို့ အချင်းချင်း လှည့်ကြည့်မိသည်။
ဓာတ်လှေကားထဲမှ အရင်ထွက်သူမှာ ရှုံးမည်မှန်း နှစ်ဦးလုံး သိနေ၏။
သေမည်ကို သိလျက်ဖြင့် ကျောမပေးနိုင်ပါ။
ရှန်ချန်းချန်း တံတွေးမျိုချ၍ အသက်ပင် ကောင်းကောင်း မရှူနိုင်ဘဲ ကြည့်နေသည်။
ဘယ်သူ အရင် စလှုပ်ရှားမှာလဲ။
နောက်ဆုံးတော့ ခရိုနေးဘက်မှ စလေ၏။
သူ့ဘေးမှ အမျိုးသမီးကို လင်းချွမ်ဘက် တွန်းလိုက်သည်။
အသာစီးရအောင် စတိုက်ခိုက်တာလား။
ကွန်ပျူတာရှေ့၌ ကြည့်နေသူအားလုံး ရင်တထိတ်ထိတ် ဖြစ်နေ၏။
“ခရိုနေး ရှုံးသွားတာ မဆန်းပါဘူး”
ကျန်းမင် သူ့အပြုအမူကိုကြည့်ကာ စိတ်အေးသွားသလိုဖြင့် ပြောလေသည်။
အခြားသူများမှာ ကျန်းမင်၏ ဖြေရှင်းချက်ကို နားထောင်ရန် စောင့်နေကြ၏။
ကျန်းမင်မှ
“ခရိုနေး စတိုက်ခိုက်တာနဲ့ လှည့်စားမခံနဲ့။ အဲ့တာ နောက်ဆုံးအကွက်ကြီး။ ဆရာကြီးတွေအချင်းချင်း တိုက်ခိုက်ရင် ဒီပုံစံက ရုပ်ပျက်တယ်”
လင်းချွမ် ခရိုနေးထက် တော်ကြောင်း ကျန်းမင် လက်ခံပါသည်။
သူ ရှင်းပြနေချိန်တွင် လင်းချွမ်တို့ အပြင်းအထန် စတိုက်ခိုက်နေကြလေပြီ။ နောက်ဆုံး ခရိုနေးအား အလဲသိပ်လိုက်နိုင်မှ အားလုံး သက်ပြင်းချနိုင်တော့၏။
စီစီတီဗွီမှတ်တမ်း ပြီးဆုံးသွားပြီး မြေအောက် ကားပါကင်မှ (၃၂) ထပ်အထိ အချိန် (၅) မိနစ်မျှသာ ပါသည်။
သို့သော် ထိုအချိန်အတောအတွင်း ထိပ်တန်း လုပ်ကြံသူများ၏ တိုက်ပွဲကို ကြည့်ခဲ့ရသည်။
သို့မဟုတ် လင်းချွမ်၏ ခရိုနေးအပေါ် တစ်ဖက်သတ် အနိုင်ယူပွဲဟုလည်း ဆိုနိုင်သည်။
အမှန်ပင် အစအဆုံး ခရိုနေးမှာ တစ်စက္ကန့်ပင် အသာစီးရချိန် မရှိလိုက်ချေ။
ကျန်းမင် ထိုင်ခုံ၌ ထိုင်ချလိုက်သည်။
အခြားသူများလည်း ဘေးတွင် ထိုင်လိုက်ကြ၏။
ဟူတာချန်းမှာ ခရိုနေး၏ “လင်းချွမ်လည်း လုပ်ကြံသူပဲ” ဟူသောစကားကို အဓိပ္ပာယ်မရှိဟု ထင်ခဲ့သော်လည်း ယခုမှတ်တမ်းကို တွေ့သောအခါ တိတ်ဆိတ်သွားမိသည်။
ရှန်ချန်းချန်းလည်း ထို့အတူပင်။
ခရိုနေး နောက်နေခြင်း မဟုတ်။
“ဘာတွေ ဖြစ်နေကြတာလဲ”
ထိုအချိန်တွင် တစ်ယောက်တည်း ကြောင်တောင်တောင် ဖြစ်နေသူမှာတော့ ရှချင်းချင်း ဖြစ်၏။
ရှန်ချန်းချန်း သူ့ကိုကြည့်၍
“ချင်းချင်း လင်းချွမ်ရဲ့ လုပ်ကြံသူဝတ္ထုကို မှတ်မိလား”
ရှချင်းချင်း ခေါင်းငြိမ့်ပြ၍
“မှတ်မိတာပေါ့။ ကျွမ်းကျင်လှသော လုပ်ကြံသူလေ”
“အဲ့တာ ဘယ်လို ထင်လဲ”
ရှချင်းချင်း ပေါ့ပေါ့ပါးပါးပင်။
“အရမ်းကောင်းတယ်လေ။ ဇာတ်လမ်းလည်း ကောင်းတယ်။ လင်းချွမ် အရေးအသားလည်း ကောင်းတယ်”
ရှန်ချန်းချန်း ရယ်မော၍
“နင့်ဝေဖန်ချက်ကလည်း မျှတလိုက်တာ”
“လင်းချွမ် လုပ်ကြံသူ ဖြစ်ခဲ့ဖူးလားလို့ မေးချင်တာတော့ မဟုတ်ပါဘူးနော်”
ရှချင်းချင်း အားလုံးကို ဝေ့ကြည့်၍ ပြုံးကာ မေးသည်။
အားလုံး တိတ်ဆိတ်နေကြ၏။
ကျန်းမင်မှာ သူ့အကြောင်း သေချာမသိ၍ အတော်လေး စိုးရိမ်နေလေပြီ။
ရှချင်းချင်း လက်ချောင်းလေးများ ချိုးလျက်
“လင်းချွမ်သာ လုပ်ကြံသူဆိုရင် သူခိုး၊ လူလိမ်၊ ဟက်ကာ၊ ကျားဖြန့်၊ ရှေးဟောင်းပစ္စည်းအတု လုပ်သူ၊ သိုက်တူးသမား၊ မူးယစ်ဆေး ထုတ်လုပ်ရေး၊ လက်နက် ထုတ်လုပ်ရေးတွေရော သူ အကုန် ရေးဖူးတယ်လေ။ နောက်ဆုံး ထိပ်တန်းအေးဂျင့်တောင် ရှိသေးတယ်။ သူ အဲ့အလုပ်တွေ အကုန် လုပ်ဖူးတာလား”
ပရိသတ်စစ်စစ်ဖြစ်သော ရှန်ချန်းချန်းလည်း ခေါင်းငြိမ့်ထောက်ခံ၍
“ဟုတ်တယ်နော်။ မဖြစ်နိုင်ပါဘူး။ သူ့အသက်က (၂၅) နှစ်ပဲ ရှိသေးတာ။ အဲ့လို အလုပ်တိုင်းက ဆယ်စုနှစ်တော့ အနည်းဆုံး လေ့လာမှ ကျွမ်းကျင်မှာ”
ဟူတာချန်းလည်း သူ့စာအုပ်များ ဖတ်ဖူးသောကြောင့် ခေါင်းငြိမ့်ပြလျက်
“ကြည့်ရတာ လင်းချွမ်က တချို့နယ်ပယ်တွေမှာ ပါရမီပါတယ် ထင်တယ်။ စုံစမ်းရေးနဲ့ တိုက်ခိုက်ရေးတွေလိုမှာပေါ့။ ကမ္ဘာနဲ့ချီပြီး ထိပ်တန်း လုပ်ကြံသူတဲ့။ ခရိုနေး သူ့ဟာသူ ဇာတ်လမ်းဆင်နေတာပဲ”
ဟူတာချန်း ပြောရင်း ရယ်မောလျက်
“ဟုတ်သားပဲ။ အင်္ဂလန်က ထိပ်တန်းလုပ်ကြံသူက ရှုံးတယ်ဆိုတော့လည်း ဒီလိုတွေးနိုင်တာပေါ့”
ရှချင်းချင်းမှ ဝင်၍
“သူ့မှာ တကယ်ပဲ အဲ့လို အရည်အချင်း ရှိနေရင်တောင် ရဲတွေနဲ့ပဲ အမြဲပူးပေါင်းပြီး အပြင်အလုပ်တွေ လိုက်မလုပ်ဖူးဘူးလေ။ အဲ့တာဆို ဘယ်လို လုပ်ကြံသူ ဖြစ်မှာလဲ”
သူတို့ ပြောပြောဆိုဆိုနှင့် လင်းချွမ်၏ ဂုဏ်သတင်း ပြန်တက်လာသည်။
ရှန်ချန်းချန်းမှ
“လူတစ်ယောက်ကို ဝေဖန်ချင်ရင် သူ ဘာတွေလုပ်ခဲ့လဲဆိုတာ ကြည့်ရမှာပေါ့”
ကျန်းမင် လက်ယမ်းပြကာ
“ငါ နားမလည်တော့ဘူး။ ဘာလို့ အားလုံး အဲ့ကောင်လေးဘက်က လိုက်ပြောပေးနေကြတာလဲ”
ရှန်ချန်းချန်းတို့ အချင်းချင်း ကြည့်လိုက်မိ၏။
ခဏအကြာမှ ရှန်ချန်းချန်းက
“ဒီအတိုင်း အချက်အလက်တွေအရ သုံးသပ်တာပါ”
ကျန်းမင် ရယ်မောလျက်
“မင်းတို့ သုံးသပ်တာက ဘက်လိုက်တာပဲလေ”
ရှန်ချန်းချန်း ပြုံးနေ၏။
“ဟုတ်ပါပြီ။ ကြည့်ရသလောက် လင်းချွမ် တော်မှန်း သိသာပါတယ်။ ခရိုနေးကို ရှင်းဖို့ လွယ်ပေမဲ့ နောက်ဆက်တွဲက အရေးကြီးတယ်နော်”
ကျန်းမင် လေးနက်စွာ ပြော၏။
သူ လင်းချွမ်အကြောင်း မသိသော်လည်း ပုံမှန်အခြေအနေကိုတော့ နားလည်ပါသည်။
“ဆရာကျန်းရဲ့ အတွေ့အကြုံအရ လင်းချွမ်ကို ကူညီနိုင်တာမျိုး ရှိမလား”
ရှန်ချန်းချန်းမှ မေးလိုက်သည်။
ကျန်းမင် ပါးစပ်အဟောင်းသား ဖြစ်နေပြီးမှ တစ်ခွန်းသာ ပြောလိုက်၏။
“လင်းချွမ်က ငါ့ထက် ပိုတတ်နိုင်ပါတယ်”