အင်တာပိုနှင့် ဆက်သွယ်ခြင်း
Vol. 33 Ch. 483
“သူငယ်ချင်းရေ အခုထိ မအိပ်သေးဘူးမလား”
ရဲစခန်းထောင့်၌ ကျန်းမင် ဖုန်းကိုထုတ်၍ ဆက်လိုက်၏။
သူ့အသံမှာ တုန်ရီလျက် စိတ်လှုပ်ရှားနေမှန်း သိသာလေသည်။
သူ ထိုဖုန်းကို မဆက်ဖြစ်သည်မှာ အတော်လေး ကြာခဲ့လေပြီ။
သူ့မိတ်ဆွေ ကျောက်ဟိုင်ဖျင် ဖြစ်၏။
နှစ်ယောက်သားမှာ ဥရောပဘက်၌ နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင်အဖြစ် အတူတူ အလုပ်လုပ်ခဲ့ဖူးပြီး နိုင်ငံတကာ အမှုတွဲများအား ကိုင်တွယ်ရ၍ အတော်လေး ရင်းနှီးကြပါသည်။
“အစ်ကိုကျန်းလား”
ဖုန်းထဲမှ ကျောက်ဟိုင်ဖျင်၏အသံမှာလည်း စိတ်လှုပ်ရှား အံ့ဩနေသည်။
“ဟုတ်တယ်။ ကျွန်တော်ပါ”
ကျန်းမင် ခေါင်းငြိမ့်ပြ၏။
“အစ်ကိုကျန်းရယ် ကျွန်တော် အကြာကြီး စောင့်နေခဲ့တာ”
“ခင်ဗျားက အလုပ်ရှုပ်တယ်လေ။ ကျွန်တော်က ပင်စင်ယူထားပေမဲ့ ခင်ဗျားက မှုခင်းအဖွဲ့မှာမလား”
ကျန်းမင် သက်ပြင်းချ၍ ခပ်ဆွေးဆွေး ပြောလေသည်။
“အစ်ကို အဲ့လုပ်ကြံသူကြောင့် အများကြီး စိတ်ဖိစီးပြီး စည်းမျဉ်းတွေ ချိုးဖောက်မိတာလေ။ အဲ့ကိစ္စကြောင့်သာ မဟုတ်ရင် အခုချိန် နိုင်ငံတကာ ရဲတပ်ဖွဲ့မှာ အရမ်းအောင်မြင်နေလောက်ပြီ”
ကျောက်ဟိုင်ဖျင် ရယ်မော၍ ပြော၏။
ကျန်းမင် ပြုံးလျက်
“အားလုံး ပြီးသွားခဲ့ပါပြီ”
“ဟုတ်ပါ့”
ကျောက် သက်ပြင်းချ၍
“ကျွန်တော် ခရိုနေးအကြောင်းကို တောက်လျှောက် စုံစမ်းနေပေမဲ့ သူက တော်တော် အပုန်းကောင်းတာပဲ။ ဘာသတင်းမှ မကြားရဘူး”
ကျန်းမင် အခန်းထဲမှ လူများကို တစ်ချက် ဝေ့ကြည့်ပြီးနောက်
“ဒီနေ့ ဖုန်းဆက်လိုက်တာ ခရိုနေးအကြောင်း ပြောမလို့”
“သတင်းတစ်ခုခု သိလို့လား။ အစ်ကိုကျန်း စိတ်သာချလိုက်။ ဒီတစ်ခါတော့ ကျွန်တော် သေချာဖမ်းပေးမယ်”
သူ ယုံကြည်ချက်အပြည့်ဖြင့် ပြော၏။
အဟမ်း!
ကျန်းမင်၏ ချောင်းဟန့်သံကြား၍
“ဘာလို့လဲ အစ်ကို။ နေမကောင်းဘူးလား”
သူ စနောက်သလို ပြောလိုက်သည်။
“နေစမ်းပါ။ ပင်စင်ယူလိုက်ရပေမဲ့ မင်းလောက်ကတော့ နောက်ထပ် (၁၀) ယောက် အကြောပေးတယ်”
“ယုံပါတယ်ဗျာ။ အဲ့ခေတ်က ခရိုနေးနဲ့ ယှဉ်တိုက်ခိုက်နိုင်တာ အစ်ကိုပဲ ရှိတယ်လေ။ ဒါနဲ့ သူ့သတင်းသိရပြီဆို။ အခု ဘယ်မှာတဲ့လဲ”
ကျန်းမင် လေတဖြူးဖြူးတိုက်ခတ်နေသော ပြတင်းပေါက်ကို လှမ်းကြည့်ကာ သက်ပြင်းချ၍
“ခရိုနေးက အန်လင်းမှာ”
“အန်လင်းလား။ အစ်ကို နယ်မြေထဲပဲပေါ့။ ဘယ်လိုလုပ် သူက အဲ့ကို ရောက်သွားတာလဲ။ နေပါဦး။ အဲ့က တာဝန်ခံတွေကို အခုပဲ ဖုန်းဆက်ပြီး ဖမ်းဖို့ ပြောလိုက်မယ်”
“နေဦး”
ကျန်းမင် အမြန် တားလိုက်၏။ ထို့နောက်
“ခရိုနေးကို ဖမ်းပြီးပြီ။ အခု အန်လင်းရဲစခန်းမှာ။ ကျွန်တော်လည်း အခုလေးတင် တွေ့ပြီးပြီ”
ဟင်။
တစ်ဖက်မှ အသံခဏတိတ်နေပြီးမှ
“ဖမ်းလိုက်ပြီလား။ တော်လိုက်တာ အစ်ကိုရယ်။ နောက်ဆုံးတော့ ဆန္ဒတွေ ပြည့်မြောက်သွားပြီပဲ။ ဂုဏ်ယူပါတယ်ဗျာ။ ကျွန်တော်ရောက်မှ တစ်ခွက်လောက် သောက်ကြတာပေါ့”
“နေဦး။ ငါ ဖမ်းတာ မဟုတ်ဘူး”
“မဟုတ်ဘူးလား။ မနောက်ပါနဲ့ အစ်ကိုရယ်။ အန်လင်းမှာ အစ်ကို မဟုတ်ဘဲ ဘယ်ချာတိတ်က ဖမ်းနိုင်မှာလဲ”
“ဟုတ်တယ်။ ခရိုနေးကိုဖမ်းတာ တကယ် ချာတိတ်လေးပဲ”
“အန်လင်းမှာ အဲ့လောက် တော်တဲ့သူ ရှိတာလား။ ဘယ်တစ်ယောက်လဲ။ ကျွန်တော့်လက်အောက် ခေါ်ထားဦးမယ်။ ဒီလိုအရည်အချင်းက တန်ဖိုးထားရမယ်လေ”
“သူက…”
ကျန်းမင် ခဏတွေဝေနေပြီးမှ
“သူက ရဲမဟုတ်ဘူး။ သူ့အကြောင်းက ပြောရမှာ ရှုပ်တယ်။ သူ့အလုပ်တွေထဲက တစ်ခု ဆိုရင်တော့ အွန်လိုင်း စာရေးဆရာပေါ့”
“စာရေးဆရာက တိုက်ခိုက်နိုင်တာလား”
“တိုက်ခိုက်တာထက် လုံးဝ အနိုင်ယူလာတာ”
ကျောင်ဟိုင်ဖျင် မျက်မှောင်ကြုတ်၍ လုံးဝ မယုံနိုင် ဖြစ်နေ၏။
“နားကြားလွဲတယ် ထင်နေတာလား။ မဟုတ်ဘူး။ တကယ်ပြောနေတာပါ”
“ဘယ်လို စာရေးဆရာက အဲ့လောက်အင်အား ရှိမှာလဲ”
“သူ့နာမည်က လင်းချွမ်ပါ။ အွန်လိုင်း စာရေးဆရာလောကမှာတော့ နာမည်ကြီးတယ်။ ကြားဖူးလားတော့ မသိဘူး”
“ကြားတော့ ကြားဖူးတယ် ထင်တယ်”
“အင်း အခု သူ့ကိစ္စလည်း ပြောမလို့ ဆက်လိုက်တာ”
“သူက ဘာဖြစ်လို့လဲ”
“ကိစ္စက နည်းနည်းတော့ ရှုပ်တယ်။ ဒါပေမဲ့ ရှင်းအောင် ပြောရရင် ခရိုနေးက လင်းချွမ်ကို အရှင်ဖမ်းဖို့ တာဝန်ပေးခံရတာ။ အဲ့တော့ နိုင်ငံတကာ ပြစ်မှုရေးရာနဲ့ ဆိုင်နေတယ်”
ကျောက်ဟိုင်ဖျင် ခဏစဉ်းစား၍
“ကောင်းပါပြီ။ နောက်ကွယ်က ခိုင်းတဲ့သူကို ချက်ချင်း စုံစမ်းကြည့်လိုက်မယ်”
“ဟုတ်ပြီ။ မနက်ဖြန် ဟန်မြစ်အပိုင်း ရဲစခန်းကနေ ဆက်သွယ်လာပါလိမ့်မယ်”
ရှန်ချန်းချန်း ကျန်းပြောင်အား သတင်းပို့ထားပြီး ဖြစ်ပါသည်။
လင်းချွမ်ကိစ္စ ဖြစ်နေ၍ သူ ပို၍ ဂရုစိုက်ပါသည်။
“ဟုတ်ပြီလေ။ ဆက်သွယ်လာရင် ကျွန်တော်တို့ဘက်ကလည်း တစ်ယောက်ယောက် လွှတ်ပြီး လင်းချွမ်ကို ခေါ်မေးပါ့မယ်”
ဖုန်းချလိုက်ပြီးနောက် ကျန်းမင် လူအုပ်အနီး ပြန်လာ၍ ရယ်မောကာ
“အခုပဲ ပြောလိုက်ပြီးပြီ”
ရှန်ချန်းချန်းမှ
“ဆရာကျန်းကတော့ တကယ့် သူရဲကောင်းပဲ”
ကျန်းမင် ရယ်မောကာ
“အဲ့တာကြောင့် ငါ့ကို ခေါ်လိုက်တာပေါ့လေ”
“ဆရာကျန်း အရင်တည်းက ခရိုနေးကို မိရင် အကြောင်းကြားဖို့ မှာထားလို့ပါ”
“ဒီကောင်မလေးကတော့”
ဆရာတပည့် စနောက်နေကြ၏။
အမှန်လည်း သူ့ဆရာအဆက်အသွယ်ဖြင့် အင်တာပိုကို အကြောင်းကြားချင်ခဲ့သည်။
ထိုအခါမှ လင်းချွမ်အတွက် ပိုစိတ်ချရမည် ဖြစ်၏။
သူ့တွင် ရန်သူ အလွန်များလွန်းသည်။
“လင်းချွမ် ရှင် ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ပါတယ်”
သူ စိတ်ထဲမှ တွေးနေမိ၏။
ရှချင်းချင်း သူ စိုးရိမ်နေသည်ကို သတိထားမိကာ ပုခုံးလာပုတ်၍
“အရမ်း စိတ်မပူပါနဲ့။ ငါတော့ လင်းချွမ်ကို ယုံတယ်”
“ဒါပေါ့။ ငါလည်း ယုံပါတယ်”
ရှန်ချန်းချန်း ရယ်မော၍ ပြန်ပြောလိုက်၏။
“တော်တော်တောင် ကြာနေပြီနော်။ လင်းချွမ် ဧည့်ခန်းထဲမှာ တစ်ယောက်တည်း ဘာလုပ်နေလဲ မသိဘူး။ သွားကြည့်လိုက်ဦးမယ်”
ရှချင်းချင်း ပြောပြောဆိုဆိုနှင့် ထထွက်သွား၏။
“နေဦး။ ငါ ဒီဖိုင်လေးတွေစုပြီး အတူတူ သွားမယ်”
ရှန်ချန်းချန်းမှ လှမ်းပြောသည်။
စစ်ဆေးရေးမှာ မနက်ဖြန်မှ ဆက်ဆောင်ရွက်မည် ဖြစ်၏။
ရဲစခန်းထဲ၌ တစ်ရက်တည်းဖြင့် အတော်လေး အလုပ်ရှုပ်သွားသည်။
ကာယကံရှင်ဖြစ်သော လင်းချွမ်လည်း ပင်ပန်းနေလေပြီ။
ရှချင်းချင်းတို့ ဧည့်ခန်းထဲ ရောက်သောအခါ လင်းချွမ်တစ်ယောက် လက်ပိုက်လျက် ကုတ်အင်္ကျီခြုံကာ ဆိုဖာကိုမှီ၍ ပါးစပ်လေး အနည်းငယ်ပွင့်၍ ငိုက်မြည်းနေ၏။
ရဲမေ (၂) ဦးအချင်းချင်း ကြည့်၍ တိတ်တိတ်လေး ပြန်ထွက်သွားရန် ပြင်လိုက်စဉ် လင်းချွမ် ရုတ်တရက် အသံထွက်လာသည်။
“တစ်နေကုန် အလုပ်တွေရှုပ်ထားတာ။ ဗိုက်မဆာဘူးလား”
“အင်း…”
မိန်းကလေးများ ရယ်မောမိသည်။
“ကျွန်တော်လည်း ဗိုက်ဆာနေပြီ။ ရှင်းရှင်း ညလယ်စာ ပြင်ထားတယ်တဲ့။ ချန်းချန်းတို့ကိုပါ ခေါ်ခဲ့ခိုင်းတာ။ အလုပ်ပြီးကြပြီလား”
“ပြီးပါပြီ”
“ဒါဆို သွားတာပေါ့”
လင်းချွမ် ပြုံး၍ မတ်တပ်ထရပ်ကာ ရှေ့မှ ထွက်သွားသည်။
“ကျွန်မတို့ ရောက်လာမယ်လို့ ဘယ်လိုသိတာလဲ”
“သတိထားလို့လေ။ ရဲမေရှန်တို့က ရဲမေ မစစ်လို့ပေါ့”
ရှန်ချန်းချန်း စနောက်သလိုဖြင့်
“ဒါက ထိပ်တန်း လုပ်ကြံသူတစ်ယောက်ရဲ့ သတိထားမှုလိုလား”
“ထိပ်တန်းအေးဂျင့်ရဲ့ သတိထားမှုလည်း ဖြစ်နိုင်တယ်”
ရှချင်းချင်းမှ ဝင်ပြောသည်။
လင်းချွမ် သူတို့ကိုကြည့်၍ ရယ်မောကာ
“ခုနက ခရိုနေး ပေါက်ကရတွေ ပြောလိုက်ပြီ ထင်တယ်”
“အခုမှ သူပြောတာ မှန်ကြောင်း သိသာလာတာပဲ”
“မဟုတ်တာတွေ မယုံစမ်းပါနဲ့ဗျာ။ လျှောက်ပြောနေတာ”
လင်းချွမ် ခရိုနေးအား စိတ်ထဲမှ ကျိန်ဆဲနေမိသည်။