အင်တာပိုက ရောက်ပါပြီ
Vol. 33 Ch. 484
ဆောင်းနံနက်ခင်းမှာ သူ့အလှနှင့်သူ ဆွဲဆောင်မှု ရှိနေသည်။
ယုချင်းနှင့် ခရိုနေးတို့ ဆက်တိုက် ကျရှုံးမှုကြောင့် အင်အားစုများအနေဖြင့် တိတ်ဆိတ်သွားသည်။
ယုံကြည်ချက် လွန်ကဲသော ပိုင်ရှန်အုပ်စုပင် လင်းချွမ်၏ လုပ်ဆောင်ရည်ကို ပြန်စဉ်းစားနေရလေပြီ။
ကျားကြီးလည်း ခရိုနေး လင်းချွမ်ထံ အဖမ်းခံရမည်ဟု လုံးဝ မထင်ထားချေ။
မော်ဂန်အုပ်စု၌မူ လူးကပ်စ်သာ အရှေ့တောင်အာရှ အပိုင်းကို စီမံခန့်ခွဲနေရ၏။
ယုညီအစ်မ မရှိတော့သောကြောင့် သူ့အတွက် အလုပ်ပိုလာခဲ့သည်။
ဒူးဒဏ်ရာ အရှင်းမပျောက်သေးသော်လည်း ဝှီးချဲကို စွန့်ခွါ၍ နားချိန်မရှိဘဲ ကြိုးစားနေရသည်။
AW အဖွဲ့လည်း ထိုသို့ပင်။
ကားလ် အဖမ်းခံထားရသောကြောင့် လင်းချွမ်ကို ယှဉ်နိုင်မည့်ဟက်ကာ ထပ်မရှာနိုင်တော့ပေ။
လုပ်ငန်းကြီး (၃) ခုလုံး ထူးဆန်းစွာ ငြိမ်သက်နေ၏။
နှစ်သစ်ကူးပိတ်ရက်မှာ ငြိမ်းချမ်းနေလေသည်။
သို့သော် လင်းချွမ် စိတ်ကို လွှတ်မထားပေ။
ရန်သူများမှာ အချိန်မရွေး တိုက်ခိုက်နိုင်၏။
ထို့အပြင် အင်တာပိုမှ ကျောက်ဟိုင်ဖျင်ကလည်း ဆက်သွယ်လာသည်။ သူတို့ဘက်မှ ဝန်ထမ်း (၂) ဦး စေလွှတ်၍ အမှုဆက်စုံစမ်းရန် ဖြစ်သည်။
“သူဌေး အင်တာပိုက ရောက်လာပါပြီ”
ကျန်းရှင်းရှင်း သူ့အဝတ်အစားများ သေသပ်အောင် ကူညီရင်း စိုးရိမ်စွာဖြင့်
“အမှုမှာ ရဲတွေ ပိုပါလာလေ ကိစ္စလည်း ကြီးလေပဲ။ တော်တော် အရေးကြီးပုံ ရတယ်”
လင်းချွမ် သူ့ဆံနွယ်များအား သပ်လျက်
“စိတ်မပူပါနဲ့။ ကို အဆင်ပြေအောင် လုပ်နိုင်ပါတယ်။ ကိုက စပြီး လှုပ်ရှားမှာလေ”
ကျန်း၏ ပါးနုနုလေးကိုဆွဲကာ ပြောလိုက်သည်။
သူ လင်းချွမ်၏ လက်ဖဝါးကို နူးညံ့စွာ ကိုင်လျက်
“အန္တရာယ်ကင်းဖို့ အဓိကနော်။ ဟိုလူ ခရိုနေးကြောင့် အရမ်းလန့်သွားတာ”
လင်းချွမ် ခဏစဉ်းစား၍ တိုးတိုးလေး ကပ်ပြောလိုက်သည်။
“လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ ကိုက ထိပ်တန်း လုပ်ကြံသူလေ။ အဲ့တာကြောင့် ဘယ်သူလာလာ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ”
“ကြွားပြန်ပြီ”
“တကယ်ပြောတာ”
“ဒါဆို ပြောပါဦး။ ဘာတာဝန် လုပ်ခဲ့လဲ။ ဘယ်သူ့ကို သတ်ခဲ့လဲ”
“အလုပ်တော့ လက်မခံရသေးဘူးပေါ့”
ကျန်း ရယ်မောကာ
“ဟုတ်ပါပြီ။ ကဲ သွားတော့။ မမချန်းချန်းတို့ စောင့်နေရပြီ”
“အင်းပါ။ ကိုပြန်လာခဲ့မယ်။ စောင့်နေနော်”
လင်းချွမ် သူ့ပါးလေးကို ညှစ်၍ တက်တက်ကြွကြွ ထွက်သွားတော့သည်။
သူ အောက်ရောက်သောအခါ ရှန်ချန်းချန်းကားမှာ စောင့်နေသည်။
“ကျွန်တော့် ကိုယ်ပိုင်ယာဉ်မောင်း ဖြစ်နေပြီပဲ”
လင်းချွမ် စနောက်ရင်း အရှေ့ခန်း၌ ဝင်ထိုင်သည်။
“အမလေး ရှင်ပါနေတဲ့ အမှုတွေက ကြီးတာကိုး”
အွန်လိုင်းစာရေးဆရာတစ်ဦး ပတ်သက်နေသော အမှုများမှာ သေစေနိုင်လောက်အောင် အန္တရာယ် ရှိလေသည်။
“ဒါလေးတွေက ဘာမှ မဟုတ်ပါဘူး”
ရဲယူနီဖောင်းဖြင့် သန့်ရှင်းလှပနေသော ရှန်ချန်းချန်း သူ့ကို လှည့်ကြည့်၏။
“ဘာကြည့်တာလဲ”
သူ ရယ်မောလျက်
“ရှင် ဘယ်လောက် ကြွားနိုင်မလဲလို့ပါ”
ဤသည်မှာ သူ့ယုံကြည်ချက်မှန်း ရှန်ချန်းချန်း သိပါသည်။ အခြားသူသာဖြစ်လျှင်တော့ ဘဝင်မြင့်သည်ဟု အထင်ခံရနိုင်၏။
“အတွေ့အကြုံအရပါ။ ကြွားတာ မဟုတ်ပါဘူး”
“ရှင့်စကားက ဒိတ်အောက်လိုက်တာ”
“နှစ်သစ်ကူးတော့ အသက်တစ်နှစ်ကြီးပြီလေ။ စကားတွေလည်း ရင့်ကျက်ရမှာပေါ့”
ရှန်ချန်းချန်း မျက်စောင်းလေးထိုးလျက် ရဲစခန်းဆီ ဆက်မောင်းလာခဲ့သည်။
နေရောင်ခြည်မှာ စူးရှလျက် လေပြေများ ပြတင်းပေါက်မှ တိုးဝင်လာကြသည်။
ရှန်ချန်းချန်းမှ
“လင်းချွမ် ဒီတစ်ခေါက် အင်တာပိုကနေ (၂) ယောက် လွှတ်လိုက်တယ်။ လီထုန်နဲ့ ချင်ယွန်းတဲ့။ ကျွမ်းကျင်အဆင့်တွေချည်းပဲ”
“ကောင်းပါပြီ”
“သေချာမှတ်ထားနော်။ ချင်ယွန်းက အငယ်၊ လီထုန်က ပိုရာထူးကြီးတယ်။ အကြီးအကဲကျန်းကလည်း လီထုန်ကို ပိုဂရုစိုက်ဖို့ မှာထားတာ”
“ဆန္ဒတွေ ပြည့်တော့မယ်ပေါ့”
“အင်တာပိုက ရှင့်ကို အရည်အချင်းရှိတဲ့သူလို့ သတ်မှတ်လိုက်မှာ။ ဒါပေမဲ့ အဲ့လိုဖြစ်လေ သူတို့နဲ့ ပေါင်းရ ပိုခက်လေပဲ။ ရှင့်ပူးပေါင်းမှု မယူဘဲ အမှူကို တိုက်ရိုက်ကိုင်တွယ်တာ ဖြစ်နိုင်တယ်”
“ဒါဆို ကျွန်တော် အားနေလို့ ပိုပျော်ရမှာ မဟုတ်ဘူးလား”
သူတို့ စကားပြောနေစဉ် ရဲစခန်းရှေ့ ရောက်လာကြသည်။
ထို့နောက် တွေ့ဆုံမှုကို လျှို့ဝှက်ခန်းထဲတွင် စီစဉ်ထားပါသည်။
မကြာမီ ကျန်းပြောင်နှင့် ဟူတာချန်းတို့ကိုယ်တိုင် ခေါ်လာသော စုံထောက်နှစ်ဦး ရောက်လာ၏။
လင်းချွမ် မတ်တပ်ထရပ်ကာ နှုတ်ဆက်လိုက်သည်။
ကျန်းပြောင်မှ နှစ်ဖက်စလုံးကို နွေးထွေးစွာ မိတ်ဆက်ပေးသည်။
“မင်္ဂလာပါ လင်းချွမ်”
လီထုန်နှင့် ချင်ယွန်းတို့ လင်းချွမ်နှင့် လက်ဆွဲ နှုတ်ဆက်လိုက်ကြသည်။
“မင်္ဂလာပါ”
လင်းချွမ်လည်း ပြုံး၍ ပြန်နှုတ်ဆက်၏။
ချင်ယွန်းမှာ တီရှပ်ပေါ်၌ ကုတ်အင်္ကျီ ထပ်ဝတ်ထားပြီး သန့်ရှင်းတည်ကြည်နေသော မျက်နှာမှာ လင်းချွမ်နှင့် ရွယ်တူမျှ ရှိသည်။
“လင်းချွမ် ခင်ဗျားရဲ့အရည်အချင်းကို သိထားပါတယ်”
အားလုံး ထိုင်လိုက်ပြီးနောက် ချင်ယွန်းမှ စပြောသည်။
“ဘာကို ဆိုလိုတာလဲဗျ”
“မော်ဂန်အုပ်စုရဲ့ နိုင်ငံတကာဖိုရမ် မြေအောက်လောကကို တိုက်ခိုက်တာ မှတ်မိလား”
ချင်ယွန်း ရင်းနှီးစွာပြုံး၍ ပြောလိုက်သည်။
လင်းချွမ် မျက်ခုံးပင့်သွားပြီး
“မှတ်မိပါတယ်ဗျ။ ချင်အနေနဲ့ ဒီကိစ္စကို ဂရုစိုက်မိမယ် မထင်ထားဘူး”
ချင်ယွန်း ခေါင်းငြိမ့်၍ ပြုံးကာ
“အဲ့အချိန်က ကျွန်တော်လည်း အရှေ့တောင်အာရှ မူးယစ်ဆေးမှုတွေ စုံစမ်းနေတာလေ။ ခင်ဗျား ပြန်တိုက်ခိုက်လိုက်လို့ အကုန်ဆက်စပ်ပြီး အဆင်ပြေသွားတာ။ မဟုတ်ရင် ကျွန်တော် အခု ခေါင်းမွေးပြောင်နေပြီ”
အားလုံး ပြုံးလိုက်မိ၏။
ရှန်ချန်းချန်းလည်း အံ့ဩနေသည်။
ချင်ယွန်းမှာ လင်းချွမ်အကြောင်း သိနေသည်လား။
အစက လင်းချွမ်ကို ဒုက္ခပေးကြမည်လားဟု ထင်သော်လည်း ယခုမှ သက်ပြင်းချနိုင်တော့၏။
“ကျေးဇူးပါ”
လင်းချွမ် ပြုံး၍ ပြန်ပြောလိုက်သည်။
ထိုစဉ် ကျန်းပြောင်မှ ဝင်နောက်၏။
“ဒီလိုဆို ဒီနေ့က စာဖတ်မိတ်ဆွေတွေ တွေ့ဆုံပွဲလိုပဲနော်”
ချင်ယွန်း ရယ်မောကာ
“လင်းချွမ်က မှုခင်းတွေအကြောင်း သေချာ လေ့လာထားပုံပဲ။ အဲ့တာကြောင့် ထိထိမိမိ ရေးနိုင်တာပေါ့”
လင်းချွမ် လက်ယမ်းပြကာ နှိမ့်ချလျက်
“လိုအပ်တာလောက်ပါပဲ။ အရမ်းသိတာ မဟုတ်ပါဘူး”
ဤသို့ဖြင့် စကားဝိုင်းမှာ ပိုရင်းနှီး နွေးထွေးလာသည်။
ပြီးနောက် ကျန်းပြောင်တို့ ထွက်သွားသောအခါ အခန်းထဲတွင် လင်းချွမ်၊ ရှန်ချန်းချန်း၊ လီထုန်နှင့် ချင်ယွန်းတို့သာ ကျန်ခဲ့သည်။
ရှန်ချန်းချန်းမှ ဦးဆောင်၍ ဆွေးနွေးပေး၏။
“ဒီတစ်ခေါက် လင်းချွမ်ကို တိုက်ခိုက်တဲ့ ယုချင်းနဲ့ ခရိုနေးနောက်ကွယ်မှာ အကောင်ကြီးတွေ ရှိနေပါတယ်။ ယုချင်းနောက်မှာ မော်ဂန်အုပ်စုနဲ့ ခရိုနေးနောက်မှာတော့ ဒေါ်လာ (၁၀) သန်းတောင် ပေးနိုင်တဲ့ ရန်သူကို ရှာရပါမယ်”
ချင်ယွန်း တိတ်ဆိတ်လျက် လီထုန်အား ကြည့်နေသည်။ လင်းချွမ်လည်း သူ့ကို လှမ်းကြည့်မိ၏။
အသက် (၃၀) ကျော် ထိုအမျိုးသမီးမှာ ဆံပင်တိုတို၊ သပ်သပ်ရပ်ရပ် ဝတ်စားထားပြီး အသားအရည်မှာ နေဒဏ်ကြောင့် အနည်းငယ် ကြမ်းနေသည်။
သူ့ပုံစံမှာ ချင်ယွန်းကဲ့သို့ ခပ်မတ်မတ် မဟုတ်ဘဲ ပေါ့ပါးနေ၏။
သူ လင်းချွမ်အား စူးရှစွာ စိုက်ကြည့်၍
“လင်းချွမ် သူတို့နောက်က သူဌေးထက် ရှင် ဘယ်လိုလုပ် ယုချင်းနဲ့ ခရိုနေးကို ဖမ်းလိုက်နိုင်တာလဲ ဆိုတာ ပိုစိတ်ဝင်စားတယ်”
လင်းချွမ် အံ့ဩသွားမိသည်။
ထို့နောက် ခဏစဉ်းစား၍
“ယုချင်းကိုတော့ ကျွန်တော် ကြိုသိလို့ ထိန်းချုပ်လိုက်နိုင်တာ။ ခရိုနေးကကျတော့ တကယ် တိုက်ဆိုင်တာပါ”
“ရှင်းပြပေးနိုင်မလား”
“ရပါတယ်”
ထို့နောက် ကိစ္စအစအဆုံး ပြန်ပြောပြလိုက်သည်။
လီထုန် မျက်ခုံးပင့်မိပြီး
“ယုချင်းနားမှာ အေးဂျင့် လွှတ်ထားတယ်လား”
လင်းချွမ် လက်ယမ်းပြ၍ ပြုံးကာ
“အေးဂျင့်ရယ်လို့ မဟုတ်ပါဘူး။ သူ မထင်ထားတဲ့သူဆီကနေ သတင်းပြန်ယူတာပေါ့”
“ခရိုနေးကရော”
“သူက တိုက်ဆိုင်သွားတာလေ”
လီထုန် ခေါင်းတငြိမ့်ငြိမ့်ဖြင့်
“လင်းချွမ် ရှင်က အရမ်း သတိထားတတ်တာပဲ”
“ရန်သူတွေ များတာကိုး”
“အဲ့တာဆို ရှင့် hacking အရည်အချင်းနဲ့ ခရိုနေး သူဌေးကို ခန့်မှန်းမိတာ မရှိဘူးလား”
“ပိုင်ရှန်အုပ်စုပါ”
လင်းချွမ် ချက်ချင်း ပြန်ဖြေလိုက်သည်။