သူလျှို လုပ်ဖူးတယ်မလား
Vol. 33 Ch. 485
ထိုလျှို့ဝှက်အခန်းငယ်ထဲ၌။
စကား ခဏနားစဉ် ရှန်ချန်းချန်းမှ အားလုံးအတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။
လီထုန် ခေါင်းငြိမ့်ပြ၍ လက်ဖက်ရည်တစ်ငုံသောက်ကာ လင်းချွမ်ကို လှမ်းကြည့်လျက်
“မော်ဂန်နဲ့ ပိုင်ရှန်လို မှောင်ခိုဂိုဏ်းကြီးတွေက တိုက်ခိုက်နေတာပဲ။ မော်ဂန်နဲ့က သတင်းကြားထားလို့ ထားပါတော့။ ပိုင်ရှန်အုပ်စုနဲ့ရော ဘယ်လိုဖြစ်ကြတာလဲ”
မည်သို့သော ကိစ္စများရှိခဲ့၍ လင်းချွမ်အား အရှင်ဖမ်းရန် ဒေါ်လာ (၁၀) သန်း သုံးရသနည်း။
အလွန်အရေးကြီးလှသော အချက် ဖြစ်လေ၏။
ထိုစဉ် မှတ်တမ်းလိုက်ရေးနေသော ချင်ယွန်း ခဏရပ်သွားပြီး လင်းချွမ်အား အာရုံစိုက်လိုက်သည်။
လင်းချွမ်မှ
“ကျွန်တော် ထုတ်လုပ်နေတဲ့ လက်နက် နည်းပညာ အသစ်ကြောင့်လေ”
ချင်ယွန်းနှင့် လီထုန်တို့ စွံ့အသွားကြ၏။
သူ ဆာနီယာမှ လင်းချွမ်အား တရားစွဲသည့်ကိစ္စကို ကြားလိုက်ပါသည်။ သို့သော် ထိုရလဒ်ကောင်းအတွက် ပိုင်ရှန်အုပ်စုမှ ဆုကြေးများစွာ ထုတ်ကာ လင်းချွမ်ကို ဖမ်းခိုင်းမည်ဟုတော့ မထင်ထားမိ။
လီထုန် အကြမ်းဖျင်း သဘောပေါက်သွားလေပြီ။
ထို့နောက် ယုချင်းနှင့် ခရိုနေးတို့၏ ဖိုင်များအား အသေးစိတ် စစ်ဆေးကြည့်လိုက်၏။
တစ်နာရီဝန်းကျင် အကြာတွင်။
အားလုံး စစ်ဆေးပြီးသွားပြီး လီထုန် မတ်တပ်ထရပ်၍ ပြုံးကာ
“လင်းချွမ် အဖွဲ့အစည်း (၂) ခုလုံးကိုတော့ ကျွန်မတို့ စစ်ဆေးပြီးပါပြီ။ ဒီနောက်ပိုင်းကို ကျွန်မတို့ဆီသာ အပ်ထားလိုက်”
လင်းချွမ် အနည်းငယ် အံ့ဩသွားသည်။
အမှုကို အင်တာပိုဆီ အပြည့်အပ်လိုက်ရမှာလား။
ရှန်ချန်းချန်းလည်း မှင်တက်လျက် မနေနိုင်တော့ဘဲ ဝင်မေးလိုက်သည်။
“ခေါင်းဆောင်လီ ဒီအဖွဲ့ (၂) ခုလုံး ရှင်းပစ်ဖို့ ယုံကြည်ချက် ရှိလား”
လီထုန် သူ့ကို လှမ်းကြည့်၍ ပြုံးကာ
“ရဲမေရှန် ဒီ (၂) ဖွဲ့ရဲ့ ဖြစ်တည်မှုကို သိမှာမဟုတ်ဘူး။ သူတို့က ကျွန်မတို့နိုင်ငံထဲ ရောက်နေပေမဲ့ တိတ်တိတ်လေး နေကြတာလေ။ ပြဿနာ မရှာရဲဘူး။ ဒါပေမဲ့ အရှေ့တောင်အာရှမှာ ပေါက်ရောက်မှုက အရမ်းကြီးလို့ ဘယ်နိုင်ငံ ရဲတပ်ဖွဲ့ကမှ ချက်ချင်း မရှင်းနိုင်ဘူး”
“ဒါပေမဲ့…”
ရှန်ချန်းချန်း စိတ်ရှုပ်ထွေးသွားသည်။
လီထုန် သက်ပြင်းချ၍
“မင်းတို့ ခံစားချက်ကို နားလည်ပါတယ်။ ကျွန်မတို့ လုပ်နိုင်တာက လက်ရှိအချက်အလက်တွေအရ သူတို့အကြောင်း ပိုဖော်ထုတ်ရမယ်။ ဘယ်အထိ ဖြစ်သွားမလဲတော့ အာမ,မခံနိုင်ဘူး”
“ကျွန်တော်တို့ အကောင်းဆုံး လုပ်မှာပါ”
ချင်ယွန်းမှလည်း ဝင်ပြောသည်။
ရှန်ချန်းချန်းနှင့် လင်းချွမ်တို့ အချင်းချင်းကြည့်မိသည်။
သူတို့ လီထုန်နှင့်ချင်ယွန်းတို့အတွေးကို လက်မခံနိုင်ပါ။
လင်းချွမ် မျက်မှောင်ကြုတ်၍
“ဟန်မြစ်အပိုင်း ရဲတပ်ဖွဲ့နဲ့ ခေါင်းဆောင်လီတို့ ဘယ်လို ပြောထားကြလဲ မသိပေမဲ့ မော်ဂန်နဲ့ ပိုင်ရှန်ကို ဖျက်ဆီးဖို့က အင်တာပိုရဲ့ ပန်းတိုင် ဖြစ်ရမယ်မလား”
လီထုန် သူ့ကို စိုက်ကြည့်နေသော်လည်း အတွင်းစိတ်ကို မဖတ်နိုင် ဖြစ်နေ၏။
လင်းချွမ်မှ ဆက်၍
“ကျွန်တော်ကတော့ ဒါကိုအခွင့်အရေးလို့ ထင်တယ်။ ယုညီအစ်မကို ဖမ်းမိထားတော့ သူတို့ ခေါင်းဆောင်ပိုင်းအထိ လိုက်ရင်း လုပ်ငန်း (၂) ခုလုံး တစ်ပြိုင်တည်း ရှင်းနိုင်တယ်လေ”
သေးငယ် တိတ်ဆိတ်သော အခန်းထဲ၌ လင်းချွမ်၏ အသံမှာ ပဲ့တင်ထပ်သွားသည်။
ချင်ယွန်းမှာတော့ မှင်တက်လျက် မျက်လုံးပြူးကာ ပါးစပ်အဟောင်းသား ဖြစ်နေ၏။
သူ လင်းချွမ်၏အကြံပေးချက်ကို သဘောမတွေ့ပါ။
လီထုန်လည်း မျက်မှောင်ကြုတ်နေသည်။
ခဏအကြာမှ
“လင်းချွမ် ရှင် သူတို့နဲ့ ထိပ်တိုက်တွေ့ရင်း ဟိုဘက်က ခဏခဏ ရှုံးတာနဲ့ပဲ သူတို့ကို အဲ့လောက်လည်း အင်အားမကြီးပါဘူးလို့ တွေးလို့မရဘူး။ လက်တွေ့မှာ အရှေ့တောင်အာရှကို သူတို့ သိမ်းပိုက်ထားတာ ဆယ်စုနှစ်ရှိနေပြီ”
ချင်ယွန်းလည်း ခဏငြိမ်နေပြီးနောက်
“ခင်ဗျားတို့ကို စိတ်ဓာတ်ကျအောင် လုပ်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အင်တာပို ကျွန်တော်တို့ဆီမှာ ပိုပြီး အချက်အလက်တွေစုံတယ်။ အဲ့တာကြောင့် တစ်ချက်တည်း အမြစ်ဖြတ်ဖို့ဆိုတာ နတ်ပြည်သွားရတာလောက်ကို ခက်တယ်”
ရှန်ချန်းချန်းပင် အနည်းငယ် တွေဝေသွား၏။
သူပဲ အတွေးလွန်နေခဲ့သည်လား။
လင်းချွမ်၏ လွှမ်းမိုးမှုဖြင့် မော်ဂန်နှင့် ပိုင်ရှန်ကို အထင်သေးထားမိသည်။
သူတို့နိုင်ငံထဲတွင် ခပ်တိတ်တိတ် နေသော်လည်း အခြားနေရာ၌ တော်ရုံ ဖြစ်တည်မှု မဟုတ်ချေ။
လင်းချွမ် သက်ပြင်းချလိုက်ပြီး ပြုံး၍
“ခေါင်းဆောင်တို့ ကျွန်တော် သူတို့အကြောင်း ကောင်းကောင်း သိပါတယ်။ နိုင်ငံတကာ မှောင်ခိုလောကမှာ နာမည်ကြီးပေမဲ့ အဲ့လောက် ကြောက်စရာ မဟုတ်ပါဘူး”
လီထုန် သူ့ကို ခပ်တင်းတင်းကြည့်၍
“ဒီမှာ လင်းချွမ် ဒါ ဝတ္ထုမဟုတ်ဘူးနော်။ မျက်စိရှေ့မှာ ရင်ဆိုင်ရမယ့် အမှန်တရားပဲ”
“သိပါတယ်”
“သိတယ်ဆိုရင်… ဒီနှစ်ဖွဲ့ကို ရှင်းလင်းဖို့ ခက်တာလည်း နားလည်မှာပဲ”
သူလည်း ဖမ်း၍ အရေးယူချင်လှပါသည်။ သို့သော် ချင်ယွန်းပြောသကဲ့သို့ ခက်ခဲလွန်း၏။
ထို့ကြောင့် တစ်ဆင့်ချင်းသွား၍ ဖြေရှင်းရန် တွေးသည်။
လုံးဝရှင်းလင်းရန်အား အိပ်မက်ပင် မမက်ဖူးချေ။
လင်းချွမ် သူတို့အတွေးကို နားလည်ပုံဖြင့် ယုံကြည်ချက်ရှိရှိ ပြုံးလျက်
“ကျွန်တော့်အထင် ရှင်းလင်းနိုင်မယ်လို့ ထင်တယ်”
“ဘယ်လို”
အင်တာပိုမှ ဝန်ထမ်းများ မှင်တက်နေကြ၏။
သူ ဘယ်ကနေ အဲ့လောက် ယုံကြည်ချက်တွေ ရနေတာလဲ။
မိုက်မဲလိုက်တာ။
လင်းချွမ် ပြုံးလျက်
“ဒီလို မကောင်းမှုတွေ အကြာကြီး လုပ်နေခဲ့တဲ့သူတွေ ပျောက်ကွယ်သွားသင့်တယ် မထင်ဘူးလား”
ထို့နောက် ရှန်ချန်းချန်းအား လှည့်ကြည့်ကာ
“ရဲမေရှန် ထောက်ခံလား”
ရှန်ချန်းချန်း ကြောင်စီစီဖြင့်
“ဟင်… အင်း ထောက်ခံပါတယ်”
လီထုန်နှင့် ချင်ယွန်းတို့ အချင်းချင်းကြည့်ကာ ခဏအကြာမှ လီထုန် သက်ပြင်းချ၍
“လင်းချွမ် ရှင့်မှာ ဒီလိုအတွေးရှိနေမှတော့ အမှန်အတိုင်း တင်ပြပေးလိုက်ပါမယ်။ ဒါပေမဲ့ ဆုံးဖြတ်တာကတော့ ကျွန်မတို့ မဟုတ်ဘူးနော်”
လင်းချွမ် ခေါင်းငြိမ့်ပြကာ
“တင်ပြပေးရင် ရပါပြီဗျာ”
ချင်ယွန်း ဘေးမှ မှတ်တမ်း လိုက်ရေးနေ၏။
နှစ်ယောက်သား လင်းချွမ်အကြောင်းလည်း ပိုသိချင်လာမိသည်။
အသက် (၂၀) ကျော်သာ ရှိသေးသော ထိုလူငယ်လေးမှာ အတော်ထူးဆန်းလှသည်။
“ခေါင်းဆောင်လီ မေးချင်တာရှိရင် မေးပါ”
သူ့အမူအရာကြောင့် လင်းချွမ်မှပြုံး၍ ပြော၏။
လီထုန်လည်း ပြုံးလျက်
“လင်းချွမ် ရှင့်အကြောင်းတွေ ကျွန်မတို့ ဖတ်ထားပါတယ်။ နယ်ပယ်တော်တော်များများမှာလည်း အောင်မြင်နေတယ် ကြားတယ်။ ဝတ္ထုရေးတာလည်း တော်သားပဲ။ ဒါပေမဲ့ ဘယ်လိုယုံကြည်ချက်နဲ့ ဒီလောက် ဖြစ်လာလဲ သိချင်လို့ပါ”
ပြတင်းပေါက်မှ လေတဟူးဟူး တိုက်ခတ်နေသည်။
လင်းချွမ် ရယ်မော၍ သူ့ကိုကြည့်ကာ တိုက်ရိုက်မဖြေဘဲ ပြန်မေးလိုက်၏။
“ခေါင်းဆောင်လီ သူလျှို လုပ်ဖူးတယ်မလား”
လီထုန် မျက်မှောင်ကြုတ်သွားကာ
“အဲ့တာ ဘာဆိုင်လို့လဲ”
“ကျွန်တော့်အထင် မူးယစ်ဆေးနဲ့ ပတ်သက်ပြီး လုပ်ခဲ့ဖူးတာမလား”
“ဘာလို့ အဲ့လို ထင်ရတာလဲ”
“အတိအကျဆက်ပြေရရင် ခေါင်းဆောင်လီ ပိုင်ရှန်အုပ်စုရဲ့ မူးယစ်ဆေးထုတ်လုပ်ရေးအောက်မှာ လုပ်ခဲ့တာမလား”
မြောက်လေအဖြန်းတွင် လီထုန် ကြက်သီးထသွား၏။
လင်းချွမ်၏မေးခွန်းများကြောင့် စွံ့အနေသည်။
သူပြောတာ အားလုံးမှန်နေ၍ပင်။
သူ ဘယ်လိုသိတာလဲ။
အင်တာပိုအဖွဲ့ဝင်များ၏ မှတ်တမ်းကို ထိပ်တန်း လျှို့ဝှက်ချက်အနေဖြင့် သိမ်းထားပါသည်။
လင်းချွမ်အကြည့်များမှာ စူးရဲလွန်းပြီး သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်နေသလို ခံစားလာရ၍ လက်ဖက်ရည် ယူသောက်ရင်း စိတ်ငြိမ်အောင် ထိန်းရ၏။