← Chapters

မျက်နှာဖတ်တတ်တယ်

Vol. 33 Ch. 486

မျက်နှာဖတ်တတ်တယ်

Vol. 33 Ch. 486

ဤသို့ဖြင့် လင်းချွမ်တို့၏ စကားဝိုင်း ဆွေးနွေးမှုမှာ နေ့လယ်မှ ပြီးဆုံးသွား၏။

လီထုန်နှင့် ချင်ယွန်းတို့လည်း အခန်းထဲမှ ထွက်သွားကာ ကျောက်ဟိုင်ဖျင်ထံ ချက်ချင်း တင်ပြလေသည်။

အခန်းထဲ၌ လင်းချွမ်နှင့် ရှန်ချန်းချန်းသာ ကျန်ခဲ့သည်။

ရှန်ချန်းချန်း သက်ပြင်းချမိပြီး

“လင်းချွမ် ဒီအစီအစဉ်က ထင်ထားသလောက် လွယ်မှာ မဟုတ်ဘူးနော်”

လင်းချွမ် လက်ဖက်ရည်တစ်ငုံ သောက်၍

“နည်းနည်းတော့ ပိုရှုပ်မှာပေမဲ့ ထင်ထားတဲ့အတိုင်း ဖြစ်မှာပါ”

“ရှင်ထင်ထားတဲ့အတိုင်းလား”

ရှန်ချန်းချန်း မျက်မှောင်ကြုတ်၍ အံ့ဩနေသည်။

“မဖြစ်နိုင်လို့လား”

လင်းချွမ် ပြန်ဖြေလိုက်ပြီး ရှန်ချန်းချန်း သူ့ကို စိုက်ကြည့်နေ၍ အကြည့်ချင်း ဆုံသွားကြ၏။

သို့ရာတွင် သူ့မျက်ဝန်းမှတစ်ဆင့် စိတ်ကိုမဖတ်နိုင်သောကြောင့် တစ်ကိုယ်လုံး ခြုံငုံကြည့်မိသည်။

“ဘာကြည့်တာလဲ”

လင်းချွမ် မေးလိုက်၏။

“ရှင် အွန်လိုင်းစာရေးဆရာ လုပ်နေတယ်ဆိုတာ ဟန်ပြပဲလို့ ထင်လာလို့”

ရှန်ချန်းချန်း လေးနက်စွာ ပြောမိသည်။

လင်းချွမ် အံ့ဩလွန်း၍ ရယ်မောကာ

“ဘာလို့ အဲ့လိုထင်ရတာလဲ”

“ကျွန်မသိထားတဲ့ အွန်လိုင်းစာရေးဆရာတွေက အရမ်းလေးနက်တာ။ ရှင့်လို အကုန်လုံး လိုက်ပြီး အရည်အချင်းရှိနေတာမျိုး မဟုတ်ဘူး”

ရှန်ချန်းချန်း စနောက်သလိုလို၊ အတည်လိုလို ပြောလေသည်။

“အထင်လွဲနေတာပဲ”

လင်းချွမ် ရယ်မော၍ ခပ်အေးအေး ပြန်ပြောလိုက်၏။

“ရှင့်သူငယ်ချင်း ဝမ်ကျီခန်လည်း ဒီလိုအရည်အချင်းတွေ ရှိနေတာမှ မဟုတ်တာ”

ရှန်ချန်းချန်း သူ့အမြင်ကို ပြောပြ၏။

အမှန်တော့ ဝမ်ကျီခန်တင်မက၊ သူ့ချစ်သူ ရွှယ်ချီချီလည်း စာရေးဆရာတစ်ဦး ဖြစ်သည်။

သူနှင့်လည်း မကြာခဏတွေ့ဖြစ်၍ အတော် ရင်းနှီးသောကြောင့် စာရေးဆရာများအကြောင်း နားလည်ပါသည်။

“အစ်ကိုဝမ်က အင်း…”

လင်းချွမ် တိတ်တဆိတ် ရေရွတ်မိသည်။

“သူက အရည်အချင်း သိပ်မရှိတာတော့ အမှန်ပဲ”

ရှန်ချန်းချန်း မျက်မှောင်ကြုတ်လျက်

“သူလည်း subscribers (၁) သိန်းကျော်ရှိတဲ့ စာရေးဆရာ ဖြစ်နေပြီနော်”

အရည်အချင်း ဒီလောက်နဲ့ တကယ် အောင်မြင်နိုင်တာလား။

မဟုတ်သေးပါဘူး။

လင်းချွမ် မျက်ခုံးပင့်ကာ ပြန်ပြောသည်။

“ရလဒ်က အရေးမကြီးဘူးလေ။ ကျွန်တော် ပြောချင်တာက သူ့ဟာသူ ဝတ္ထုလောကမှာ အောင်မြင်ရင်တောင် တခြားနယ်ပယ်တွေတော့ အားနည်းတာပဲ”

“ရှင်ကရော တခြားနယ်ပယ်တွေအထိ တော်တာလား”

ရှန်ချန်းချန်း စိတ်ဝင်တစား ကြည့်နေ၏။

လင်းချွမ် သူ့အမူအရာကြောင့် ချောင်ပိတ်ခံရတော့မည်ကို တွေးမိကာ

“ကျွန်တော်ကကျတော့ ပိုပြီး အွန်လိုင်းစာရေးဆရာ စစ်တယ်လေ”

အဟွတ်!

ရှန်ချန်းချန်း စိတ်ထဲမှ တွေးမိ၏

လင်းချွမ် ရှင်သာ စစ်မှန်တဲ့ အွန်လိုင်းစာရေးဆရာဆိုရင် တခြား စွဲစွဲမြဲမြဲ ကြိုးစားနေတဲ့သူတွေ ဘယ်လိုလုပ်မလဲ။

“မယုံဘူးဆိုတာ သိပါတယ်ဗျာ”

လင်းချွမ် ပြုံး၍ ပြော၏။

“မယုံတာသိပြီးတော့ ထပ်လိမ်ဦးမလို့လား”

ရှန်ချန်းချန်း နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

“ကျွန်တော် လိမ်ဖို့ အတွေးမျိုး မရှိပါဘူးဗျာ”

လင်းချွမ်ပြုံးကာ ဆက်ပြော၏။

“ကျွန်တော့်အရည်အချင်းတွေကို ကြည့်ပြီး အထင်မလွဲပါနဲ့။ ဝတ္ထု ပိုပြီး လက်တွေ့ကျအောင် လေ့လာထားရုံတင်ပါ။ အစစ်အတိုင်းဖြစ်အောင် ရေးနိုင်မှ ပရိသတ်အနေနဲ့ ထပ်တူခံစားရမှာပေါ့”

လင်းချွမ် သူ့ကိုယ်သူကာကွယ်ရင်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံနေသေး၏။

သူ့ကိုယ်သူတော့ ယုံကြည်ချက်အပြည့်ဖြစ်သည်။

ရှန်ချန်းချန်းမှာ မျက်မှောင်ကြုတ်၍သာ ကြည့်နေမိသည်။

ဒီလူက လုံးဝ မယုံရဘူး။

လင်းချွမ် ထို့နောက် အခြား စာရေးသူများအကြောင်း စုံစမ်းကြည့်လိုက်သည်။

ဥပမာ သိုက်တူးသမားများအကြောင်း ရေးချင်သော်လည်း ကန်စွန်းဥတူးခြင်းဖြင့် အဆုံးသတ်ကာ ပြဿနာတက်လေ၏။

အချို့လည်း လမ်းဘေးဈေးသည်အကြောင်း ရေးရန် လေ့လာရင်း စာရေးခြင်းထက် ပိုက်ဆံပိုရှာနိုင်မည်ကို တွေ့ကာ အလုပ်ပြောင်းသွားသည်။

အခြားတစ်ဦးမှာမူ စတော့ရှယ်ယာဈေးကွက်ထဲ ဝင်ရင်း ဇာတ်အတက်အကျများကို အတွေ့အကြုံ ရလေ၏။

အမှန်တော့ အကျသာ များလေသည်။ ဤသို့ဖြင့် စာရေးခြင်းဆီ ပြန်ရောက်လာ၏။

အွန်လိုင်းစာရေးဆရာလောကမှာလည်း ရှုပ်ထွေးလှသည်။

ရှန်ချန်းချန်းတစ်ယောက် လင်းချွမ်ကို ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေသည်။

သို့သော် သူ အခြားသူများကို ဂရုမစိုက်ပါ။ လင်းချွမ်၏အမြင်ကိုသာ တွေးပါသည်။

ထို့နောက် လင်းချွမ်ကိုကြည့်၍

“ဒါနဲ့ ကျွန်မ မေးစရာရှိတယ်”

“မေးလေ”

“လီထုန်က သူလျှိုလုပ်ခဲ့မှန်း ဘယ်လိုသိတာလဲ”

ရှန်ချန်းချန်း သင်ယူလိုစိတ်အပြည့်ဖြင့် ကြည့်နေ၏။

လင်းချွမ် သူ့ဗိုက်ကိုပွတ်လျက်

“နေ့လယ်တောင် ရောက်နေပြီ။ ကျွန်တော် ဘာမှလည်း မစားရသေးဘူး”

ရှန်ချန်းချန်း နှာခေါင်းရှုံ့လိုက်သော်လည်း လင်းချွမ်အား ရဲစခန်းအနီးရှိ စားသောက်ဆိုင်သို့ ခေါ်သွားလေ၏။

“ဒါတွေပဲ အရင်ချပေးပါ။ ကျေးဇူးနော်”

လင်းချွမ် စားပွဲထိုးလေးအား မီနူးကဒ် ပြန်ပေးရင်း ပြောလိုက်သည်။

“အခု ပြောလို့ရပြီလား”

ရှန်ချန်းချန်း လင်းချွမ်နှင့် မျက်နှာချင်းဆိုင် ထိုင်နေ၏။

“ကျွန်တော်က မျက်နှာတွေ ဖတ်တတ်တယ်လေ”

လင်းချွမ် ထူးဆန်းသော အမူအရာဖြင့် ပြောသည်။

“မျက်နှာ ဖတ်တတ်တာလား”

ရှန်ချန်းချန်း လန့်သွား၏။

စိတ်သဘောတရားကို နားလည်တာလား။

ဘယ်လိုလုပ်ပြီး။

“ဟုတ်တယ်”

လင်းချွမ် ခေါင်းငြိမ့်ပြ၏။

“ဒီစကားက (၃) နှစ်ကလေးကိုပဲ အရူးလုပ်လို့ ရမယ်။ သိတယ်မလား။ အမှုကြီးရင် ကြီးသလောက် ရှင့်ကို ဖမ်းလို့ရတယ်နော်”

ရှန်ချန်းချန်း စနောက်သလိုလေး ပြောသည်။

“အမှုက ကြီးတယ်လို့ ဘာလို့ ထင်တာလဲ”

ရှန်ချန်းချန်း နှုတ်ခမ်းလေးများစူလျက်

“မျက်နှာဖတ်တတ်တယ်လို့ ပြောတာကိုး”

လင်းချွမ် ပြုံး၍

“အဲ့တာက ချန်းချန်း ထင်သလို မဟုတ်ပါဘူး”

ရှန်ချန်းချန်း လက်ပိုက်လျက် လင်းချွမ်အား စိုက်ကြည့်နေသည်။

လင်းချွမ် ပြန်ရှင်းပြ၏။

“ခေါင်းဆောင်လီရဲ့ အသားအရည်မှာ ခပ်ဝါဖျော့ဖျော့ ဖြစ်နေတာ တွေ့ရတယ်ဗျ”

“ဘယ်လို တွေ့တာလဲ”

“မျက်စိနဲ့ပေါ့”

“လိမ်နေပြန်ပြီ”

“ဟုတ်ပါပြီ။ အခု သေချာ ရှင်းပြမယ်နော်”

လင်းချွမ် ရယ်မောကာ

“လီထုန်ရဲ့ မျက်နှာအသားအရည်က ဝါတယ်။ လက်တွေလည်း ဝါတာပဲ။ သတိထားမိလား”

ရှန်ချန်းချန်း ခေါင်းငြိမ့်ပြ၍

“အင်း သိတယ်”

မှုခင်းစုံစမ်းရေး၌ တာဝန်ထမ်းဆောင်သူတိုင်း ထိုအသေးစိတ်ကို မြင်တတ်ပါသည်။

“အဲ့တာဆို အင်္ကျီလက်အောက်က အသားအရည်ရော တွေ့လိုက်လား။ ဘယ်လိုလဲ”

လင်းချွမ် စိတ်ရှည်ရှည် ပြောသည်။

All Chapters