အတွေးမတူဘူး
Vol. 33 Ch. 487
ရှန်ချန်းချန်း လီထုန့်အခြေအနေကို သဘောပေါက်လာ၏။ ထို့နောက် ခေါင်းငြိမ့်ပြကာ
“အင်း”
“အဲ့တော့ သူ့နဂိုအသားအရည်က အဝါရောင် မဟုတ်ဘူးပေါ့။ နေရောင်ခံလို့ ဖြစ်တာ မဟုတ်ဘဲလေ”
“အဲ့တာနဲ့ သူလျှိုလုပ်ဖူးတာ ဘာဆိုင်လို့လဲ”
ရှန်ချန်းချန်း စိတ်မရှည်တော့ပေ။ အလွန် သိချင်နေလေပြီ။
“အတွေ့အကြုံနဲ့ ဆိုင်တာပေါ့”
လင်းချွမ် ရယ်မော၍ ပေါ့ပါးစွာ ရှင်းပြသည်။
“မူးယစ်ဆေး ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်ကို သိရင် နံပါတ် (၂) မူးယစ်ဆေးမှာ အဓိက ဓာတုပစ္စည်းတစ်ခု လိုတာကို သိလိမ့်မယ်”
“ဘာလဲ”
ရှန်ချန်းချန်း မျက်လုံးလေးပြူးကာ စိတ်ဝင်တစား မေးလိုက်သည်။
“ဆိုဒီယမ်နိုက်ထရိုက်လေ”
လင်းချွမ် ဆက်ရှင်းပြ၏။
“အဲ့တာက အားပြင်းတဲ့ အောက်ဆီဂျင် ဓာတ်တိုးပစ္စည်းပဲ။ အဲ့တာကြောင့် အသားအရည် ယားယံ လောင်ကျွမ်းတာတွေ ဖြစ်စေနိုင်တယ်။ အဲ့လိုမျိုး အသားနဲ့ တိုက်ရိုက်ထိတွေ့တာဖြစ်ဖြစ်၊ အငွေ့တွေ အများကြီး ရှူမိရင်ဖြစ်ဖြစ် အသားအရည် ထိခိုက်တာ၊ မျက်လုံးနာတာ၊ အသက်ရှူကြပ်တာတွေ ဖြစ်တတ်တယ်”
ရှန်ချန်းချန်း ထိုအကြောင်း အနည်းငယ် သိပါသည်။
“အပူချိန်မြင့်တဲ့နေရာတွေမှာ တခြားလောင်စာနဲ့ ထိတဲ့အခါ လွယ်လွယ် ပေါက်ကွဲနိုင်သေးတယ်”
“ဟုတ်တယ်။ အဲ့တော့ လီထုန့်အရေပြားက အဝါရောင်က ဆိုဒီယမ်နိုက်ထရိုက်နဲ့ အချိန် တော်တော်ကြာအောင် ထိတွေ့ဖူးလို့ ဖြစ်လာတာ။ ကျွန်တော့်အထင် ပေါက်ကွဲမှု အသေးလေးတောင် ကြုံဖူးလောက်တယ်”
ရှန်ချန်းချန်း နားလည်လာ၏။
“အဲ့တာကြောင့်ကိုး”
လင်းချွမ် ရှင်းပြသည်မှာ အဓိပ္ပာယ်ရှိ၏။
နိုင်ငံတကာရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အရှေ့တောင်အာရှ၌ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ဖူးသူမှာ မည်သည့်အခြေအနေ၌ ဆိုဒီယမ်နိုက်ထရိုက်နှင့် မကြာခဏ ထိတွေ့နိုင်သနည်း။
သေချာပေါက် လေ့လာစမ်းသပ်ရေးပြုလုပ်သည့် ဓာတုဗေဒပညာရှင် ဖြစ်နိုင်သည်။
ထို့ကြောင့် ဆိုဒီယမ်နိုက်ထရိုက် မကြာခဏ သုံးရသော မူးယစ်ဆေး ထုတ်လုပ်ရေးတွင် ပါဝင်ခြင်းမှာ အဖြစ်နိုင်ဆုံးပင်။
ရှန်ချန်းချန်း တစ်ယောက်တည်း ဆက်တွေးနေမိသည်။
လီထုန်၏ ဆံပင်တိုကပ်ကပ်မှာလည်း လင်းချွမ် ခန့်မှန်းသည့် ပေါက်ကွဲမှုကြောင့် ဖြစ်နိုင်၏။
ရဲဝန်ထမ်းအလုပ်တွင် ဆံပင်အရှည် ထားခွင့်ပြုထားပြီး အလုပ်ချိန်တွင်တော့ စိတ်ရှင်းလင်းစေရန် စည်းနှောင်ထားရသည်။
လီထုန်နှင့် မတွေ့မီ ရှန်ချန်းချန်း သု့အချက်အလက်များ ကြိုကြည့်ထားစဉ်က ဆံပင်အတိုနှင့် မဟုတ်သေးပေ။
ထို့ကြောင့် လင်းချွမ်၏ မျက်နှာဖတ်ခြင်း ခန့်မှန်းမှု မှန်ကန်နိုင်သည်။
လင်းချွမ် ပြုံးလျက်
“အချက်အလက်တွေအားလုံး ပြန်ပေါင်းကြည့်လိုက်လေ”
ရှန်ချန်းချန်း သူ့ကိုငေးကြည့်၍
“ရှင် ဒါတွေ ဘယ်က တတ်လာတာလဲ”
လင်းချွမ် ရယ်မောရင်း
“ဟိုမှာ စားစရာတွေ လာချနေပြီ။ နေ့လယ်စာ အရင်စားကြတာပေါ့”
ထိုအရာများ မည်သို့ တတ်သနည်း။
သေချာပေါက် လေ့ကျင့်ခြင်းမှ ဖြစ်၏။
သို့သော် ရှန်ချန်းချန်းရှေ့တွင် လက်လွတ်စပယ် ပြော၍ မဖြစ်ပေ။
…
တစ်ဖက်တွင်။
လီထုန်နှင့် ချင်ယွန်းတို့ လျှို့ဝှက်ခန်းထဲမှ ထွက်ကာ အင်တာပို ယာယီဒေသခံဌာနသို့ ပြန်လာကြသည်။
အစက အန်လင်းရဲစခန်းတွင် ထိုရုံးမျိုး မရှိသော်လည်း ယခု အာရှအထွေထွေဗျူရိုမှ ဝန်ထမ်း (၂) ဦး လွှတ်ပေးလိုက်သောကြောင့် လီထုန်နှင့် ချင်ယွန်းအတွက် စီစဉ်ပေးရတော့သည်။
“ချင် လင်းချွမ်ကို ဘယ်လိုထင်လဲ”
လီထုန်မှ ရုံးခန်းထဲ ရောက်သောအခါ စားပွဲပေါ် ဖိုင်များ ချရင်း မေးလိုက်သည်။
ချင်ယွန်းမှာ လင်းချွမ်၏ စာဖတ်ပရိသတ် ဖြစ်သောကြောင့် အကောင်းတော့ မြင်နေမိသည်။
“လင်းချွမ်အကြည့်တွေက စူးရှတယ်။ မှုခင်း စစ်ဆေးရေးအတွက် လိုက်ဖက်တယ်လို့ ခံစားရတယ်”
လီထုန် ရယ်မောကာ
“သူ့အကြည့်တွေ စူးရှတာတော့ အမှန်ပဲ”
တစ်ချက်ကြည့်ရုံဖြင့် လင်းချွမ်မှာ သာမာန်မဟုတ်မှန်း သိသာပါသည်။
သူ့ကို သူလျှိုလုပ်ဖူးမှန်း ပြောနိုင်သည့်အပြင် မူးယစ်ဆေး ထုတ်လုပ်ရေးဌာန၌ ဖြစ်ကြောင်းပါ ခန့်မှန်းသေး၏။
ထိုသို့ သုံးသပ်စစ်ဆေးခြင်းမှာ ကမ္ဘာ့နာမည်ကြီး စုံထောက်များပင် အချိန်တိုအတွင်း မလုပ်ဆောင်နိုင်သော ကိစ္စဖြစ်ပါသည်။
လီထုန်လည်း အလွန် အံ့ဩသွားရ၏။
လင်းချွမ် မည်သို့ သိသွားသည်ကို နားမလည်နိုင်သေးပေ။
“တကယ် တော်လွန်းပါတယ်”
ချက်ချင်းပင် ချင်ယွန်းမှ
“ဒါပေမဲ့
“ဆက်ပြေလေ”
လီထုန် ပြုံး၍ ထောက်ပေး၏။
ချင်ယွန်း ခဏစဉ်းစားပြီးမှ
“ဒါပေမဲ့ သူ့ရည်ရွယ်ချက်က ကြီးလွန်းတယ်။ အရမ်း မျှော်လင့်နေသလိုပဲ”
“သူ မမှားပါဘူး။ သူက မှောင်ခို ဂိုဏ်းကြီး (၂) ခုလုံးကို တစ်ချက်တည်း ဆွဲချချင်နေတာလေ။ အရမ်း ရည်မှန်းချက်ကြီးတယ်။ ငါတောင် တစ်ခါမှ မတွေးဖူးဘူး။ ဆရာကျောက်လည်း ကြားရင် ခဏတော့ စွံ့အနေလောက်တယ်”
လီထုန်ကတော့ လင်းချွမ်အား သိပ်မတွေးထားပေ။
ထိုအချိန်တွင် မော်ဂန်နှင့် ပိုင်ရှန်တို့ကို ဖယ်ရှားရန် အချိန်ကိုက် မဟုတ်သေးပေ။
“ဆရာကျောက်ကို တင်ပြလိုက်ရတော့မလား”
ချင်ယွန်းမှ မေးသည်။
ဆရာကျောက်မှာ ကျန်မင်း မိတ်ဆွေ ကျောက်ဟိုင်ဖျင်ကို ဆိုလိုခြင်း ဖြစ်၏။
“အင်းပေါ့။ လင်းချွမ်ရဲ့ အကြံဉာဏ်ပဲလေ။ သူ့ကို ဂရုစိုက်ဖို့ မှာထားတယ်မလား”
ချင်ယွန်း ခေါင်းငြိမ့်ကာ ချက်ချင်း တက်ဘလက်ကို ထုတ်၍ ကျောက်ဟိုင်ဖျင်နှင့် ဗီဒီယိုကောလ် ခေါ်လိုက်သည်။
တီ တီ တီ…
ဖုန်းဝင်သွား၏။
ဖုန်းမျက်နှာပြင်တွင် ကျောက်ဟိုင်ဖျင်၏ လေးထောင့် မျက်နှာတစ်ခု ပေါ်လာသည်။
သူ့မျက်လုံးများမှာ စူးရှတောက်ပ၍ ဆံပင်ဖြူဖြူများ ထောင်နေပြီး ပြုံးရယ်နေသယောင် ရှိလေ၏။
ကျောက်ဟိုင်ဖျင်မှ
“ချင် ဘယ်လိုလဲ အခြေအနေ”
“ဟုတ်ကဲ့။ အဲ့တာ တင်ပြမလို့ပါ။ ယုချင်းနဲ့ ခရိုနေးတို့ ပတ်သက်နေတဲ့အမှုကို အကြမ်းဖျင်းတော့ လေ့လာပြီးပါပြီ။ အခု ဆက်စုံစမ်းနေတုန်းပါ။ ယုချင်းအမှုမှာ မော်ဂန်အုပ်စုအကြောင်း တော်တော်များများ သိလာရတယ်။ ခရိုနေးကတော့ အခုထိ ပါးစပ်ပိတ်နေတုန်းပါပဲ။ ဘာအရေးကြီး အချက်အလက်မှ မရသေးပါဘူး”
ချင်ယွန်း အခြေအနေအားလုံး ရှင်းပြလိုက်သည်။
ကျောက် ခဏစဉ်းစားပြီးနောက်
“အဲ့တော့ လင်းချွမ်က ယုချင်းနဲ့ ခရိုနေးကို ဆက်တိုက် ဖမ်းခဲ့တာပေါ့။ ငါ့မိတ်ဆွေ ပြောသလို တော်တော် ထက်မြက်တာလား”
လီထုန်နှင့် ချင်ယွန်းတို့ အချင်းချင်း ကြည့်မိကာ တိတ်ဆိတ်နေ၏။
ကျောက်ဟိုင်ဖျင် လီထုန်ကိုကြည့်ကာ
“လီ ပြောစရာ တစ်ခုခု ရှိနေလို့လား”
လီထုန် ပြုံးလျက်
“လင်းချွမ်က တော်တော့ တော်ပေမဲ့ သူ့ရဲ့ မော်ဂန်နဲ့ ပိုင်ရှန်အပေါ် အတွေးတွေက ကျွန်မတို့နဲ့ မတူဘူး ဖြစ်နေတယ်”
“မတူဘူးလား”
ကျောက်ဟိုင်ဖျင် နားမလည်နိုင်စွာ မျက်မှောင်ကြုတ်၍
“သူ ဝင်မပါချင်တာလား။ နောက်ဆုတ်တော့မှာလား”
“အဲ့လို မဟုတ်ဘူး”
လီထုန် ရယ်မောလျက်
“လင်းချွမ်က နောက်ဆုတ်ချင်တာ မဟုတ်ဘူး။ တစ်ခါတည်း အမြစ်ဖြတ်ချင်တာ”
ကျောက်ဟိုင်ဖျင် တုန်လှုပ်သွားသည်။
ဒါက ပုံမှန်အတွေးမှ မဟုတ်တာ။
“သူ တကယ် အဲ့လိုပြောတာလား”
လီထုန် ခေါင်းငြိမ့်လျက်
“တကယ်ပါ”
“လူငယ်တွေကတော့ အကြောက်အလန့်ကို မရှိဘူး”
သို့သော် ယုံကြည်ချက်ခိုင်မာခြင်းမှာလည်း အရေးကြီးပါသည်။
ကျောက်ဟိုင်ဖျင် သူ့ငယ်ဘဝကို ပြန်တွေးမိ၏။
လီထုန် သူ့ကိုကြည့်၍
“ဆရာကျောက် ဘယ်လိုမြင်လဲ”
ကျောက်ဟိုင်ဖျင် စားပွဲပေါ်မှ ရေနွေးကြမ်းအား တစ်ငုံသောက်ပြီး
“လမ်းကြောင်းကတော့ မှန်တယ်။ ငါတို့တွေးတာက နည်းနည်း ပိုကြာရုံပဲ”
ချင်ယွန်း စိတ်ဝင်တစား နားထောင်နေ၏။
လီထုန်မှာတော့ အတွေ့အကြုံရှိသူပီပီ သူ့စကားကို နားလည်သွားသည်။
“ဟုတ်ကဲ့ သိပါပြီ”
“ငါလည်း ဟန်မြစ်အပိုင်းက အကြီးအကဲကျုံနဲ့ ပြောထားလိုက်မယ်။ လီထုန် ခေါင်းဆောင်အနေနဲ့ ဒီတာဝန် စပါ။ လင်းချွမ်က လက်ထောက် ဖြစ်လိမ့်မယ်”