သူ့ကို ဖမ်းချင်တယ်
Vol. 33 Ch. 488
“ပြီးရင် ဘာဆက်လုပ်ရမလဲ”
လီထုန် ခဏစဉ်းစား၍ မေးလိုက်သည်။
သူ ကျောက်ဟိုင်ဖျင်ထံမှ ညွှန်ကြားချက် အတိအကျ လိုအပ်ပါသည်။
ကျောက်ဟိုင်ဖျင် ခဏငြိမ်နေပြီးနောက်
“အခုတော့ အရင်အစီအစဉ်အတိုင်း ဆက်သွားတာပေါ့။ လင်းချွမ်က ငါ ဟန်မြစ်အပိုင်း ရဲစခန်းနဲ့ ဆက်သွယ်ပြီးမှ ဆုံးဖြတ်မယ်”
“ကောင်းပါပြီ”
လီထုန် ခေါင်းငြိမ့်ပြလေသည်။
ဖုန်းချပြီးနောက် လီထုန် သက်ပြင်းလေး ချမိ၏။
“ဘာလို့လဲ”
ချင်ယွန်းမှ မေးလိုက်သည်။
“လင်းချွမ်က အရမ်းပိုနေတာလား။ ဒါမှမဟုတ် သူ့ကိုယ်သူ ဘာလုပ်နေမှန်းရော သိရဲ့လား”
ချင်ယွန်း မျက်မှောင်ကြုတ်ကာ
“ကျွန်တော်တော့ နှစ်ခုလုံး ထင်တယ်”
“ဟင်”
ချင်ယွန်းမှ ပြန်ရှင်းပြ၏။
“အစ်မလီက လင်းချွမ်ဝတ္ထုတွေ မဖတ်ဖူးတော့ သိမှာ မဟုတ်ဘူး။ ဝတ္ထုထဲမှာ အဓိကဇာတ်ကောင် မစ္စတာလင်းက ပြစ်မှုကျူးလွန်သူအနေနဲ့ ပါလေ့ရှိတယ်။ အဲ့တာကြောင့် သူ ဒီအကြောင်းတွေကို တော်တော် နားလည်ထားပုံပဲ။ သူ့ပရိသတ်တွေဆို တရားခံလင်းလို့တောင် နောက်ပြီး ခေါ်ကြတယ်”
လီထုန် ပို၍ မျက်မှောင်ကြုတ်သွားပြီး
“သူ့ဝတ္ထုတွေက လက်တွေ့လို ဖြစ်နေတာလား”
“ဟုတ်ပါတယ်”
ထိုစဉ် လီထုန် တစ်ခုခု တွေးမိကာ
“ခုနက တရားခံလို့ ပြောလိုက်တယ်နော်”
“အင်း ဘာလို့လဲ”
“စိတ်ဝင်စားစရာပဲ”
သူ ရယ်မော၍ ပြောလိုက်သည်။
ချင်ယွန်းလည်း သဘောပေါက်ကာ ရယ်မောမိ၏။
လီထုန်မှာ အတွေ့အကြုံများသော ရဲဝန်ထမ်း တစ်ဦးဖြစ်ပြီး အလုပ်စမလုပ်မီကပင် ပါရမီရှိကြောင်း နာမည်ရသူ ဖြစ်၏။
သို့သော် လင်းချွမ်မှ သူ သူလျှိုလုပ်ခဲ့ဖူးကြောင်းကို ပြောလာသောအခါ ပြိုင်ဆိုင်လိုစိတ် ပြင်းပြလာသည်။
ထို့ကြောင့် ဝတ္ထုများဖတ်ကာ လင်းချွမ်နောက်ကြောင်းကို စုံစမ်းရန် တွေးလိုက်၏။
သူ အလုပ်ပြီးသောအခါ လက်ဖက်ရည်တစ်ခွက် ငှဲ့သောက်ရင်း
“ချင် လင်းချွမ် ဘာစာအုပ်တွေ ရေးခဲ့တာလဲ”
ချင်ယွန်းလည်း အလုပ်ပြီးသလောက် ရှိပြီဖြစ်၍ လီထုန်အနား ရောက်လာကာ ညွှန်းပေးလေသည်။
“သူ့စာအုပ်တွေက အမျိုးအစားတော့ အစုံပဲ။ ဘယ်လိုအကြောင်း စိတ်ဝင်စားလဲ”
“ဘာအမျိုးအစားတွေ ရှိလို့လဲ”
ချင်ယွန်း ခဏစဉ်းစား၍ လက်ချောင်းများ ချိုးရင်း ပြောပြလေ၏။
“အင်း… သူခိုး၊ လူလိမ်၊ လုပ်ကြံသူ၊ ဟက်ကာ၊ ကျားဖြန့်၊ ရှေးဟောင်းပစ္စည်း အတုလုပ်ခြင်း…”
“နေပါဦး။ အဲ့လောက်တောင် များတာလား”
လီထုန် မျက်မှောင်ကြုတ်သွားသည်။
ချင်ယွန်း ခေါင်းငြိမ့်ပြ၏။
“စာအုပ်တိုင်းမှာ အလုပ်တစ်ခုကို သေချာရေးထားတာလား”
“ကျွန်တော် သိသလောက်နဲ့ဆိုရင်တော့ တကယ် သေချာ ရေးထားတာ။ ကျွမ်းကျင်အဆင့်ပဲ။ နောက်ပြီး ခုနက ပြောနေတာ ကျန်သေးတယ်။ သိုက်တူးသမား၊ မူးယစ်ဆေး ထုတ်လုပ်သူ၊ လက်နက် တပ်ဆင်ရေး၊ အခုနောက်ဆုံး ဝတ္ထုက ထိပ်တန်းအေးဂျင့်တဲ့”
လီထုန် ရှုံ့မဲ့သွားသည်။
သူ နားထောင်နေရင်းပင် လင်းချွမ်အပေါ် အမြင်ပြောင်းသွား၏။
“သူက တကယ် တစ်ခုခုပဲ”
ချင်ယွန်း ရယ်မောကာ
“တကယ် တစ်ခုခုပါပဲ။ သူသာ အမှုမှာ မပါနေရင် ဖမ်းလိုက်တော့မှာ။ တကယ့် ပြစ်မှုရတနာပဲ”
“ဟင်”
ချင်ယွန်း ရယ်မောကာ
“သူ့လိုလူမျိုးကို ခေါ်တာလေ။ ပြစ်မှုတစ်ခု စလိုက်တာနဲ့ အဆိုးဆုံးအထိ ရောက်နေတာ”
ချင်ယွန်း စနောက်သလို ပြောလိုက်၏။
“ဒီအမှုကနေ ငါလည်း ရာထူးတိုးနိုင်တာပေါ့”
လီထုန် ပျော်ရွှင်ကာ ရေရွတ်မိသည်။
“ဒါပေါ့”
ထို့နောက် ချင်ယွန်းမှ ဝတ္ထုဖတ်ရန် အသေးစိတ် ထပ်ရှင်းပြလေသည်။
“ထိပ်တန်းအေးဂျင့်ကို စဖတ်လိုက်မယ်။ အခုလက်ရှိ အခြေအနေနဲ့လည်း အနီးစပ်ဆုံးပဲ”
လီထုန် အလုပ်ပြီးသည်နှင့် ဖုန်းကိုယူ၍ လင်းချွမ်၏ ဝတ္ထုကို စဖတ်လေသည်။
“…”
အချိန်အနည်းငယ် အကြာ၌ပင် မျက်မှောင်ကြုတ်သွားမိသည်။
အေးဂျင့်နှင့် သူလျှိုမှာ ဆင်တူပါသည်။
ယခု လင်းချွမ်၏ဇာတ်ကောင်မှာလည်း လီထုန် ကြုံခဲ့ဖူးသည့် လက်တွေ့ကဲ့သို့ အတော်တူနေ၏။
“လင်းချွမ် ဒီလူ သာမာန် မဟုတ်ဘူးပဲ”
အစပိုင်း ဖတ်လိုက်ရုံဖြင့် မှတ်ချက်တန်းချနိုင်သည်။
ချင်ယွန်းမှာ နေ့လယ်စာ သွားစားနေသောကြောင့် အခန်းထဲ၌ တစ်ယောက်တည်း နစ်မျောကာ ဖတ်နေ၏။
(၁၀) မိနစ်။
(၃၀) မိနစ်။
(၂) နာရီ။
အချိန် (၂) နာရီခွဲမျှ ကြာသောအခါ ရဲယူနီဖောင်းနှင့် ချင်ယွန်း ပြန်ရောက်လာသည်။
သူ့ကို လှမ်းကြည့်၍
“အခုထိ ဖတ်နေတုန်းလား”
လီထုန် ဖုန်းပိတ်လိုက်ကာ
“ချင် လင်းချွမ် ရဲစခန်းမှာ ရှိသေးလား”
“အစောတည်းက ရဲမေရှန်နဲ့ ထွက်သွားတာပဲ။ ဘာလို့လဲ။ ကိစ္စရှိရင် အခု ဆက်သွယ်ပေးမယ်လေ”
လီထုန် ခဏစဉ်းစားကာ
“ငါ သူ့ကို ဖမ်းချင်တယ်”
“ဟင်”
ချင်ယွန်း မျက်လုံးပြူးသွား၏။
“ဘာလို့လဲ။ ကျွန်တော် နားမလည်ဘူး”
လီထုန် ရယ်မောကာ
“သူက တကယ့်အစစ်နဲ့ တူနေတယ်လေ”
“အစစ်နဲ့လား”
ချင်ယွန်းမှာ လီထုန်နှင့်ယှဉ်လျှင် အတွေ့အကြုံ ပိုနည်း၏။ သူလျှိုလုပ်ဖူးခြင်းလည်း မရှိသေးပေ။ ထို့ကြောင့် ဝတ္ထုဖတ်ရုံဖြင့် အတိုင်းအတာကို မခန့်မှန်းနိုင် ဖြစ်သည်။
“ဟုတ်တယ်။ တကယ် ကျွမ်းကျင်အဆင့်ပဲ။ အဲ့တာကြောင့် ဖမ်းချင်တာလေ”
“သူ ရိုးရိုးသားသား ရေးတာလည်း ဖြစ်နိုင်ပါတယ်”
“သိပါတယ်။ ဒါပေမဲ့ အမှုနဲ့ ဆိုင်နေတော့ သူ့ပြစ်မှုမှတ်တမ်းလို ထင်ရတယ်”
ချင်ယွန်း အားရပါးရ ရယ်မောလျက်
“အစ်မလီလည်း နောက်တတ်တာပဲ”
“နောက်တယ်တဲ့လား။ တကယ် ပြောနေတာလေ”
“ဒါကတော့ သူ့ကောမန့်တွေထဲမှာလည်း ပြောနေကျပဲ”
ချင်ယွန်း ရယ်မောကာ ပြော၏။
“လင်းချွမ်သာ ငါတို့တပ်ဖွဲ့ထဲ ဒါမှမဟုတ် ငါတို့ဘက်မှာ ရှိနေရင် မြေအောက် စုံစမ်းရေးမှာ အများကြီး တိုးတက်လာလိမ့်မယ်”
“အစ်မလီ တကယ် ပြောနေတာလား”
“တကယ်ပေါ့”
“ဒါပေမဲ့ ဥပဒေအရ မဖြစ်နိုင်ဘူးလေ။ လင်းချွမ်ကလည်း အမြဲငြင်းနေတာ။ အန်လင်းက အမြဲခေါ်သားပဲ။ မိုတုကလည်း ခေါ်ဖူးတယ်။ အဲ့တာလည်း ငြင်းလိုက်တာ”
“အဲ့တာ တောင်းဆိုတဲ့သူ များလို့ပေါ့။ သူ့သရုပ်မှန်သာ စစ်ဆေးပြီးရင် အဆင်ပြေပြီ။ ဥပဒေကတော့ နည်းနည်း အလျှော့အတင်း လုပ်ရမှာပေါ့”
ယခုတစ်ခါတွင်တော့ ချင်ယွန်း အံ့ဩသွား၏။
“သူ့ကို အင်တာပိုမှာ သင်တန်း ပေးခိုင်းမလို့လား”
လီထုန် ရယ်မောလျက်
“အဲ့တာတော့ သူ့အပြုအမူပေါ် မူတည်တယ်”
“အစ်မလီ သူ့ရဲ့ တခြားစာအုပ်တွေဖတ်ရင် ထပ်တွေ့လိမ့်မယ်”
လီထုန် စိတ်ဝင်စားစွာဖြင့်
“ကျွမ်းကျင်လှသော လုပ်ကြံသူအား ထပ်ဖတ်ပြန်သည်။
(၁) နာရီ။
(၂) နာရီ။
(၃) နာရီ။
ညနေ (၅:၃၀) သည်အထိ ဝတ္ထုထဲ မျောနေဆဲပင်။
သူ ခပ်မြန်မြန်နှင့် ဂရုတစိုက် ဖတ်၏။
“အစ်မလီ တစ်ခုခု သွားစားကြမလား”
ချင်ယွန်း လှမ်းသတိပေးလိုက်၏။
“စားတာလား”
လီထုန် မော့ကြည့်၍ ထိုအခါမှ သတိပြန်ဝင်လာသည်။
“အန်လင်းမှာဆိုတော့ ခဏနေ မှောင်တော့မှာ”
“အင်း အင်း”
လီထုန် ချက်ချင်း သဘောတူလိုက်ပြီးမှ မျက်လုံးအရောင်လေး လက်ကာ
“ချင် ဒီည လင်းချွမ်နဲ့ ညစာအတူစားဖို့ စီစဉ်ပေးပါ။ ညစာလိုက်ကျွေးချင်တယ်လို့”